ထိုင်းနိုင်ငံ ဓမ္မဒူတ ခရီးစဉ်နဲ့ လက်ရှိ သီတင်းသုံး နေထိုင်ရတဲ့ အခြေအနေအကြောင်း ရွှေည၀ါဆရာတော်နဲ့ ဆက်သွယ်မေးမြန်းချက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် တောရဆောက်တည် သီတင်းသုံးလျက်ရှိတဲ့ ရွှေည၀ါဆရာတော်ဟာ ၂၀၁၂ ဧပြီ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း ဓမ္မဒူတခရီး ကြွချီတော်မူမှာ ဖြစ်ကာ ကန်ချနပူရီ၊ မဟာချိုင်နဲ့ ဖူးခက်မြို့များတွင် တရားပွဲများ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ ထို ခရီးစဉ်အတွင်း ဧပြီ ၁၁ ရက်နေ့ညတွင် ကန်ချနပူရီ၊ ဧပြီ ၁၂ ရက်နေ့ညတွင် မဟာချိန်၊ ဧပြီ ၁၃ ရက်နေ့ညတွင် ကန်ချနပူရီ၊ ဧပြီ ၁၄ ရက်နေ့ညတွင် စိန်ထောင် (မဟာချိုင်)၊ ဧပြီ ၁၅ ရက်နေ့ ညနေ ၃ နာရီတွင် ABAC ၊ ညပိုင်းတွင် နေ၀ပ် (မဟာချိုင်) ၊ ဧပြီ ၁၆ ရက်နေ့ညတွင် မဟာချိုင် တလကွန်း (သဟပုညကာရီအသင်း) ၊ ဧပြီ ၁၇ ရက်နေ့ညတွင် မဟာချိုင် ၀ပ်ကေတုန်နဲ့ ဧပြီ ၁၉ ရက်နေ့ညတွင် ဖူးခက်မြို့များ၌ တရားပွဲများ ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ မြန်မာအာဏာပိုင်များရဲ့ မတရား အမိန့်အာဏာကြောင့် ရွှေည၀ါဆရာတော်ဟာ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ဗုဒ္ဓတက္ကသိုလ်မှ ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် နောက်လိုက်သံဃာများနဲ့အတူ လက်ရှိ သတင်းသုံးရာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကို ထွက်ခွာသွားခဲ့ပါတယ်။ထိုင်းနိုင်ငံ ခရီးစဉ်၊ လက်ရှိ သတင်းသုံးနေထိုင်ရာ အရပ်၊ အာဏာပိုင်များရဲ့ ဖိအားပေးခံခဲ့ရမှုတို့နဲ့ ပတ်သက်ပြီး ၂၀၁၂ ဧပြီ ၁၁ ရက်နေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းက ရွှေည၀ါဆရာတော်ကို ယနေ့မြန်မာ အယ်ဒီတာ ဦးမြင့်လှိုင်က အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ယနေ့မြန်မာ - ပထမဆုံးအနေနဲ့ ထိုင်း ခရီးစဉ် စီစဉ် ဖြစ်ရတဲ့အကြောင်း ရှင်းပြပေးစေလိုပါတယ် ဘုရား။

ရွှေည၀ါ ဆရာတော် - ဒီ ခရီးစဉ်က ဘုန်းကြီး ကြွနေကျပါ။ သင်္ကြန်ကာလရောက်ရင် ဒီက မြန်မာ တကာ တကာမတွေက တရားပွဲ ပင့်နေကျ လေ။ ၆ နှစ်၊ ၇ နှစ်လောက် ရှိပြီ။ အဲဒါ ဒီရက်ရောက်ရင် အမြဲတမ်း ကြွတယ် ပေါ့။ သင်္ကြန်ပြီးရင်တော့ ရန်ကုန်ကို ပြန် ကြွတယ် ပေါ့။ ဒီနေ့ (ဧပြီ ၁၁ ရက်) ကစပြီး ၁၉ ရက်နေ့လောက်အထိ နေ့တိုင်း၊ ညတိုင်း တရားပွဲ ရှိတယ်။ ထိုင်နိုင်ငံ အနှံ့အပြား ပေါ့။

ယနေ့မြန်မာ - ဘုန်းဘုန်း လက်ရှိ သီတင်းသုံးတဲ့ အရပ်၊ လက်ရှိ သီတင်းသုံးနေထိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တပည့်တော်တို့ကို ရှင်းလင်း ပြောပြပေးစေလိုပါတယ် ဘုရား။

ရွှေည၀ါ ဆရာတော် - မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု၊ ဘုရားလမ်း၊ ရွှေည၀ါ တောရကျောင်းမှာ သီတင်းသုံးနေပါတယ်။ (ကျောင်းတည်ဆောက်ဖို့ စာသင်များနဲ့ ပတ်သက်လို့တော့) အစီအစဉ်တွေ ရှိပါတယ်။ ဘီကျူ (BQ) တွေလည်း ဆွဲပြီးပါပြီ။ သိန်းပေါင်း တသောင်းခွဲလောက် အကုန်ခံပြီးတော့ အသစ် ပြန်လည် ထူထောင်မှာပါ။ အခုလောလောဆယ် ဘုန်းကြီး မိုးမကျမီ နေဖို့အတွက် ပေ ၂၀၊ ပေ ၅၀ တိုက်ကျောင်းတဆောင် ဆောက်နေတာ သုံးချိုး နှစ်ချိုး ပြီးပါပြီ။ လေးလပိုင်းကုန်၊ ငါးလပိုင်း ပထမပတ်မှာ အားလုံး ပြီးမှာပါ။ အခုတော့ ၀ါးကျောင်းပေါ်မှာပဲ နေနေရတာပေါ့။ ခြံအကျယ်က ငါးဧက ရှိပါတယ်။ ဘုန်းကြီး ရဟန်းတကာများက ၀ယ်ပြီး လှူတာပါ။ သိန်း ၅၀၀ ပေးရတယ်။ သာသနာ့မြေ ဂရံကျဖို့ကတော့ လျှောက်ထားဖို့ လုပ်ထားပါတယ်။ ဒါက နည်းနည်းခက်တယ်၊ ကျုပ်တို့ တိုင်းပြည်မှာ။ အင်္ဂလိပ်လက်ထက်က သာသနာ့မြေ ဂရံချပေးတာ လွယ်တာ လေ။ ဒီ အစိုးရတွေ လက်ထက် တောက်လျောက်မှာ သာသနာ့မြေဂရံကျဖို့ဆိုတာ အရင်လက်ထက်တွေကတော့ ပိုက်ဆံတွေ ထောင်နဲ့ချီ ကုန်တယ် လေ။ အခုတော့ ဘယ်လိုဖြစ်မယ်မှန်းတော့ မသိဘူး။ လျှောက်ဆိုတော့ လျှောက်လိုက်တာ၊ ကျတာ မကျရတာကတော့ သူ့အပိုင်း ပေါ့။ မှော်ဘီမြို့နယ် သံဃမဟာနာယက ထောက်ခံချက်နဲ့ ကျောင်းအမည် ပေါက်သွားပြီ ၀ါဆိုစာရင်း ၀င်သွားပြီဆို သာသနာပြုလုပ်ငန်းတွေ ဆက် လုပ်လို့ ရပါတယ်။

ယနေ့မြန်မာ - ဘုန်းဘုန်း သီတင်းသုံး နေထိုင်တဲ့အပေါ်မှာ မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ ဘုရား။

ရွှေည၀ါ ဆရာတော် - အရမ်း ကောင်းပါတယ်။ ၀မ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အာဏာပိုင် အဖွဲ့အစည်းကတော့ ပေကပ်ကပ် သဘော ရှိတာပေါ့။ ဒါကတော့ ကျုပ်အနေနဲ့က ရောက်တဲ့နေရာ ဘယ်တော့မှ အာဏာပိုင်အဖွဲ့အစည်းနဲ့ ကျုပ်နဲ့က တဇောင်းစေးနဲ့ မျက်ချေးပဲ လေ။

ယနေ့မြန်မာ - ဘုန်းဘုန်း မှော်ဘီကို ပြောင်းပြီး သီတင်းမသုံးမီလေးမှာ ဒယ်အိုးဆရာတော်က ဘုန်းဘုန်းနဲ့ ပတ်သက်ပြီး မိန့်ကြားတော့ ဒယ်အိုးဆရာတော်ကို တရားဟောခွင့် ပိတ်တဲ့သတင်းတွေ ကြားပါတယ် ဘုရား။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မိန့်လိုပါသလဲ ဘုရား။

ရွှေည၀ါ ဆရာတော် - ဒယ်အိုးဆရာတော်လည်းပဲ တနှစ် အပိတ်ခံရတယ် လေ။ သူလည်းပဲ ကျုပ်လိုပဲ ပေါ့။ သူနဲ့ ကျုပ်နဲ့က ညီအစ်ကိုလို ပေါင်းသင်းပြီး အမျိုးသား အကျိုးစီးပွားတွေကို ဆောင်ရွက်ဖို့ စီမံကိန်းတွေ ချလိုက်တဲ့အခါမှာ ကြားက ဖြတ်ပြီး နှစ်ပါးစလုံးကို ပိတ်ပင်လိုက်တဲ့ သဘောပါ ပဲ။ ကျုပ်တို့ တိုင်းပြည်မှာ အမျိုးသား အကျိုးစီးပွား အခင်းအကျင်းတွေက လိုအပ်တယ် လေ။ ကျုပ်တို့အနေနဲ့ ရဟန်းဘ၀ဆိုတော့ လုပ်ရကိုင်ရတာ တွင်ကျယ် ထိရောက်တယ်။ အဲဒီလို လုပ်ဖို့ တရားဓမ္မတွေ ဟောပြော၊ ရလာတဲ့ ဓမ္မပူဇာတွေနဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်တာတွေကို သူတို့က သိတ် မကျေနပ်ဘူး ပေါ့။ ကျုပ်တို့ လက်ထဲ၊ ဒယ်အိုးတို့လက်ထဲ ပိုက်ဆံ ပျောက်သွားအောင် တရားပွဲ ပိတ်လိုက်တာ၊ ဒါ ရိုးရိုးလေး ပါ။

ယနေ့မြန်မာ - နိဂုံးချုပ်အနေနဲ့ ဒါယိကာ ဒါယိကာမတွေကို ဘယ်လို မိန့်လိုပါသလဲ ဘုရား။

ရွှေည၀ါ ဆရာတော် - မြန်မာပြည်မှာ လတ်တလော အခြေအနေအရ နိုင်ငံရေး အခင်းအကျင်း မဆိုးပါဘူး။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအသွင်လည်းပဲ မဆိုးတာတွေ ရှိလာပါတယ်။ ဒါပေမယ့် ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားတယ်လို့ ကျုပ်တို့တိုင်းပြည်ကို ကမ္ဘာက အသိအမှတ်ပြုထားပေမယ့် တကယ်တမ်းကျတော့ ဘာသာရေး အခင်းအကျင်းက ညံ့ဖျင်းနေပါသေးတယ်လို့ပဲ အားလုံးကို ပြောလိုက်ပါတယ် နော်။

အခု ဖော်ပြထားတာတွေကတော့ ထိုင်းနိုင်ငံကို ခေတ္တ ရောက်ရှိနေတဲ့ ရွှေည၀ါဆရာတော်အား ယနေ့မြန်မာ အယ်ဒီတာ ဦးမြင့်လှိုင်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ အခု သတင်းနဲ့အတူ ရွှေည၀ါဆရာတော် သီတင်းသုံးနေထိုင်တဲ့ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု၊ ဘုရားလမ်း၊ ရွှေည၀ါ တောရကျောင်းက ဓါတ်ပုံများကိုလည်း ဖော်ပြလိုက်ပါတယ်။

သတင်း - ရွှေည၀ါ ဆရာတော် - Apr 11 2012 09:24 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005