ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း အပိုင်း (၁)

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ အပြာင်းအလဲတခု ဖြစ်ပေါ်လာအောင် ဆောင်ရွက်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ကောင်းမွန်လှပတဲ့ အနာဂတ်တခု ပေါ်ထွန်းလာနိုင်တဲ့ အရုဏ်မိုးသောက်ချိန်ကို ရောက်အောင် ကြိုးစားနေချိန်ဆိုရင်လည်း မမှားပါဘူး။ လူငယ်ကျောင်းသားတွေဟာ မျိုးဆက်အလိုက် တိုင်းပြည်အရေးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက်ခဲ့ကြရာမှာ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြတာက အစပြုလို့၊ ၁၉၆၂၊ ၁၉၇၃ မျိုးဆက်တွေကနေ ၈၈ မျိုးဆက်၊ ၉၀ လွန်မျိုးဆက်၊ ၉၆ မျိုးဆက်၊ ၂၀၀၇ မျိုးဆက် အစရှိသဖြင့် ကျောင်းသားမျိုးဆက်တွေဟာ မြန်မာ စစ်အာဏာရှင်တွေကို အာခံခဲ့ကြပါတယ်။ သို့သော်လည်း အခုအချိန်မှာတော့ အဲဒီမျိုးဆက်တွေဟာ မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်လာအောင် ကြိုးပမ်းတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ အခြားလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်ကိုင်နေကြပါပြီ။ အဲဒီလို လုပ်ကိုင်နေကြသူတွေအထဲက ၁၉၉၆ - ၉၈ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် နိုင်ငံရေးသိပ္ပံပညာရပ် သင်ကြားခဲ့ကာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်ကိုင်နေတဲ့ ကိုကျော်လင်းဦးနဲ့ ၂၀၁၁ မတ်လကုန်ပိုင်းက ဆက်သွယ်မေးမြန်းမှုကို မိတ်ဆွေများ လေ့လာဖို့ မျှဝေလိုက်ပါတယ်။

ကိုကျော်လင်းဦးနဲ့ ပတ်သက်ပြီး အကြမ်းဖျဉ်း ပြောရရင် သူဟာ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်သူတဦးလို့ မြင်ပါတယ်။ သူ့ကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လမ်းပြမြေပုံကိစ္စတွေကို ကိုဇာနည် (ဒေါက်တာဇာနည်၊ မြန်မာပြည်လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ - လက်ရှိ ယူကေနိုင်ငံ) က ထောက်ခံခဲ့ပြီးနောက် ၂၀၀၄ နှစ်ဆန်းမှာ စတင် သိရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူက ထိုင်းနိုင်ငံတွင် နိုင်ငံရေးသိပ္ပံ လေ့လာနေတဲ့ နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး သူတို့သူငယ်ချင်းတွေရဲ့ အမြင်သစ်စာစောင်မှာ စာရေးနေပါတယ်။ အဲဒီအချိန် ကြေးမုံဦးသောင်းက ကိုဇာနည်၊ ကိုဘိုဘိုကျော်ငြိမ်းနဲ့ ကိုမိုးသီးတို့ လမ်းပြမြေပုံကို ထောက်ခံတာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဇာ - ဘို - မိုး တို့ မြန်မာပြည် ပြန်၍ နအဖနဲ့ ပေါင်းပါလား ဆိုတဲ့ ဆောင်းပါးတပုဒ်ကို Burma Today မှာ ဖော်ပြခဲ့ပါတယ်။ (http://burmatoday.net/article/2004/02/040218_uthaung.htm) ထို ဆောင်းပါးနဲ့ ပတ်သက်ပြီး ကြေးမုံဦးသောင်းကို ပြတ်ပြတ်သားသား တုန့်ပြန်ကာ နိုင်ငံရေး သူငယ်ပြန်သူတွေ ဘေးဖယ်လို့ ရေးသူက ကိုကျော်လင်းဦး ဖြစ်ပါတယ်။ (http://burmatoday.net/article/2004/02/040222_kyawlinnoo.htm) ကြေးမုံဦးသောင်းဟာ အထင်ကရ မြန်မာသတင်းစာဆရာတဦး ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လမ်းပြမြေပုံကို ထောက်ခံမိတဲ့ ကိုဇာနည်ကို အများက အကြီးအကျယ် ဝေဖန်နေချိန် ကြေးမုံဦးသောင်းကို ခွန်းတုံ့ပြန်ကာ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ရေးလိုက်တဲ့ ကိုကျော်လင်းဦးကို ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ အဲဒီအချိန်က ကိုကျော်လင်းဦးဆောင်းပါးနဲ့ ပတ်သက်ပြီး အများက သူ့ကို အတော်လေး မကြေမနပ် ဖြစ်ကြပေမယ့် ကျွန်တော်ကတော့ သူ့ကို ကိုယ် ယုံကြည်ရာကို ပွင့်ပွင့်လင်းလင်း တင်ပြတဲ့သူလို့ မြင်မိပါတယ်။ ဒါကတော့ သူနဲ့ ပတ်သက်ပြီး ကျွန်တော့်အတွက် ပထမဆုံး အမှတ်တရ ဖြစ်တဲ့ ကိစ္စတခု ပါ။

နောက်တခါ ကိုကျော်လင်းဦးနဲ့ ပတ်သက်ပြီး တကယ့်ကို မှတ်မှတ်ရရ ဖြစ်တဲ့ကိစ္စတခုကတော့ ၂၀၀၈ စက်တင်ဘာလတွင် ယနေ့မြန်မာ (Burma Today) မှာ ဖော်ပြခဲ့တဲ့ ထိုင်းနိုင်ငံရေးကို အခြေခံကျကျ နားလည် ကြည့်ကြရအောင် ဆိုတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ (http://burmatoday.net/article2005/080903_kyaw_lin_oo.swf) အဲဒီ ဆောင်းပါးကတော့ မြန်မာပြည်က နိုင်ငံရေးဆောင်းပါးတွေကို အင်္ဂလိပ်ဝါဟာရတွေနဲ့ ကြားညှပ်ပြီး ရေးသားတဲ့ ဆရာမောင်စူးစမ်းကို ပြတ်ပြတ်သားသား ပြန်ပြီး ရေးထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ကိုကျော်လင်းဦးရဲ့ ဆောင်းပါး ဖော်ပြပြီးတဲ့နောက် မောင်စူးစမ်းရဲ့မိသားစုဝင်တဦးက ကျွန်တော့်ကို တခါထဲ တူးတူးခါးခါး မုန်းတီးသွားခဲ့ပါတယ်။

ဒီနေရာမှာ အဲဒီအကြောင်း ဇာတ်ရည်လည်အောင် ရှင်းရရင် ထိုစဉ်က မောင်စူးစမ်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို လက်သင့်ခံဖို့ ဆက်တိုက် ရေးနေစဉ်ဖြစ်ပြီး မောင်စူးစမ်းကို အများက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန် ဖြစ်ပါတယ်။ (သို့သော်လည်း အဲဒီပုဂ္ဂိုလ်တွေထဲမှာ ကျွန်တော် မပါဝင်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ ကျွန်တော်ဟာ မတူညီတဲ့ ဆန့်ကျင်ဘက်အမြင်တွေ ရှိတယ်ဆိုတဲ့သဘောတရားကို လုံးဝ လက်သင့်ခံထားသူပါ။)

သို့သော် ယနေ့မြန်မာမှာ ကိုကျော်လင်းဦးရဲ့ ဆောင်းပါးကို ဘာ့ကြောင့် ဖော်ပြသလဲဆိုတော့ ထိုစဉ်က ထိုင်းနိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မောင်စူးစမ်းရဲ့ တင်ပြပုံနဲ့ ချဉ်းကပ်ပုံတွေ လုံးဝ မှားယွင်းနေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နေတဲ့အတွက် ဖြစ်ပါတယ်။ မောင်စူးစမ်းရဲ့ တင်ပြပုံနဲ့ ချဉ်းကပ်ပုံ မှားယွင်းတယ်လို့ ဘာ့ကြောင့် ပြောသလဲဆိုတော့ ကျွန်တော်တို့တွေဟာ အဲဒီအချိန်က ထိုင်းနိုင်ငံရေး အပြောင်းအလဲကို အသေးစိတ် လေ့လာနေချိန် ဖြစ်ပြီး မောင်စူးစမ်း တင်ပြပုံတွေဟာ ရှုဒေါ့င့်တခု၊ အမြင်တခုထဲဘက်က ကွက်ပြီး ရေးသားနေတာဖြစ်တယ်လို့ သုံးသပ်မိသလို မြန်မာပြည်သူတွေကို ၀ါဒမှိုင်းတိုက်နေသလို ဖြစ်နေမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။

သို့သော်လည်း အကဲဆပ်တဲ့ မောင်စူးစမ်းက သူ့ကို တိုက်ခိုက်တယ်လို့ ထင်လိုက်သလား မသိပါ။ ပြည်တွင်းက ဂျာနယ်တခုကနေ တုန့်ပြန်လိုက်တဲ့အခါ ကျွန်တော်ကလည်း နောက်ထပ် ဆောင်းပါးတပုဒ် ရေးဖြစ်လိုက်ပါတော့တယ်။ အဲဒီအခါ မောင်စူးစမ်းနဲ့ ပတ်သက်သူတွေဘက် ကျွန်တော့်ကို နည်းစုံလမ်းစုံနဲ့ မီးကုန်ယမ်းကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့တာပါပဲ။ (အမှန်အတိုင်း ပြောရင် မောင်စူးစမ်းနဲ့ ပတ်သက်ပြီး ရင်ထဲမှာ ဘာမှမရှိပါ။ ရှိစရာလည်း အကြောင်းတစုံတရာ မရှိပါ။ ဘာ့ကြောင့်ဆိုတော့ နိုင်ငံရေးအရ ရပ်တည် ပြောဆိုကြတဲ့အခါ ဒါမျိုးတွေ ကြုံတွေ့ရတတ်တာဟာ သဘာဝပဲ ဖြစ်ပါတယ်။)

အခုအချိန်မှာ ဒီအကြောင်းတွေ ပြန်လည် ဖော်ပြတာကတော့ ကိုကျော်လင်းဦးနဲ့ မေးမြန်းခန်း မဖတ်မီ ကိုကျော်လင်းဦးရဲ့ ရပ်တည်ချက်နဲ့ အယူအဆတွေကို မြင်နိုင်အောင် တင်ပြခြင်းသာ ဖြစ်ပါတယ်။ အကျဉ်းချုပ်ဆိုရရင်တော့ ကိုကျော်လင်းဦးဟာ အခြေအနေတခုကို အရှိန်အဟုန်တခုနဲ့ လှုပ်ခတ်နိုင်လောက်အောင် သူ့အယူအဆကို တင်ပြသူတဦးလို့ သုံးသပ်နိုင်ပါတယ်။

အခုအချိန်မှာ ကိုကျော်လင်းဦးဟာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသူတဦး ဖြစ်နေပါတယ်။ အဲဒီတော့ ကိုကျော်လင်းဦးအနေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ ဘယ်လို ဆက်နွယ်ခဲ့သလဲ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို သူ ဘယ်လို ရှုမြင်သုံးသပ်သလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။ အားလုံးအတွက် ကိုကျော်လင်းဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း ပထမပိုင်းကို ဖော်ပြလိုက်ပါတယ်။

၁) ဦးကျော်လင်းဦးအနေနဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ကာ ပညာ ဆက်လက်သင်ကြားခဲ့ပြီး အခု မြန်မာပြည်က ပြုပြင် ပြောင်းလဲမှုတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ပထမဦးဆုံးအနေနဲ့ အဲဒီဖြစ်စဉ်လေးကို အားလုံးအတွက် ပြောပြစေလိုပါတယ်။

ကျနော့်အကြောင်းကို အယင်ဆုံးပြောရမယ်ဆိုယင် မြန်မာ့နိုင်ငံရေး ရဲ့ ကျောင်းသားလှုပ်ရှားမှု မျိုးဆက်တွေမှာ ၉၆ - ၉၈ မျိုးဆက်လို့ပြောလေ့ရှိတယ်။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုဖြစ်တော့ ကျနော်က ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ပထမနှစ်ကျောင်းသား ပေါ့။ အဲဒီ လှုပ်ရှားမှုမှာပါခဲ့ပြီးနောက် နိုင်ငံရေး စ စိတ်ဝင်စားလာခဲ့တယ်။ နိုင်ငံရေး ဆိုတာထက် ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ နောက် အဲဒီ ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို စ စိတ်ဝင်စားလာခဲ့တယ်။ ဒီလိုနဲ့ ကျောင်းတွေ ပိတ်လိုက်တော့ ကျနော် တို့လဲ အားသွားတယ်။ ဒါပေမယ့် ကျောင်းသားတွေ အချင်းချင်း အဆက်အသွယ်တွေတော့ ရှိနေတုန်းပဲ။ နောက်တော့ ၁၉၉၇ ဇူလိုင်လ အတွင်းမှာ ၉၆ ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံလိုက်ရတယ်။ ကိုစိုးထွန်း တို့၊ ကိုမျိုးရန်နောင်သိမ်း တို့ပေါ့။ အဲဒီ အချိန်ကစပြီး ကျနော်တို့ အငယ်တန်းတွေက ပိုပြီး တက်တက်ကြွကြွ လုပ်ဖြစ်ကြတယ်။ စာအုပ်ဆိုင်လေးတွေ ဖွင့်ပြီး စာပေ အုပ်စုတွေ ထောင်တယ်၊ နောက် အုပ်စု တစ်စုနဲ့ တစ်စု အဆက်အသွယ်တွေလုပ်ဖြစ်တယ်။ အဲဒီတုန်းက အားလုံးက ငယ်ကြသေးတယ်လေ။ အသက် ၁၉၊ ၂၀ ၀န်းကျင်တွေပေါ့။ ဒီလိုနဲ့ ကျောင်းသားလှုပ်ရှားမှုထဲမှာ ပျော်နေကြတာပေါ့လေ။

၁၉၉၈ ခုမေလ ကြတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုလိုက်တယ်။ နိုင်ငံရေး ရေချိန်မြင့်လာတဲ့သဘော ပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ ကွန်ယက်ကလဲ တော်တော် ကျယ်ပြန့်နေပြီ။ အခြေအနေတရပ်ရပ်ကို ငုတ်တုတ်ထိုင်စောင့်နေရတာကို ကျနော်တို့တွေ မလိုချင်တော့ဘူး၊ ဟိုတုန်းက တော့ လူငယ်စိတ်တွေ ဆိုတော့ တခုခုကို ထ လုပ်ချင်တဲ့ စိတ်တွေက များနေတာပေါ့။ အဲဒီအချိန်မှာပဲ အစိုးရ က ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေကို ကိုယ်နေတဲ့ မြို့နယ်တွေက အထက်တန်းကျောင်းတွေမှာ စာမေးပွဲ ဖြေဖို့အမိန့်ထုက်လိုက်တယ်။ အဲဒီ အမိန့်အပေါ်မှာ ကျနော်တို့ တော်တော် မကျေမနပ်ဖြစ်ကြတယ်။ ဒါနဲ့ပဲ တိုတိုပြောရယင် ၁၉၉၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြပွဲ ဖြစ်အောင် လုပ်ကြတယ်ပေါ့ ဗျာ။ ဆန္ဒပြပွဲက အချိန် ၁ နာရီလောက်ပဲကြာတယ်၊ အဲဒီတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က လွှတ်တော်ခေါ်ယူ ရေး တောင်းဆိုချက်ကို ထောက်ခံနဲ့အနေနဲ့ ဆန္ဒပြဖြစ်တာ။ နောက်တော့ လုံထိန်းတွေ ရောက်လာတော့ ဆန္ဒပြပွဲပျက်သွားရတယ်။ ကျနော်တို့ အားလုံးလဲ အိမ်တွေမှာ မနေတော့ပဲ ရှောင်နေကြရတယ်။ ဒါနဲ့ ထောက်လှမ်းရေးက ကျနော်တို့ကို ပိုက်စိတ်တိုက်ရှာနေတာပေါ့။ ဒါကြောင့် တယောက်ပြီး တယောက် အဖမ်းခံသွား ကြရတယ်။ ကျနော်ကတော့ အနီးစပ်ဆုံး သူငယ်ချင်းတွေနဲ့ ဆက်ပြီး ပုန်းအောင်းနေလို့ လွတ်သွားတယ်ဆိုပါတော့ ဗျာ။

အဲဒီလို ပုန်းနေတဲ့အတောအတွင်း ကျနော် စဉ်းစားမိတဲ့အချက်တွေ ရှိလာတယ်။ ကျနော်တို့ လုပ်ကြ၊ ကိုင်ကြတာဟာ လက်ရှိအခြေအနေကို မကျေနပ်လို့၊ အပြောင်းအလဲကို လိုချင်လို့ လူငယ်စိတ်တွေနဲ့ လုပ်ကြတာ။ ဒါပေမယ့် ရလာတဲ့ ရလဒ်က နှစ်ရှည်ထောင်ဒဏ်တွေ ဖြစ်သွားတယ်။ ကျနော်ကိုယ်တိုင်လဲ အဖမ်းမခံရပေမယ့် ကျီးလန့်စာစားနဲ့ ပုန်းအောင်းနေရတဲ့ ဘ၀ ရောက်သွားတယ်။ ဒါဆိုရင် နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံရေးပညာနဲ့ တိုင်းပြည်တိုးတက်အောင် ဘာတွေများ လုပ်လို့ရမလဲ ဆိုတာ ကျနော် တော်တော် စိတ်ဝင်စားသွား တယ်။ ဒါဆိုရင် ပညာရေးနဲ့ ဖြည့်ဖို့လိုပြီလို့ ကျနော် စဉ်းစားမိသွားတယ်။ ဒီလိုနဲ့ ကျနော် ပြည်ပမှာ ကျောင်း တက်နိုင်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ ကျောင်းသားလှုပ်ရှားမှုဖြစ်ခဲ့တာ ၂ နှစ် နီးပါးလောက်ရှိပြီဆိုတော့ ပုန်း နေရာကနေ လူမြင်ကွင်းထဲပြန်ထွက်တယ်။ နောက် ရန်ကုန်တက္ကသိုလ် (ပင်မ) ထဲမှာ ထုထည် ဆိုတဲ့ စာအုပ်လေးတွေ ထုတ်ဖြစ်တယ်။ အဲဒီအချိန်တုန်းက ထုထည် ကို နိုင်ငံရေးစိတ်ဝင်စားတဲ့ လူငယ် တော်တော်များများက သဘောကျကြတယ်။ ထောက်လှမ်းရေးကတော့ မျက်စိဒေါက်ထောက် ကြည့်နေမှာပေါ့ ဗျာ။ စံပယ်ဖြူ မဂ္ဂဇင်းမှာလဲ ခိုင်လင်း ဆိုတဲ့ ကလောင် နဲ့ ဆောင်းပါးတွေ ရေးဖြစ်တယ်။ ၂၀၀၁ မှာ။ ဒီလိုနဲ့ ၂၀၀၁ သြဂုတ်လမှာ ထိုင်းနိုင်ငံမှာရှိတဲ့ Webster တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေးကို အဓိကဘာသာအနေနဲ့ ကျောင်းသွားတက်ဖြစ်တယ်။ အဲဒီက ၂၀၀၄ မှာ ဘွဲ့ရတော့ မြန်မာနိုင်ငံကို ပြန်လာဖို့ စီစဉ်သေးတယ်ဗျ။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတချို့ကို မြင်ရတဲ့အချိန် ပေါ့။ တကယ်လို့သာ အဲဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အရှိန်ရလာပြီး အမှန်တကယ်သာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ခဲ့ရင် အဲဒီကတည်း ပြန်လာဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ခင်ဗျားလဲ သိတဲ့အတိုင်း ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံး ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီ ပြုပြင် ပြောင်းလဲရေးခြေလှမ်းတွေ ရပ်တန့်သွားတာနဲ့ ကျနော်လဲ ထိုင်းမှာပဲ ဆက်နေဖြစ်တော့တယ်။

အဲလိုနဲ့ ကံကောင်းတာလားတော့မသိဘူးပေါ့ ဗျာ။ ၂၀၀၄ ဒီဇင်ဘာမှာ ထိုင်းနိုင်ငံတောင်ပိုင်းကို ဆူနာမီ ရေလှိုင်းကြီး တိုက်ပြီး လူအသေအပျောက်တော်တော်များတဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်လာတယ်။ အဲဒီမှာ အကူအညီပေးတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တခုမှာ ကျနော် အလုပ်ရတာနဲ့ ထိုင်းတောင်ပိုင်းမှာပဲ နေပြီး NGO ၀န်ထမ်းဘ၀နဲ့ ရပ်တည်နေတာ ၂၀၀၇ အထိ ဆိုပါတော့။ ၂၀၀၇ မှာ ပညာသင်ဆုရလို့ နောက်ထပ် ဘွဲ့လွန်သင်တန်း (Master) ကို နိုင်ငံရေးသိပ္ပံ အဓိကနဲ့ ဆက်တက်ဖြစ်တယ်။ ၂၀၀၉ မှာကျောင်းပြီးတော့ ပညာသင်ဆုရဲ့ ခံဝန်ချက်အရ မူလ အဖွဲ့အစည်းမှာ ပြန်ပြီး အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီမှာ အလုပ်လုပ်ဖြစ်တာ ၂၀၀၉ ခုနှစ် နှစ်လယ်ကနေ ၂၀၁၀ နှစ်ကုန်တဲ့အထိ ဆိုပါတော့။ အဲဒီကလတွေမှာပဲ ကျနော်တို့နိုင်ငံမှာလဲ ထူးခြားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့ ကာလတွေ ဖြစ်နေပါတယ်။ မူလကတည်းက နိုင်ငံရေးကို စိတ်ဝင်စားတာရော၊ တတ်ကျွမ်းခဲ့တဲ့ ပညာရပ်ကြောင့်ပါ ဒီ အပြောင်းအလဲတွေကို စနစ်တကျ လေ့လာ ဖြစ်ခဲ့ပါတယ်။ ဒီလို လေ့လာမှုကြောင့်ပဲ အပြောင်းအလဲရဲ့ လားရာနဲ့ ဖြစ်နိုင်ခြေတွေကို ခန့်မှန်းပြီး ၂၀၁၁ ဖေဖေါ်ဝါရီလထဲမှာ မြန်မာနိုင်ငံကို အပြီးအပိုင် ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂) ဘာ့ကြောင့် မြန်မာပြည်ကို ပြန်ပြီး မြန်မာပြည် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကိုယ်ထိလက်ရောက် ပါဝင် လုပ်ကိုင်ဖြစ်တာလဲဆိုတာ ရှင်းပြပါလား။

ကျနော်ပြန်လာတဲ့အချိန်မှာ ဒီမြေ၊ ဒီရေ ဟာ ကျနော့်အတွက် အသစ်အဆန်းတွေ ဖြစ်ခဲ့ရတယ်။ အဓိက ကတော့ ၁၀ နှစ်လောက် ကင်းကွာသွားခဲ့တာရော၊ ကျနော် ဒီကနေ ထွက်သွားတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က အခြေအနေတွေ ယှဉ်ယင် ပြောင်းလဲမှုတချို့ရှိနေတာကြောင့် ကျနော့်အတွက် နိုင်ငံသစ်တခုကို ရောက်သွားသလို ဖြစ်နေခဲ့တာပါ။ ဥပမာ ပြောရရင် ကျနော် ရှိစဉ်တုန်းက အင်တာနက် ဆိုတာ ကျနော်တို့ လူငယ်တွေကြားထဲမှာ ဘာမှန်း မသိသေးဘူး၊ လက်ကိုင်ဖုန်းတွေဆိုတာ ကြေးရတတ် သားသမီးတွေ ကိုင်တဲ့ ဇိမ်ခံပစ္စည်းတခု ဖြစ်နေခဲ့တာ။ ပြည်ပမှာနေတော့ အဲဒီ အင်တာနက်တို့၊ လက်ကိုင်ဖုန်းတို့ဆိုတာတွေက ကျနော်ရဲ့ နေ့စဉ်ဘ၀ မှာ မရှိမဖြစ် ပစ္စည်းတွေဖြစ်ခဲ့တယ်၊ ဒါတွေ မရှိပဲနဲ့ ကျနော် အသက်ရှင်ဖို့တောင် ခက်ခဲလိမ့်မယ် ထင်တယ်။ ဟိုတုန်းက ကျနော်တွေးမိဖူးတာ တခုက ငါ ရန်ကုန် ပြန်သွားဖြစ်ခဲ့ယင် ဒါတွေမရှိပဲ ဘယ်လို အသက်ရှင် ရပ်တည်ပါ့မလဲ ဆိုတာပဲ။ အခုပြန်လာတော့ ကျနော်လက်ထဲမှာ ဖုန်းတလုံး အဆင့်သင့်ရှိနေပြီ။ အင်တာနက် ဆိုတာက လဲ ရုံးမှာရော၊ အိမ်မှာပါ သုံးလို့ရတဲ့ ပစ္စည်းဖြစ်နေပြီ။ ဒါကြောင့် ကျနော်အတွက် ပြည်တော်ပြန်ရတဲ့ အတွက် နေထိုင်မှုပုံသဏ္ဍန်ဟာ ပြည်ပမှာနေတာနဲ့သိပ်မကွာလှတော့ဘူး။ ဒါက ကျနော် ပြန်လာရတဲ့နောက် ကြုံမိတာ ပါ။

နောက်တခုက ကျနော် ပြည်ပမှာနေစဉ် တိုးတက်မှုရှိတဲ့ တိုင်းပြည်တော်တော်များများ ရောက်တဲ့အခါ မြန်မာနိုင်ငံကိုလဲ အဲဒီလို ဖွံ့ဖြိုး တိုးတက်စေချင်တယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရေး အပြောင်းအလဲတွေ ဟာ အခရာကျတယ်ဆိုတာ ကျနော် နားလည်ထားတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်အောင် တွန်းအားပေးဖို့၊ အသိပညာ ဖလှယ်ဖို့နဲ့ အပြောင်းအလဲအတွက် အဓိကကျတဲ့ အဖွဲ့အစည်းတွေ (အင်စတီကျူရှင်း (Institution)) တွေ တည်ဆောက်ရေး၊ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတွေ (အင်စတီကျူရှင်း (Institution)) က ချောချောမွေ့မွေ့ လည်ပတ် အလုပ်လုပ်နိုင်ရေး ဆိုတဲ့နေရာ တွေမှာ ပါဝင် အားဖြည့်ချင်တာနဲ့ ကျနော် မြန်မာနိုင်ငံကို ပြန်လာပြီး လိုအပ်တဲ့နေရာတွေမှာ အလုပ် လုပ်ကိုင် နေတာ ဖြစ်ပါတယ်။

၃) ဒီကနေ့ မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဘယ်လို ရှုမြင်ပါသလဲ။

အပြောင်းအလဲတွေအကြောင်းကို ပြောတဲ့အခါတိုင်းမှာ သူနဲ့ ဒွန်တွဲပြီး စဉ်းစားကြရမည့် ကိစ္စကတော့ Political Order လို့ခေါ်တဲ့ နိုင်ငံရေးတည်ငြိမ်မှု ပါ။ ကူးပြောင်းစ တိုင်းပြည်တွေမှာ တွေ့ရလေ့ရှိတဲ့ ကိစ္စကတော့ အခုနက ပြောတဲ့ Political Order ပျက်ပြီးတော့ အလှုပ်အရမ်းတွေ များလာတတ်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ဒီလို တည်ငြိမ်မှု ပျက်သွားယင် ပိုမို အားကောင်းတဲ့ နိုင်ငံရေး အင်အားစု တရပ်ရပ်က အာဏာကုလားထိုင်ပေါ် ကို ရောက်လာတတ်ပါတယ်။ အလွယ်ပြောရယင်တော့ စစ်အာဏာသိမ်းတာမျိုး၊ ပါတီတွင်းမှာ ခေါင်းမာတဲ့အင်အားစုက အသာစီးရလာတာမျိုးတွေပေါ့ဗျာ။

နောက်တခါ ကျနော်တို့က စောစောကပြောတဲ့ Political Order အပေါ် အရမ်းအာရုံစိုက်ပြီး နိုင်ငံရေး တည်ငြိမ်မှုကိုပဲ ဦးစားပေးမယ်ဆိုယင် အပြောင်းအလဲတွေက နှေးကွေးသွားနိုင်ပါတယ်။ အပြောင်းအလဲတွေ နှေးကွေးလွန်းယင် ကျနော်တို့ လိုချင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေကို ရောက်ဖို့အတွက် အလှမ်းဝေးနေဦး မှာပဲ လို့ ကျနော် မြင်တယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခြေအနေက အပြောင်းအလဲ နဲ့ တည်ငြိမ်မှုအကြား မျှခြေတရပ် အပေါ်မှာ အသိထားပြီး လုပ်နေရတဲ့ အနေအထား တခုဖြစ်တယ်လို့ မြင်ပါတယ်။

အခု ဖော်ပြခဲ့တာတွေကတော့ ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း အပိုင်း (၁) ဖြစ်ပါတယ်။
ဆက်သွယ် မေးမြန်းခြင်း - ဦးကျော်လင်းဦးနဲ့ စကားပြောခြင်း - Apr 10 2012 02:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005