မျှဝေသူတို့ ၏ ပေးဆပ်မှုများ (၂)

၂၀၁၂ ခုနှစ်၊ ဧပြီလ ၇ ရက် (စနေနေ့) နံနက် (၉) နာရီ အချိန်တွင် နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူ အချို့သည် ဒဂုံအရှေ့ပိုင်းရှိ ဦးလှထွန်း (Hospice) မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်းသို့ သွားရောက်ကာ ငွေလှူဒါန်းပွဲသို့ တက်ရောက် အလှူခံခဲ့သည်။ ဦးလှထွန်း (ကင်ဆာ ဖောင်ဒေးရှင်း) (နာယကကြီး) ဗိုလ်ချုပ်အေဘယ်(လ်) (ငြိမ်း) နှင့် ဥက္ကဋ္ဌ (Prof) ဒေါက်တာမျိုးညွန့်၊ ဒု - ဥက္ကဋ္ဌ (Prof) ဒေါ်ရီရီမြင့်နှင့် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းရှိ အလုပ်အမှုဆောင်များမှ ကြိုဆို နူတ်ဆက်ကာ အလှူငွေ (၁၀) သိန်းတိတိအား လှူဒါန်းခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ ကွယ်လွန်သွားရှာကြသော ကင်ဆာဝေဒနာရှင် ဦးရေ (၂,၀၀၀) ဦးခန့်ကို (အခမဲ့) နာရေး ပို့ဆောင် သဂြိုံဟ်ပေးခဲ့ပြီး ဖြစ်သည်။ ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)မှ (နာယကကြီး)ဗိုလ်ချုပ်အေဘယ်(လ်)(ငြိမ်း) နှင့် အလုပ်အမှုဆောင်များသည် ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း၏ စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကာ ကွယ်လွန်သူ ဦးလှထွန်း အမှတ်တရပြတိုက်အား ပြသခဲ့သည်။ ကွယ်လွန်သူ ဦးလှထွန်း နှစ်သက် မြတ်နိုးခဲ့သော အသုံးအဆောင်ပစ္စည်းများ၊ ဦးလှထွန်း နှစ်သက်ခဲ့သော ပန်းချီကားများနှင့် “ဘကြီးအောင်ညာတယ်” ပန်ချီကား အပြင် စာအုပ်စာပေများ၊ ဦးလှထွန်း၏ မိသားစု ဓါတ်ပုံများ၊ ဦးလှထွန်း ချစ်ခင် အားကိုးခဲ့သော အိမ်မွေး ခွေးလိမ်မာကြီးများနှင့် အမှတ်တရ ရိုက်ကူးထားပုံများနှင့် အတူ ကွယ်လွန်သူ ဦးလှထွန်း၏ လူတရပ်စာ ပုံတူရုပ်ထုကြီးများအား လေ့လာ တွေ့ရှိခဲ့သည်။ ထို့နောက် ကင်ဆာ ဝေဒနာရှင်များထံ သွားရောက် အားပေးစကားများ ပြောကြားခဲ့ရာ တွင်ပထမဦးဆုံး သံဃာတော်များ ထားရှိရာ အဆောင်သို့ သွားရောက်ခဲ့ပြီး ဂါရ၀ပြု အားပေးစကားများ ပြောကြားခဲ့ကာ အမျိုးသား ကင်ဆာ ဝေဒနာရှင်များ ထားရှိရာ အဆောင်တွင်းသို့ လည်းကောင်း၊ အမျိုးသမီး ကင်ဆာ ဝေဒနာရှင်များထံသို့ လည်းကောင်း သွားရောက် အားပေးစကား ပြောကြားခဲ့ကာ ဝေဒနာရှင်များ၏ ဆန္ဒအရ အမှတ်တရ ဓါတ်ပုံများ တွဲရိုက်ပေးခဲ့သည်။ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းတွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင် ကင်ဆာဝေဒနာရှင်ပေါင်း (၃,၀၀၀) နီးပါးခန့်က ကုသပေးခဲ့ရာ လုံးဝ ရောဂါ ပျောက်ကင်းသွားသောသူများလည်း ရှိသည်ဟု သိရှိခဲ့ရသည်။ ယင်းနောက် ကင်ဆာ ဖောင်ဒေးရှင်းတွင် ရှိသော ဘုရားခန်းကို (ဘုရားခန်းဟု ဆိုရာ၌ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) နည်းတူ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား ကူညီစောင့်ရှောက်သော ဖောင်ဒေးရှင်း ဖြစ်ပါသဖြင့် လူမျိုးဘာသာအလိုက် ကိုးကွယ်ရာဘုရားခန်း များကိုလည်း သီးသန့်ထားရှိခြင်းကို တွေ့ရှိခဲ့ရသည်။) စာကြည့်ခန်း၊ သန့်ရှင်းသန့်ပြန့်သော ထမင်းစားခန်း စသည်တို့ကို လိုက်လံ လေ့လာ ကြည့်ရှုကာ “စောင့်ရှောက်ခြင်းသည် ဒို့တာဝန်၊ စောင့်ရှောက်ခြင်းသည် မျှဝေမှု” ဟူသော ဆောင်ပုဒ်ကို လက်ကိုင် ကျင့်သုံးလျှက်ရှိသော ဦးလှထွန်းကင်ဆာ ဖောင်ဒေးရှင်း (နာယကကြီး) ဗိုလ်ချုပ်အေဘယ်(လ်) (ငြိမ်း)နှင့် အလုပ်အမှုဆောင်လူကြီးများ၊ သူနာပြု ဆရာမများအား နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာခဲ့တော့သည်။

အချုပ်ဆိုရသော် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ အလှူငွေလက်ခံရန်အတွက် ဖိတ်ကြား ခံရသောအချိန်၌ ကျွန်တော်၏စိတ်တွင် ကင်ဆာဝေဒနာရှင် အများစုတို့သည် မိမိတို့၏ ဝေဒနာမျာကို ခံစားနေရင်းဖြင့် ဘ၀ ကူးပြောင်းရမည့်နေ့ရက်ကို စောင့်စားနေရသူများဖြစ်သဖြင့် မိမိ (နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ) အနေဖြင့် သွားရောက်ပါက ဝေဒနာရှင်လူနာများ၏ စိတ်ထဲတွင် အားငယ်စိတ်၊ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်များ ဖြစ်ပေါ်သွားမည်ကို မိမိအနေဖြင့် စိုးရိမ်မိခဲ့သည်။ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း (နာယကကြီး) ဗိုလ်ချုပ်အေဘယ်(လ်) (ငြိမ်း)နှင့် အလုပ်အမှုဆောင် လူကြီးလူကောင်းများမှ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုကို ပြုလုပ်လိုသည်ဟု သိရှိရပါသဖြင့် မိမိ အနေဖြင့် အချိန်မအားလပ်သည့်ကြားမှ စိုးရိမ်စိတ်နှင့်အတူ သွားရောက်ခဲ့သည်။ သို့ သော် ကင်ဆာဖောင်ဒေးရှင်းသို့ ရောက်ရှိ၍ ကင်ဆာဝေဒနာရှင်များနှင့် တွေ့ကြုံရသောအခါ မိမိ ထင်မြင်ထားသော မိမိအား ကြောက်ရွံ့မှုများဖြင့် ကြိုဆိုကြမည့်အစား ဝေဒနာရှင်များသည် ၀မ်းသာအားရ ကျေနပ် ပီတိဖြစ်စွာ ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ကူးကြခြင်း တို့အပြင် မိမိတို့၏ လုပ်ဆောင်မှုများ၊ ပေးဆပ်မှုများ၊ ကူညီပေးမှုများအပေါ် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ရခြင်းကြောင့် မိမိအနေဖြင့် များစွာ အံသြ၊ ၀မ်းသာ၊ ပီတိ ဖြစ်ခဲ့ရပါတော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 8 2012 05:12 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005