တောင်ဥက္ကလာပ ဟေမ၀န်ဈေးက ဆိုင်ခန်းပေါင်း ကိုးရာနီးပါး မီးလောင်
Fire

ယခင်က ၁၀ ရပ်ကွက်ဈေးလို့ အများက သိရှိထားကြတဲ့ တောင်ဥက္ကလာပ ဟေမ၀န်ဈေးတွင် ၂၀၁၂ ဧပြီ ၁၀ ရက်နေ့ မနက် ၁ နာရီ ၂၀ မိနစ်မှ ၂ နာရီ ၂၅ မိနစ်အထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၁၉၅၀ အနက် ၈၉၃ ခန်း မီးလောင်ကျွမ်းသွားကြောင်း၊ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တောင်ဥက္ကလာပ မီးသတ်တပ်ဖွဲ့ရုံး စခန်းမှူးက ယနေ့မြန်မာကို ပြောကြားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာမီးသတ် စခန်းမှူးက “ဈေးက အားလုံးရှိတာက ဆိုင်ခန်းပေါင်းက ၁၉၅၀၊ အဲဒီမှာ လောင်တာက ၈၉၃ ခန်း၊ ၈၉၃ ခန်းဆိုလို့ အရမ်း အကြီးကြီး မထင်လိုက်နဲ့။ ဆိုင်ခန်းတွေက သုံးပေပတ်လည်က ၇၅၅ ခန်း ပါတယ်။ ငါးပေပတ်လည်က ၁၃၈ ခန်း။ ဈေးက ဟိုးတုန်းက မှောင်ခိုဈေးကနေ ဈေးပြန်လုပ်ထားတော့ ဆိုင်ခန်းလေးတွေက သေးသေးလေး တွေ။ ပိုင်ဆိုင်တဲ့သူတွေကတော့ သုံးပေပတ်လည်လေးတွေ နှစ်ခန်း၊ သုံးခန်း ရှိတာပေါ့ ဗျာ။ မီးလောင်မှု အကြောင်းရင်းကတော့ အခုအချိန်အထိ စုံစမ်းဆဲ ပဲ။ ဘာလို့ဆိုတော့ စပြီး လောင်တာကလည်း ကျွန်တော်တို့ သိတဲ့အချိန်ကလည်း မီးက များနေပြီ။ စပြီး လောင်တဲ့အခန်းကို ကောက်ဖို့က အခုမှ မျက်မြင်သက်သေတွေ ဘာတွေနဲ့ အခုမှ စစ်နေတုန်း ရှိသေးတယ်“ လို့ စတင် ပြောပြပါတယ်။

ဟေမ၀န်ဈေးဟာ ယခင်က တောင်ဥက္ကလာ ဆယ်ရပ်ကွက်ဈေးလို့ အများက သိရှိထားပြီး ၁၉၇၀ လွန်နှစ်များက မှောင်ခိုဈေးလို့ ခေါ်ကြပါတယ်။ ထိုင်း မြန်မာနယ်စပ်က တင်သွင်းလာကြတဲ့ ကုန်ပစ္စည်းများကို မော်လမြိုင် - ရန်ကုန် မီးရထားများနဲ့ သယ်ဆောင်လာခဲ့ကြပြီး ဆယ်ရပ်ကွက်ဈေးက လက်ကားဆိုင်များမှတဆင့် ရန်ကုန်နဲ့ မြန်မာပြည်တလွှားကို ဖြန့်ချိကြတဲ့ဈေးမို့လို့ ဆယ်ရပ်ကွက်ဈေးဟာ အထင်ကရ ဈေးတခု ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မော်လမြိုင် လမ်းကြောင်းက တင်သွင်းလာတဲ့ ထိုင်း ကုန်ပစ္စည်းများ အလွန် များပြာတဲ့အတွက် စိန်ဂျွန်းဈေး၊ မင်္ဂလာဈေး စတဲ့ ဈေးများကတဆင့် ကုန်စည်ရောင်းဝယ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အခု လောင်ကျွမ်းတဲ့ ဈေးဆိုင်ခန်းများဟာ ယခင် မှောင်ခိုဈေးကာလက ဆိုင်ခန်း အများစုဖြစ်ကြောင်း သိရပါတယ်။ တောင်ဥက္ကလာပ မီးသတ်ဟာ ဈေးနဲ့ မျက်စောင်းထိုးမှာ တည်ရှိနေတာမို့ မီးလောင်ကျွမ်းမှုကို စတင် သိရှိပုံ၊ အခြား အကြောင်းအရာများနဲ့ ဆက်စပ်ပြီးတော့လည်း တောင်ဥက္ကာပ မီးသတ် စခန်းမှူးကို အောက်ပါအတိုင်း ဆက်လက် မေးမြန်းဖြစ်ခဲ့ပါတယ်။

ယနေ့မြန်မာ - ဆယ်ရပ်ကွက်ဈေးနဲ့ မျက်စောင်းထိုးမှာလည်း မီးသတ်စခန်းက ရှိနေတော့၊

စခန်းမှူး - ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ တောင်ဥက္ကလာမီးသတ်စခန်းက အဲဒီဈေးနဲ့ အနီးဆုံးပဲ။ ဒါပေမယ့် ပြောရင်တော့ ည ဂျူတီသမား မြင်မှပဲ မီးလောင်တာကို သိတာ။ ဘယ်သူမှ အကြောင်းကြားမဲ့သူ မရှိဘူး။ အဲဒီလို ဖြစ်တာ။ သူတို့လည်း အကြောင်းကြားချင် ကြားမှာပေါ့။ လမ်းကြောင်းတွေ လွဲနေလို့ ဖြစ်ကောင်းဖြစ်နေမှာပေါ့။ မသိဘဲနဲ့ ကိုယ်လည်း မပြောရဲပါဘူး။ ကျိန်းသေတာကတော့ ဂျူတီသမားက မီးကို မြင်လိုက်တာ။ မြင်တယ်ဆိုတာကလည်း ဈေးနဲ့ ဒလွယ်ခုတ်မှာ တိုက်ခန်းတွေက လမ်းဒေါင့်တွေမှာ ကွယ်နေသေးတာကိုး။ အဲဒီတိုက်တွေကို ကျော်ပြီး တက်လာတော့မှပဲ မီးကို မြင်ရတာကိုး။ ဈေးကို ကျွန်တော်တို့က လမ်း ဒိုယိုပေါက်ကြီးတော့ မဟုတ်ဘူး ပေါ့။ ကြားထဲမှာ ၁၂ ရပ်ကွက် ခံနေသေးတာကိုး။

ယနေ့မြန်မာ - အဲဒီနားမှာ ပဒေသာ ရုပ်ရှင်ရုံ ရှိနေတော့၊

စခန်းမှူး - ဟုတ်တယ်။ ပဒေသာရုပ်ရှင်ရုံနဲ့ ကပ်လျက် ပေါ့။

ယနေ့မြန်မာ - အနီးအနားက ရပ်ကွက်တို့ ဘာတို့ အခြား ကူးစက်တာတို့တော့ မဖြစ်ပါဘူး ပေါ့ နော။

စခန်းမှူး - ရပ်ကွက်တော့ မထိပါဘူး။ ဈေးရုံပေါင်းက ၂၁ ရုံ ရှိတယ် လေ။ ၂၁ ရုံမှာ သုံးရုံပဲ ပါတာ ပေါ့။ အခု မီးလောင်တဲ့အထဲ ပါတဲ့ ဆိုင်တွေက အထည်ဆိုင်တွေဆိုတော့ ဆိုင်ခန်းတွေကလည်း အသေးတွေ များတယ်။ တဖက်က ဈေးရုံတွေကျတော့ ဆိုင်ခန်းအကြီးတွေ။ ကျန်ခဲ့တဲ့ ဆိုင်တွေက ဆိုင်ကြီးတွေ။

ယနေ့မြန်မာ - ဟိုးအရင်က ဆောက်ခဲ့တဲ့ ဆိုင်ခန်းလေးတွေ သေးသေးလေးတွေ ကပ်နေတာလေးတွေ ပေါ့။

စခန်းမှူး - ဟုတ်တယ်။ အရင် မှောင်ခိုဈေးပေါ့။ ဆယ်ရပ်ကွက်ဈေးက မှောင်ခိုဈေး။ အဲဒါကမှ ပြန် ဆောက်ပြီး ပေးထားတာ။

ယနေ့မြန်မာ - အခု မီးလောင်တာက ပဒေသာ ရုပ်ရှင်ရုံဘက် အခြမ်းလား၊ ဒါမှမဟုတ် မြင်သာဘက်အခြမ်းလား ခင်ဗျ။

စခန်းမှူး - အခု မီးလောင်တာက ပဒေသာရုပ်ရှင်ရုံနဲ့ ကပ်လျက်ပေါ့။ ဒါပေမယ့် ဈေး တာဝန်ခံ ရုံးဘက်ကို လောင်တာမဟုတ်ဘူး။ အခြားဘက် (မြင်သာဘက်) အခြမ်းကို လောင်တာ။ ဈေးတာဝန်ခံရုံး ကျန်တယ်။ ဒီဘက်က ဈေးရုံတွေ ကျန်တာပေါ့။ ဟိုဘက်အစွန်ကို သွား လောင်တာ။ အရင် မှောင်ခိုဈေးတန်း ပေါ့။

အခု ဖော်ပြခဲ့တာတွေကတော့ တောင်ဥက္ကလာမြို့နယ်၊ ဟေမ၀န်ဈေး မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပ မီးသတ် စခန်းမှူးနဲ့ ယနေ့မြန်မာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ဆက်သွယ်မေးမြန်းမှု ဖြစ်ပါတယ်။ ယခင်ကလည်း မီးလောင်ကျွမ်းမှုများနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ သက်ဆိုင်ရာ မီးသတ်စခန်းများကို တယ်လီဖုန်းဆက် မေးမြန်းခဲ့ရာ တာဝန်ရှိသူများ ဖြေကြားတဲ့အခါ (အကန့်အသတ်များကြောင့် ဖြစ်မယ်ထင်ပါတယ်။) ပွင့်ပွင့်လင်းလင်း ပြောဆိုမှုမျိုး နည်းပါးခဲ့ပေမယ့် အခုတခေါက် တောင်ဥက္ကလာပ မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်တဲ့အခါမှာတော့ သက်ဆိုင်ရာ တာဝန်ကျ အမျိုးသမီးက ချိုသာ ပြေပြစ်စွာ ပြောဆိုခဲ့သလို မီးသတ်စခန်းမှူးကလည်း စိတ်ပါလက်ပါ စိတ်ရှည်လက်ရှည် ဖြေကြားခဲ့တာကို သတိထားမိလိုက်ပါတယ်။
သတင်း - တောင်ဥက္ကလာပ ဟေမ၀န်ဈေးက ဆိုင်ခန်းပေါင်း ကိုးရာနီးပါး မီးလောင် - Apr 10 2012 01:17 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005