ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်တို့နှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံ

မြန်မာအစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆက်စပ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ၂၀၁၂ ဧပြီ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြန်မာပြည်တွင်း ခရီးစဉ်များ သွားလာ ဆောင်ရွက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဧပြီ ၇ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။ ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်များဟာ ဧပြီ ၈ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့များသို့ ခရီးထွက်ခွာခဲ့ပြီး ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စနဲ့ အခြား ဆက်နွယ်ကိစ္စရပ်များ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါတယ်။

ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်း (Saw Kwe Htoo Win) အား ယနေ့မြန်မာက ဧပြီ ၈ ရက်နေ့တွင် ဆက်သွယ် မေးမြန်းခဲ့ရာ “ကျွန်တော်တို့ မနေ့ (ဧပြီ ရ ရက်နေ့) က ဒေါ်စုနဲ့ နေ့လည်လောက်မှာ သွားတွေ့တယ်။ ဒေါ်စုနဲ့ တွေ့ခဲ့အချိန်မှာကျတော့ ကျွန်တော်တို့က ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ KNU ရဲ့ လုပ်ငန်းအစီအစဉ်လေးတွေရယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ရောက်ရှိနေတဲ့ အနေအထားတွေ ပြောပြတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါ လုပ်ရမယ့်အဆင့်တွေကို ဆွေးနွေး တင်ပြတယ်။ နောက်ပြီးတော့ ဒေါ်စုကလည်း သူ့အမြင်ကို ပြန်ပြီး ဖလှယ်တယ်။ ဖလှယ်တာက ပြည်တွင်းငြိမ်းချမ်းရေး တကယ် လိုအပ်နေတယ်ဆိုတာ ဒေါ်စုကလည်း လက်ခံတယ်။ နောက်ပြီးတော့ သူ့ရဲ့အမြင်မှာ ကျွန်တော်တို့ မျက်နှာချင်းဆိုင် တွေ့နိုင်တဲ့ တက်လှမ်းမှုတရပ်ကို တကယ် အားရမိတယ်။ အကြံဉာဏ်ပေးမှုတွေ လိုအပ်လို့ရှိရင်လည်း ကျွန်တော်တို့ကို ထောက်ပြဖို့ နားလည်မှု ရထားတယ်“ လို့ ရှင်းပြပါတယ်။

ကရင် အမျိုးသား အစည်းအရုံးအနေနဲ့ အခုလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသော်လည်း မြန်မာအာဏာပိုင်တွေဟာ ကရင်အမျိုးသား အစည်းအရုံးကို မတရားသင်းအဖြစ် ကြေငြာထားဆဲ ဖြစ်ပါတယ်။ ထိုသို့ ကြေငြာထားမှုဟာ တစုံတရာ အဆင်မပြေဖြစ်တဲ့အခါ အလွယ်တကူ သုံးစွဲနိုင်တဲ့ ဥပဒေတခုလို ဖြစ်နေပါတယ်။ ထိုသို့ မတရားသင်း ကြေငြာထားမှုနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ “အဲဒီကိစ္စနဲ့ ပတ်သက်တာကတော့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ပိုင်း သဘောတူညီချက်အဆင့်တခုတော့ လိုအပ်တယ်လို့ ထင်တယ်။ ဒီကိစ္စကို ကျွန်တော်တို့ အစိုးရဆီကို တင်ပြတယ်။ သမ္မတနဲ့ တွေ့တဲ့အချိန်မှာလည်း ဒါကို တင်ပြတာ ရှိတယ်။ ပြည်သူလူထုတွေအနေနဲ့ ကျွန်တော်တို့ မူလကတော့ မတရားသင်းဆိုတဲ့ ဥပဒေကြီးက ရှိနေတော့ ဆက်သွယ်ရမှာ အခက်အခဲ မ၀ံ့မရဲ ရှိနေတယ်။ ဒီ ဥပဒေကို မရုတ်သိမ်းသော်လည်း လက်တွေ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာကျတော့ လူထုနဲ့ တွေ့ဆုံမှု၊ အကြံဉာဏ်ပေးမှု လုပ်ကိုင်တဲ့နေရာမှာ ပိတ်ပင်တာတော့ မရှိဘူး။ ဒါပေမယ့် ဒီ ဥပဒေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်တဲ့ အတိုင်းအတာတော့ ရှိနေတာပေါ့နော်“ လို့ ဖြေကြားသွားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ဧပြီ ၇ ရက်နေ့က ကြေငြာချက် ထုတ်ရာမှာတော့ ကရင် အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ပြီး အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီက အထူးလေယာဉ်နဲ့ ကြပ်ပြေးနေပြည်တော်ကို ထွက်ခွာပြီး မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ အလွတ်သဘော ဆွေးနွေးပွဲကို တနာရီခွဲကြာ ပြုလုပ်ခဲ့ရာ ဦးသိန်းစိန်က အစိုးရသစ်ရဲ့ လုပ်ငန်းများကို ရှင်းလင်း ပြောပြသလို ကရင်အမျိုးသား အစည်းအရုံးကလည်း အပြုသဘောဆောင်တဲ့ အမြင်များကို တင်ပြခဲ့ကြောင်း၊ ဒါ့အပြင် ကရင် အမျိုးသား အစည်းအရုံးအား မတရားသင်းမှ ပယ်ဖျက်ပေးရန် တင်ပြချက်ကို သမ္မတကြီးက အမြန်ဆုံး လုပ်ဆောင်ဖို့ရှိတယ်လို့ ပြန်လည် ဖြေကြားခဲ့ကြောင်း၊ ထို ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးခင်ရီတို့ တက်ရောက်သလို ငြိမ်းချမ်းရေး အကျိုးဆောင်များ ဖြစ်ကြတဲ့ ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်နဲ့ ဦးငွေစိုးတို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဧပြီ ၉ ရက်နေ့မှာတော့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး ကျောက်ကြီးမြို့နဲ့ ထားဝယ်မြို့များကို ထွက်ခွာခဲ့ရာ ဆက်သွယ်ရေးရုံး ဖွင့်လှစ်ရန် ကိစ္စ၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများ ကိစ္စ၊ တပ်များဆိုင်ရာကိစ္စများ ဆွေးနွေးရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
သတင်း - ကရင် အမျိုးသား အစည်းအရုံး ဒေါ်အောင်ဆန်းစုကြည် ဦးသိန်းစိန် - Apr 9 2012 01:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005