ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း အပိုင်း (၂)

ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း အပိုင်း (၁) တွင် ကိုကျော်လင်းဦးနဲ့ ပတ်သက်ပြီး မိတ်ဆက်တင်ပြခြင်း၊ ကိုကျော်လင်းဦးရဲ့ နိုင်ငံရေးနောက်ခံ သမိုင်း၊ သူ ဘာ့ကြောင့် မြန်မာပြည်ကို ပြန်ပြီး နိုင်ငံရေး ပြုပြင်မှုလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သလဲ၊ နောက်တခါ မြန်မာပြည် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သူ ဘယ်လို ရှုမြင်ပါသလဲ စသည်ဖြင့် ဖော်ပြခဲ့ပါတယ်။ အခု ဆက်လက် တင်ပြမယ့် အပိုင်း ၂ မှာတော့ မြန်မာပြည် ပြောင်းလဲရေးဆိုင်ရာ လက်တွေ့ ဖြစ်စဉ်တွေထဲက အချက်တချို့နဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင် ယူဆချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၎) တချို့ကလည်း မြန်မာပြည် ပြောင်းလဲမှုကို သုံးသပ်ကြတဲ့အခါ စီးပွားရေးအရ ပွင့်လင်း မြင်သာလာမယ်၊ နိုင်ငံရေးမှာတော့ မလေးရှားတို့၊ စင်ကာပူတို့ရဲ့ ပုံစံမျိုး အတိုက်အခံကို ဥပဒေတွေနဲ့ ထိမ်းချုပ်ထားမယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အဲဒီ သုံးသပ်ချက်အပေါ် သဘောထားလေး သိပါရစေ။

ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး စနစ်ကို စဉ်းစားမိတဲ့အခါတိုင်း အခြား ဘယ်နိုင်ငံနဲ့မှ ထပ်တူကျလိမ့်မယ်လို့ ကျနော် မယူဆပါဘူး။ ခင်ဗျား ပြောသလို ကျန်တဲ့ အာစီယံနိုင်ငံ တချို့လို နိုင်ငံရေး လွတ်လပ်ခွင့်တွေ ထိန်းချုပ်ထားပြီး စီးပွားရေးပိုင်းကို ဖွင့်ပေးမယ့်သဘောမျိုးကို လက်ရှိ အာဏာရ အစိုးရက လုပ်ဖို့ဆန္ဒရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ဟာ တခြားနိုင်ငံက ပြည်သူတွေနဲ့ မတူနိုင်ပါဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုး ဦးဆောင်တဲ့ အင်အားစုရဲ့အားကလဲ သိပ် မသေးဘူးလို့ ကျနော် ယုံ ကြည်ပါတယ်။ ဒီလို အခြေအနေတွေအောက်မှာ အသစ်ပေါ်လာတဲ့ လွှတ်တော်တို့၊ ရွေးကောက်ပွဲ တို့နဲ့ ဆက် စပ်လိုက်ယင် ကျနော်တို့ရဲ့ နိုင်ငံရေး တိုးတက်မှုနှုန်းဟာ တခြားနိုင်ငံတွေက နိုင်ငံရေးအခြေအနေတွေထက် သာ ပါလိမ့်မယ်။ ဒါကို ကျနော် လေးလေးနက်နက် ယုံကြည်ပါတယ်။

၅) ဒီကနေ့မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေက မီဒီယာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ ပြောနေပါတယ်။ မြန်မာပြည်မှာ တကယ် ပွင့်လင်းတဲ့ မီဒီယာ၊ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ မီဒီယာ အခင်းအကျင်းတွေ ဖြစ်လာနိုင်ပါလား။ တဆက်ထဲပဲ အခုဆို The Voice ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုနဲ့ တရားစွဲတာ ရှိနေသလို မော်ဒန် (Modern) ဂျာနယ်ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်တွေကို ဘယ်လို သုံးသပ်မိပါလဲ။

မီဒီယာပိုင်းကို ပြောရမယ်ဆိုယင် အားရစရာကောင်းတဲ့အချက်က မီဒီယာလောကသားတွေဖြစ်တဲ့ ဂျာနယ်လစ် (Journalist) တော်တော်များများဟာ လူငယ်တွေဖြစ်တယ်။ အဲဒီ လူငယ်တွေဟာ အင်မတန် တက်ကြွတယ်၊ သိချင်၊ တတ်ချင် စိတ်တွေများတယ်။ ကျနော်နဲ့ ကြုံဖူးတဲ့ ဂျာနယ်လစ် လူငယ်တိုင်းလိုလိုက သိချင်တာတွေ၊ ပွင့်ပွင့် လင်းလင်းမေးသလို ကျနော်ကလဲ မချွင်းမချန် ပြောစရာရှိတာ ပြောပြတာပဲ။ ဒါက မျိုးဆက်ပြောင်းလဲမှုကြောင့် အားရစရာကောင်းတဲ့အချက် ပါ။ လူငယ်တွေဖြစ်တဲ့အတွက် တော်တော်လေးလဲ အပင်ပန်းခံကြပါတယ်။ ဒီ အချက်ကြောင့်ပဲ ဒီလောကက ဖွံ့ဖြိုးမှု ရှိလိမ့်ဦးမယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့် အစိုးရပိုင်းက ထိန်းချုပ်ထားတွေကို လျှော့ပေးလိုက်လို့တခုတည်းကြောင့် မဟုတ်ပါဘူး။ ဒီလောကရဲ့ ကြိုးစားအားထုတ်မှုကြောင့် အဓိကဖြစ်တယ်လို့ ထင်ပါတယ်။

လက်ရှိ အခြေအနေကို ကျနော် မြင်သလောက်ပြောရယင် စာပေ နဲ့ စာနယ်ဇင်း လောကကို ထိန်းချုပ်ထားတဲ့ ဆင်ဆာလိုဟာမျိုးကို တဖြည်းဖြည်း လျှော့သွားပြီး ပုံနှိပ်ဖေါ်ပြတဲ့ သဘောထားအမြင်တွေ၊ သတင်းတွေကို မကျေနပ်ယင် မကျေနပ်သလို တရားမကျင့်ထုံးတွေအရ တရားစွဲဆိုတဲ့ အနေအထားတခုကို ကူးပြောင်းသွားမယ့် အနေအထားရှိပါတယ်။ ဒါကြောင့် ဂျာနယ်၊ မဂ္ဂဇင်တွေနဲ့ စာရေးသူ၊ သတင်းရေးသူတွေကို တရားစွဲတဲ့ ကိစ္စတွေ အတောမသတ်အောင် ကြားရဦးမယ်လို့ ထင်တယ်။ ဒီအတွက် ကောင်းတဲ့အချက်ကတော့ ရှေ့နေတွေ အတွက် အလုပ်အကိုင်တွေ ပေါလာမယ်ပေါ့ ဗျာ။

၆) မြန်မာပြည်ဟာ တပါတီစနစ်၊ စစ်အာဏာရှင်စနစ်နဲ့ နှစ် ၅၀ လောက် ထိမ်းချုပ်ခံထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတခုအနေနနဲ့ ဒီမိုကရေစီ ပြောင်းလဲရေးလုပ်မယ်ဆိုရင် ဘယ်လို အခင်းအကျင်းနဲ့ ဘယ်လို အခြေခံ တည်ဆောက်မှု၊ အဆောက်အအုံတွေ လိုအပ်ပါသလဲ။

ကျနော် မြန်မာနိုင်ငံရေး နဲ့ ထိစပ်မိတာ ၁၉၉၆ ခုနှစ်က ဆိုတော့  အခုဆိုယင် ၁၅ နှစ်လောက်ရှိပြီပေါ့ လေ။ ဒီ အတောအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ စဉ်းမိတိုင်း အခု ခင်ဗျား ပြောတဲ့ အာဏာရှင်စနစ်တွေရဲ့ ယဉ်ပါးခဲ့တဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ ခြေလှမ်း ဘယ်လို စ မလဲဆိုတဲ့ ကိစ္စကို စဉ်းစားမိပါတယ်။ တစ်ပါတီစနစ်မှာရော၊ စစ်အာဏာရှင်စနစ်မှာပါ ပြည်သူလူထုဟာ နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခွင့် မရဘဲ အာဏာအ၀န်းအ၀ိုင်းမှာ ရှိသူတွေကသာ တိုင်းပြည်ရဲ့ အရေးအရာတွေကို တဖက်သတ် ဆုံးဖြတ်ခဲ့ကြတာပေါ့ ဗျာ။

ဒါကြောင့် ပြည်သူတွေဟာ နိုင်ငံရေးကနေ ဝေးဝေးနေခဲ့ကြတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ခဲ့တဲ့သူတွေကလဲ ဆိုးကျိုးတွေ ရလေ့ရှိတော့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေတာ ကောင်းပါတယ်ဆိုတဲ့ အသိက ပြည်သူ တွေမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တယ်လို့ မြင်တယ်ဗျ။

အခု စနစ်ပြောင်းလာတဲ့အခါကျတော့ ပြည်သူလူထုက နိုင်ငံရေးနဲ့ မဖြစ်မနေ ပတ်သက်လာရတယ်။ အနည်းဆုံး ရွေးကောက်ပွဲတွေမှာ မဲထည့်လာရတယ်။ ကိုယ့် မြို့နယ်၊ ကိုယ့်ဒေသက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အပေါ်မှာ စောင့်ကြည့်တာ၊ ဝေဖန်တာ၊ ကိုယ့် ဆန္ဒတွေကို အသိပေးတာတွေ လုပ်လာရတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ ပြည်သူလူထုရဲ့ စကားကို နားမထောင်လို့မရဘူးဆိုတဲ့ အခြေအနေကို ကြုံကြရတယ်။ ကိုယ့်မြိုနယ်၊ ကိုယ့်ဒေသက ပြည်သူလူထုရဲ့ အရေးကို လျစ်လျူရှုယင် နောက်တကြိမ် ရွေးကောက်ပွဲကျယင် သူ အရေးမလှဖြစ်သွားမှာဖြစ်တာကြောင့် နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုဟာ မဖြစ်မနေ ထိတွေ့ ဆက်ဆံနေရတယ်။ ဒီလိုအခြေအနေတွေကနေ အချိန်ကြာလာတဲ့အခါ ပြည်သူလူထုက နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ သူတို့ မဖြစ်မနေ ပါဝင်ရမယ့် အနေအထားတွေ သိလာပြီး သူတို့ဖြစ်ချင်တဲ့ အပြောင်းအလဲတွေကို ရွေးကောက်ပွဲတွေမှာ မဲဆန္ဒ ထုတ်ဖေါ်ခြင်းဖြင့် ရနိုင်တယ်ဆိုတာကို နားလည် သဘောပေါက်လာပါလိမ့်မယ်။

အခုလို လွှတ်တော်တွေ ပေါ်လာတာ၊ ရွေးကောက်ပွဲတွေ ပေါ်လာတာ၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့် ဝေဖန် ထောက်ပြမယ့် လွတ်လပ်တဲ့ အင်စတီကျူရှင်း (Institution) တွေ ပေါ်ပေါက်လာတာတွေဟာ ဒီမိုကရေစီစနစ် အဆင်ပြေ ချောမွေ့စွာ ကူးပြောင်းရေးအတွက် အဓိကကျတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
ဆက်သွယ် မေးမြန်းခြင်း - ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း - Apr 10 2012 11:22 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005