မြောက်ကိုရီးယားတို့ နျူးကလီးယား စမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေ

http://www.bloomberg.com/news/2012-04-10/north-korea-preparing-for-nuclear-test-south-korea-says.html

မြောက်ကိုရီးယားနိုင်ငံဟာ တာဝေးပစ်ဒုံးကျည်နဲ့ အာကာသထဲကို ဂြိုဟ်တု လွှတ်တင်နိုင်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေစဉ်မှာပဲ မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် နျူးကလီးယား စမ်းသပ်မှု ပြုလုပ်ရန် ကြိုးစားနေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြနေပါတယ်။ အေပီသတင်းဌာနရဲ့ သတင်းတပုဒ်ကို နယူးယောက်တိုင်းမ်သတင်းတွင် ဖော်ပြထားရာမှာ လောလောဆယ် ရရှိထားတဲ့ ဂြိုဟ်တုဓါတ်ပုံများအရ မြောက်ကိုရီးယားဟာ တတိယအကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှု ပြုလုပ်နိုင်ရန် ဥမင်လှိုဏ်ခေါင်းသစ် ဖောက်လျှက်ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းများကို ကိုးကား ရေးသားထားပါတယ်။ အခု ပြုလုပ်မယ့် နျူးကလီးယား စမ်းသပ်မှုဟာ ၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်များက နျူးကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက Punggye-ri ဒေသတွင်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြနေကြပါတယ်။

အာကာသထဲ ဂြိုဟ်တု လွှတ်တင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားတို့က သတင်းထောက်များကို ဂြိုဟ်တုပစ်စင်အနီး ခေါ်ယူကာ ဓါတ်ပုံရိုက်ခွင့်၊ သတင်းယူခွင့် ပေးခဲ့ကြောင်း၊ မြောက်ကိုရီးယားတို့အနေနဲ့ ဧပြီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း အဆိုပါ ဂြိုဟ်တုကို လွှတ်တင်နိုင်ခြေရှိကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ လွှတ်တင်မယ့် ဒုံးကျည်ကို Unha 3 လို့ အမည်ပေးထားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်အီစွန်းရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် လွှတ်တင်မှာ ဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားတို့ ပြောတဲ့ ကမ္ဘာမြေ လေ့လာတဲ့ ဂြိုဟ်တုလွှတ်တင်ခြင်းကို အမေရိကန်တို့က တာာဝေးပစ်ဒုံးကျည် စမ်းသပ်ခြင်းလို့ ယူဆပြီး ထိုသို့ မပြုလုပ်ရန် ကန့်ကွက်ထားပါတယ်။ မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်း (Victoria Nuland) က ဒါဟာ မလုပ်သင့်တဲ့ ကိစ္စအဖြစ် အမေရိကန်တို့က ရှုမြင်ကြောင်းကို ရှင်းရှင်းလင်းလင်း အသိပေးထားကြောင်း ဧပြီ ၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါတယ်။

အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဂျေ ကာနေ (Jay Carney) ကလည်း ဧပြီ ၉ ရက်နေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးကျည် ပစ်လွှတ်မှု ပြုလုပ်ခြင်းဟာ နိုင်ငံတကာ စည်းမျဉ်းတွေကို တိုက်ရိုက် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ဒါထက်ပိုပြီး မြေအောက် စမ်းသပ်မှု ပြုလုပ်မယ်ဆိုရင်တော့ ဒေါသဖြစ်စရာ လုပ်ရပ်ဖြစ်ကြောင်း၊ ဒီနေရာမှာ ပြောကြားလိုတာက မြောက်ကိုရီးယားတို့ရဲ့ လုပ်ရပ်နဲ့ ယှဉ်တွဲကာ မိမိတို့ ချိန်ထိုး ဆုံးဖြတ်သွားမယ်ဆိုတာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားတို့ဘက်ကတော့ အမေရိကန်တို့အနေနဲ့ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် ဒါဟာ စစ်ကြေငြာခြင်း ဖြစ်တယ်လို့ ၂၀၁၂ ဧပြီ ၈ ရက်နေ့တွင် ပြောကြားသွားကြောင်း သတင်းထောက်များက ဧပြီ ၉ ရက်နေ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ထိုသို့ မြောက်ကိုရီးယားဘက်က ပြောကြားမှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တိုက်ရိုက် တုန့်ပြန်ခြင်း မရှိဘဲ အခြေခံကတော့ ကျွန်မတို့အနေနဲ့ မြောက်ကိုရီးယားကို ဒုံးကျည်လွှတ်တဲ့ကိစ္စ မလုပ်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းတာပဲ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အာဏာရှင် အုပ်စိုးတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေနေပေမယ့် အစိုးရကတော့ နျူးကလီးယားလက်နက် ထုတ်လုပ်ခြင်း၊ ဒုံးကျည်လက်နက်များ ထုတ်လုပ်ခြင်းများ ပြုလုပ်ကာ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ထိပါးအောင် လုပ်ဆောင်နေတယ်လို့ အများက ရှုမြင်ပါတယ်။ သို့သော်လည်း တချို့ကတော့ မြောက်ကိုရီးယားဟာ နိုင်ငံတကာကို ခြိမ်းချောက်ပြခြင်းဟာ အမေရိကန်တွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေ ရယူဖို့ ကြိုးစားခြင်းဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ကိုးကား

http://www.state.gov/r/pa/prs/dpb/2012/04/187595.htm

http://www.whitehouse.gov/the-press-office/2012/04/09/press-briefing-press-secretary-jay-carney-4912

http://www.bloomberg.com/news/2012-04-10/north-korea-preparing-for-nuclear-test-south-korea-says.html

http://www.nytimes.com/aponline/2012/04/09/world/asia/ap-as-nkorea-nuclear-test.html?partner=rss&emc=rss
သတင်း - မြောက်ကိုရီးယား နျူးကလီးယား တာဝေးပစ် ဒုံးကျည် ဂြိုဟ်တု - Apr 10 2012 03:43 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005