ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကဲန်မရွန် မြန်မာပြည်သို့ အလည်အပတ် သွားရောက်ရန် ရှိ

http://news.yahoo.com/cameron-visit-myanmar-week-002925991.html

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကဲန်မရွန်ဟာ လာမည့် သောကြာနေ့ (၂၀၁၂ ဧပြီ ၁၃ ရက်နေ့) တွင် မြန်မာပြည်သို့ အလည်အပတ် သွားရောက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်က ပေးပို့တဲ့ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြထားပါတယ်။ ထို ခရီးစဉ်ဟာ တရက်ကြာ ခရီးစဉ် ဖြစ်ပြီး ဗြိတိန် ၀န်ကြီးချုပ်အနေနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံရန် ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူများကလည်း ထိုသတင်းနဲ့ ပတ်သက်ပြီး ဒေးဗစ် ကဲန်မရွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သောကြာနေ့တွင် တွေ့ဆုံနိုင်တယ်လို့ အေအက်ဖ်ပီကို ပြောကြားကြောင်း၊ အခြား အစိုးရ အရာရှိတဦးကတော့ ဗြိတိန်ဝန်ကြီးချုပ် မြန်မာပြည်ကို အလည်အပတ် ရောက်ရှိလာနိုင်သ်ာလည်း ထိုခရီးစဉ်အတွက် အဆုံးသတ် စီစဉ်စရာတွေ ရှိနေတယ်လို့ ပြောကြောင်း အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားပါတယ်။ သို့သော်လည်း ရန်ကုန် ဗြိတိသျှသံရုံး အင်တာနက်စာမျက်နှာမှာတော့ ထိုကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဖော်ပြထားတာ မတွေ့ရပါဘူး။

တကယ်လို့ ဒေးဗစ် ကဲန်မရွန်အနေနဲ့ မြန်မာပြည်ကို အလည်အပတ် သွားရောက် ဖြစ်တယ်ဆိုရင် ဗြိတိသျှ ထိပ်တန်းခေါင်းဆောင်တဦး၊ ဥရောပနိုင်ငံများက ထိပ်တန်းခေါင်းဆောင်တဦးရဲ့ မြန်မာပြည် ခရီးစဉ်အဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က အချက် ငါးချက်ပါ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေကို ဧပြီ ၄ ရက်နေ့က ကြေငြာခဲ့တာမို့ ဗြိတိသျှဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ဗြိတိန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲကိစ္စတွေ တိုင်ပင်ဖို့ လာရောက်လေသလားလို့ တွေးတောစရာ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များဟာ ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ၉၀ ရာနှုန်းကျော် အနိုင်ခဲ့ရတာမို့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံများက အနောက်နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့သလို အမေရိကန်ပြည်ထောင်စုကလည်း စီးပွားရေး ပိတ်ဆို့မှုတွေကို အကန့်အသတ်နဲ့ လျှော့ချပေးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိန်အကြီးအကဲရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အမေရိကန်ရဲ့သဘောထားကို ရောင်ပြန်ဟပ်တဲ့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှု လျှော့ချနိုင်ရေး၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့ မြန်မာအစိုးရနဲ့ ပိုမို ရင်းနှီးစွာ ဆက်ဆံနိုင်ရေး ကိစ္စတွေကို ဆွေးနွေးနိုင်ဘွယ်ရှိတယ်လို့ အကဲခတ်များက သုံးသပ်ကြပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင် အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်အာဏာရှင်များဟာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ မိမိပြည်သူများကို ဖိနှိပ် ချုပ်ချယ်ခြင်းများ ပြုလုပ်တဲ့အတွက် အနောက်နိုင်ငံများက စစ်အာဏာရှင်များနဲ့ အပေါင်းအပါများကို စီးပွားရေး ပိတ်ဆို့ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ထားခဲ့ကာ ဖိအားပေး ဆက်ဆံတဲ့နည်းလမ်းနဲ့ မြန်မာပြည်သူများရဲ့ လူ့အခွင့်ရေးကို အကာအကွယ် ပေးခဲ့ပါတယ်။ မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံများရဲ့ ပိတ်ဆို့မှုဟာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံများရဲ့ ဆက်ဆံရေးကိုပါ တစိတ်တပိုင်း ထိခိုက်လာခဲ့ပြီး အခုအချိန်မှာ စီးပွားရေး ပိတ်ဆို့မှု လျှော့ချစေလိုတဲ့ အသံတွေ ပိုမို ကျယ်လောင်လာခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံများက သူတို့ရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုများကို လျော့ချရန် ပြင်ဆင်နေတဲ့အခိုက်မှာ ၀ါရှင်တန်နဲ့ လန်ဒန်ရှိ မြန်မာ့အရေး လှုပ်ရှားကြတဲ့ အဖွဲ့များက မြန်မာပြည်အပေါ် ပိတ်ဆို့ထားမှုတွေကို အလောသုံးဆယ် လျှော့ချမှု မပြုစေလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
သတင်း - ဒေဗစ် ကဲန်မရွန် မြန်မာ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် - Apr 9 2012 11:18 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005