ဦးခင်ညွန့်ရဲ့ ဘန်ကောက်ပို့စ်သတင်းကိစ္စ မြန်မာအစိုးရက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

https://www.facebook.com/7daynews

ဇန်န၀ါရီလအတွင်းက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ မြန်မာ ထောက်လှမ်းရေး အကြီးအကဲ၊ မြန်မာဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ၂၀၀၃ မေ ၃၀ ရက် ဒီပဲယင်းလူသတ်ပွဲနဲ့ ပတ်သက်ပြီး ဘန်ကောက်ပို့စ် သတင်းစာအား “သူ့အနေနဲ့ သူ့ရဲဘော်တွေကို စေလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်အား အနီးက ယာယီတပ်စခန်းဆီ ခေါ်ဆောင်ခဲ့ကြောင်း” ပြောကြားချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၂ ဧပြီ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ ဆရာစံလမ်းရှိ ပြည်ထဲရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့ပါတယ်။

ထို သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ ဒု တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက “ဘန်ကောက်ပို့စ် သတင်းစာပါ သတင်းနဲ့ ပတ်သက်ပြီး ဦးခင်ညွန့်အား ဧပြီ ၉ ရက်နေ့က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း၊ ထိုနေ့ဟာ ဦးခင်ညွန့်ရဲ့ ရဟန်းခံ ရှင်ပြု ဒုလ္လဘရဟန်းဝတ်တဲ့ နေ့ဖြစ်ကြောင်း၊ ထိုသို့ မေးမြန်းစဉ် ဦးခင်ညွန့်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပြည်တွင်းမီဒီယာများကိုသာ အဓိကထား တွေ့ဆုံကြောင်း၊ ပြည်ပမီဒီယာနဲ့ တွေ့ဆုံမှု မပြုခဲ့ကြောင်း၊ ဘန်ကောက်ပို့စ် သတင်းဟာ မှန်ကန်မှု မရှိကြောင်း၊ သူ ပြောဆိုတာ မဟုတ်ကြောင်း“ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဗိုလ်ချုပ်ခင်ညွန့်အား မီဒီယာများနဲ့ တွေ့ဆုံရန် စီစဉ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က “ဦးခင်ညွန့်ဟာ ပြည်ပမီဒီယာနဲ့ တွေ့ဆုံခြင်း မရှိကြောင်း၊ ဧပြီ ၁ ရက်နေ့ဟာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ရက်ဖြစ်ပြီး ဘယ် သတင်းထောက်နဲ့မှ တွေ့ဆုံခြင်း မရှိကြောင်း၊ ဦးခင်ညွန့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းကိစ္စမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြောသွားတာ မရှိဘူးလို့ ကောက်ချက်ချလို့ရကြောင်း“ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီသတင်းမှာတော့ ဘန်ကောက်ပို့စ် သတင်းစာက ဦးခင်ညွန့်နဲ့ အမှန်တကယ် တွေ့ဆုံမေးမြန်းမှု ပြုခဲ့ကြောင်း၊ သတင်းရေးသားသူ ကိုမြင့်ရွှေကိုယ်တိုင် ဦးခင်ညွန့်နဲ့ အတူတွဲကာ ဓါတ်ပုံ ရိုက်ခဲ့သေးကြောင်း ဧရာဝတီကို အခိုင်အမာ ပြောဆိုတယ်လို့ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဦးခင်ညွန့်က ကယ်ထုတ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ လူအများ စိတ်ဝင်စားတဲ့ သတင်းဖြစ်ပြီး အချို့က ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ကြသလို အချို့ကလည်း မဖြစ်နိုင်ဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဧရာဝတီသတင်းမှာတော့ ဒီပဲယင်းလုပ်ကြံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့တယ်လို့ ဦးခင်ညွန့် ပြောဆိုခဲ့မှုဟာ ကြပ်ပြေးနေပြည်တော်အစိုးရအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ဦးခင်ညွန့်ကို ပြန်လည် ဖမ်းဆီးနိုင်တယ်လို့ သတင်းများ ထွက်ပေါ်နေတယ်လို့ ရေးထားပါတယ်။

ဒီ ဖြစ်စဉ်မှာ ထူးခြားတာကတော့ ဦးခင်ညွန့်က ဘန်ကောက်ပို့စ်သတင်းစာကို ပြောကြားခဲ့တယ်ဆိုတဲ့ သတင်း အချက်အလက်များနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ သို့သော် ဦးခင်ညွန့် ပြောစကားနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြဆိုကြတဲ့ အချက်များအနက် ဦးခင်ညွန့်က ပြည်ပမီဒီယာနဲ့ မတွေ့ဘူး ဆိုတဲ့ အချက်နဲ့ ဧပြီ ၁ ရက်နေ့တွင် ဦးခင်ညွန့် သတင်းထောက်နဲ့ မတွေ့ဘူးဆိုတဲ့ အချက်တို့ကတော့ အနည်းငယ် မရှင်းမရှင်း ဖြစ်နေသလိုပါပဲ။ ဧရာဝတီက ဦးခင်ညွန့်ဟာ ဘန်ကောက်ပို့စ်သတင်းစာအတွက် သတင်းရေးသားသူ ကိုမြင့်ရွှေနဲ့ တွေ့ခဲ့တယ်လို့ ရေးသားထားလေတော့ ကိုမြင့်ရွှေက ဘန်ကောက်ပို့စ် ကိုယ်စား ဦးခင်ညွန့်ကို မေးခဲ့လေသလား၊ သို့တည်းမဟုတ် ဦးခင်ညွန့်ကပဲ ကိုမြင့်ရွှေကို ဘန်ကောက်ပို့စ်နဲ့ ပတ်သက်မှန်း မသိဘဲ တစုံတရာ ပြောခဲ့လေသလားဆိုတာကတော့ နည်းနည်းလေး သံသယ ဖြစ်စရာ ကောင်းနေမလားလို့ ထင်မြင်မိပါတယ်။ သို့သော်လည်း မြန်မာအာဏာပိုင်တွေရဲ့ သတင်းစာရှင်းလင်းပွဲက ပြောပြလိုတဲ့ အချက်များကတော့ ဦးခင်ညွန့်ဟာ ပြည်ပမီဒီယာကို မတွေ့ကြောင်း၊ ဦးခင်ညွန့်ဟာ ဧပြီ ၁ ရက်နေ့တွင် သတင်းထောက်များနဲ့ မတွေ့ကြောင်း၊ ဘန်ကောက်ပို့စ် သတင်းစာတွင် ဦးခင်ညွန့် ပြောကြားတယ်လို့ ရေးသားထားတဲ့ အချက်ဟာ မမှန်ကန်ကြောင်း ဆိုတဲ့ အချက်များ ဖြစ်ဟန်တူပါတယ်။

ကိုးကား

http://burma.irrawaddy.org/archives/8455
သတင်း - ဦးခင်ညွန့် ဘန်ကောက်ပို့စ် - Apr 11 2012 07:36 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005