ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း အပိုင်း (၃)

ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း အပိုင်း ၁ နဲ့ ၂ တွင် ဦးကျော်လင်းဦးနဲ့ နိုင်ငံရေးနဲ့ ပတ်သက်လာမှု၊ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ဦးကျော်လင်းဦးရဲ့အမြင် စသည်ဖြင့် ဖော်ပြခဲ့ပြီးတဲ့နောက် အခု ဆက်လက် ဖော်ပြမယ့် အပိုင်း ၃ မှာတော့ လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်ထဲမှာ ကြုံတွေ့နေရတာတွေ၊ ရင်ဆိုင်ရလာနိုင်တဲ့ အခက်အခဲများနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာတွေကို ဖော်ပြထားပါတယ်။

၇) မြန်မာပြည်မှာ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဖွဲ့ခဲ့ပါတယ်။ ဒီ ကော်မရှင်ဟာ သမ္မတက ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် ဗဟိုအဖွဲ့အစည်း မဟုတ်ကြောင်း၊ ဒါ့ကြောင့် အသုံးစရိတ် ခွင့်မပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီက်စ္စနဲ့ ပတ်သက်တဲ့ ဦးကျော်လင်းဦးရဲ့အမြင်ကို သိပါရစေ။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကိစ္စက အခု လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး တိုးတက်မှုတွေထဲက ထင်ရှားတဲ့ ဖြစ်ရပ် ပါ။ အဓိက က လက်ရှိနိုင်ငံရေး စနစ်မှာ အာဏာကြီး ၃ ရပ် ခွဲဝေကျင့်သုံးပြီး အာဏာမဏ္ဍိုင် တခုနဲ့တခု က အပြန်အလှန် ထိန်းညှိ၊ ထိန်းကျောင်းတဲ့စနစ်နဲ့ သွားနေရပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေး အာဏာကိုကျင့်သုံးတဲ့ အစိုးရအဖွဲ့က တချို့ကိစ္စတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဌာန်းထားတဲ့အတိုင်း မကျင့်သုံးပဲနဲ့ အခြေခံဥပဒေရဲ့အပြင်ဘက်ကို ရောက်နေတဲ့ လုပ်ဆောင်ချက်တွေ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ ရှိခဲ့ပါတယ်။ အဲဒီအထဲက တခုက အခု ပြောတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးတဲ့ ကိစ္စ ပါ။ တကယ်ဆိုယင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးပြီးတာနဲ့ လွှတ်တော်ကို ပြန်လည် တင်ပြပြီး အတည်ပြုချက် ရယူရမှာ ဖြစ်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးအမိန့်နဲ့ ဖွဲ့စည်းပြီးတဲ့နောက် လွှတ်တော်ကို ပြန်လည် တင်ပြပြီး အတည်ပြုချက် မရယူခဲ့ဘူး။ ဒါကြောင့် ဒီအဖွဲ့ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းလို့ လွှတ်တော်ဘက်က မသတ်မှတ်နိုင်ဘူး ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။

၈) ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုင်ကြတဲ့အခါ အစိုးရအဖွဲ့ကနေ အောက်ခြေ ပြည်သူအထိ ပြောင်းလဲမှု လုပ်တာမျိုး၊ အောက်ခြေ ပြည်သူတွေကနေ အစိုးရကို ပြောင်းလဲအောင် လုပ်ကြတာမျိုး၊ နောက်တခါ အစိုးရနဲ့ ပြည်သူတွေရဲ့ဘ၀ ပြောင်းလဲမှုကို လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ပြီး ပြောင်းလဲကြတာမျိုးတွေ ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဘယ်လို ပြောင်းလဲမှုမျိုးက အသင့်တော်ဆုံးလို့ ဦးကျော်လင်းဦး ထင်မြင်ယူဆပါသလဲ။

အဲဒီကိစ္စကတော့ လက်ရှိအခြေအနေအောက်မှာ အပြောင်းအလဲတွေ အကြောင်းပြောတဲ့အခါတိုင်း ကျနော်တို့ လတ်တလော တွေ့ကြုံနေရတဲ့ ကိစ္စပါ ပဲ။ လောလောက်ဆယ် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင် ဖြစ်ပေါ် နေပါပြီလို့ ယုံကြည်လက်ခံနေသူတွေရှိသလို၊ အပြောင်းအလဲတွေ မဖြစ်သေးပါဘူးကွာ၊ တကယ်လို့ အပြောင်းအလဲတွေ ဖြစ်ယင် ကုန်ဈေးနှုန်းတွေကျရမှာ ပေါ့၊ စာဝတ်နေရေးပြေလည်ရမှာ ပေါ့၊ ဘတ်စ်ကားတွေ ချောင်ချောင်ချိချိနဲ့ စီးနိုင်ရမှာ ပေါ့၊ ၀န်ထမ်းတွေ လစာတိုးရမှာ ပေါ့ ဆိုတဲ့ ပြည်သူလူထုရဲ့ နေ့စဉ် လူမှုဘ၀တွေနဲ့ ဆက်စပ် စဉ်းစားတဲ့သူတွေလဲ မနည်းပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော့် ကိုယ်တွေ့ အတွေ့အကြုံလေး တခု ပြောပြမယ်။ ကျနော် သူငယ်ချင်းတယောက်ရဲ့ အမေနဲ့ စကားပြောရင်း နိုင်ငံရေး အပြောင်းအလဲတွေ ကိစ္စကို ပြောဖြစ်သွားပါတယ်။ အဲဒီတုန်းက ကျနော်သူငယ်ချင်းက ထောင်ကျနေဆဲ ရှိပါသေးတယ်။ အခုတော့ ပြီးခဲ့တဲ့ နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပါပြီ။ အဲဒီလို အပြောင်းအလဲတွေ ဖြစ်နေပြီလားဆိုတဲ့ အကြောင်း ကျနော်တို့ ပြောတဲ့အခါ ကျနော့်သူငယ်ချင်းအမေက ခါးခါးသီးသီး ငြင်းပါတယ်၊ လုံးဝ မပြောင်းသေးပါဘူး တဲ့၊ တကယ် ပြောင်းတယ်ဆိုယင် သူ့သား အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန် လွှတ်ပေးရမှာပေါ့ တဲ့။ ကျနော်အမြင်အရ ပြောယင် ကျနော့်သူငယ်ချင်းရဲ့ အမေပြောတာဟာ ယထာဘူတ ကျတယ်။ သူ့အနေနဲ့ အပြောင်းအလဲဖြစ်တယ် မဖြစ်ဘူးဆိုတာကို သူ့သား လွတ်မလွတ်နဲ့ ချိန်းထိုး စဉ်းစားမိမှာပဲ။

ဒီလိုပဲ ဈေးထဲမှာ နေ့ပြန်တိုးနဲ့ ဈေးရောင်းနေသူကလဲ သူ့ရဲ့ စီးပွားရေး အကျပ်အတည်းက မလွတ်မချင်း ပြောင်းလဲနေတယ်လို့ ယုံနိုင်မှာ မဟုတ်ဘူး။ သမဂ္ဂအဖွဲ့အစည်းတွေ ဖွဲ့ချင်နေသူတွေကလဲ သမဂ္ဂတွေ ဖွဲ့စည်းခွင့် မရမချင်း ပြောင်းလဲနေပါတယ်လို့ပြောရင် လက်ခံမှာ မဟုတ်ပါဘူး။ အစိုးရ ရုံးတွေကို ၀င်သွားတဲ့ အခါ ရုံး ဒါလ၀မ်ကနေ အရာရှိအထိကနေ အော်ဟောက် ဆူဆဲတာ ခံနေရတဲ့ ပြည်သူလူထုကတော့ ပြောင်းနေတယ် ဆိုတာ ပြောယင် ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ပြောနေတဲ့ အပြောင်းအလဲဆိုတာဟာ အခု စတင်နေတဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေကနေ ဒီအရှိန်အဟုန်အတိုင်း ဆက်သွားနိုင်ယင် တချိန်ချိန်မှာ လွတ်လပ်စွာ၊ စည်းရုံး၊ လှုံ့ဆော်ခွင့်၊ လွတ်လပ်စွာ ၀မ်းစာ ရှာဖွေ အသက်မွေးခွင့်၊ စာပေရေးသားခွင့် စတာတွေ ခံစား ရလာနိုင်ပါတယ်။ အဲဒီအချိန်ကို အမြန်ဆုံးရောက်ဖို့တော့ လိုပါတယ်။

၉) လက်ရှိ မြန်မာအစိုးရတာဝန်ရှိသူတွေဟာ စစ်တပ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းလာခဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အမိန့်နာခံဖို့ကိုသာ အလေးပေး လေ့ကျင့်ပေးတဲ့ဌာနတခု ဖြစ်တယ်လို့ နားလည်ထားပါတယ်။ ဒီတော့ မတူကွဲပြားတဲ့အမြင်တွေကို နားလည် လက်ခံတတ်တဲ့ စနစ်၊ အပြန်အလှန် လေးစားတတ်တဲ့ အမူအကျင့်တွေကို မြန်မာစစ်ဗိုလ်တွေ၊ စစ်ဗိုလ်ဟောင်းတွေ သိရှိ နားလည် ကျင့်သုံးတတ်အောင် အချိန် ဘယ်လောက် လိုမယ်လို့ ယူဆပါသလဲ။ မြန်မာအာဏာပိုင်တွေထဲမှာ မတူကွဲပြားတဲ့အမြင်တွေကို နားလည် ဘဘောပေါက်သူတွေ ရှိနေလိမ့်မယ်လို့ ထင်ပါသလား။

စစ်တပ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းလာတဲ့သူတွေဟာ အုပ်ချုပ်ရေး အာဏာကို ချုပ်ကိုင်ထားတဲ့ အစိုးရ အဖွဲ့အစည်းထဲတွင် ရှိတာ မဟုတ်ပါဘူး။ အစိုးရက ထိန်းချုပ် မောင်နှင်ရမယ့် ဗျူရိုကရေစီ ယန္တယားထဲမှာပါ တည်ရှိနေတဲ့အတွက် လက်ရှိ အစိုးရဟာ နာမည်မပျက်သင့်ပဲ ပျက်နေရတာတွေ ရှိပါတယ်။

အကြမ်းအားဖြင့်ပြောရရင် စစ်သားတွေ ဘောင်းဘီချွတ်ပြီး ပါတီထောင် နိုင်ငံရေးလုပ်တာကို ကျနော် ကြိုက်ပါတယ်။ နိုင်ငံရေးထဲမှာ စစ်သားအဖြစ် မဟုတ်ပဲ အရပ်သားတယောက်အဖြစ် ရွေးကောက်ပွဲ ၀င်၊ ရွေးချယ်ခံရလို့ သမ္မတ၊ ၀န်ကြီးချုပ်တွေ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ တခြားတိုင်းပြည်တွေမှာလဲ ရှိခဲ့တာမို့လို့ ဒါဟာ စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရရဲ့ ဗျူရိုကရေစီယန္တယားထဲမှာ ကျွမ်းကျင်သူတွေမဟုတ်ပဲ စစ်ဗိုလ်စစ်သားတွေက အစိုးရဌာနတွေရဲ့ ထိပ်ပိုင်းနေရာတွေကို ၀င်ရောက် နေရာယူ လာတာကတော့ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးကို ထိခိုက်စေပါတယ်။

ဒါပေမယ့် အခုအချိန်မှာ ပြည်သူလူထုရဲ့ သဘောထားအမြင်တွေဟာ သူတို့အပေါ် ကောင်းဖို့လိုအပ်တယ်ဆို လက်ခံလာတဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်ဗိုလ် စစ်သားတွေ ရှိလာသလို၊ ဒီလို ခံယူလာတဲ့ တခြား အရပ်ဘက်ဌာနတွေက အငြိမ်းစား စစ်ဗိုလ်တွေမှာလဲ ဒီလို ခံယူချက်တွေ ရှိလာတာ တွေ့ရပါတယ်။ ဒါက ကောင်းတဲ့အလားအလာ ပါ။ ဒါပေမယ့် အဲဒီလို အပြန်အလှန် လေးစားပြီး ချောမွေ့တဲ့ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးမျိုး ပေါ်ပေါက်လာအောင် အချိန်တော့ ယူရလိမ့်ဦးမယ် ထင်ပါတယ်။
ဆက်သွယ် မေးမြန်းခြင်း - ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း - Apr 12 2012 04:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005