လွတ်မြောက်ရေးသို့

သာယာဝတီအကျဉ်းထောင်တွင်းသို့ ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားမောင်လက်ျာထွန်း၏ အသက် (၄၀) နှစ်ပြည့်မွေးနေ့အား ရည်စူး၍ မိခင်ကြီး ဒေါ်ရီမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူငွေ ၅ သိန်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ ၅ သိန်း၊ စုစုပေါင်း အလှူငွေ ၁၀ သိန်းကျပ်တိတိအား (၅၊ ၄၊ ၂၀၁၂) ရက်နေ့ ကြာသာပတေးနေ့တွင် လမ်းမတော်မြို့နယ် (၁၅) လမ်း နေအိမ်၌ လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။ မောင်လက်ျာထွန်း၏မိခင်ကြီး ဒေါ်ရီမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားသွားလာ၍ မရသဖြင့် ဘီးတပ်ကုလားထိုင်ဖြင့်သာ နေထိုင်နေရသူဖြစ်၍ မိခင်ကြီးမှ ကိုယ်တိုင်ကိုယ်ကျ မိမိ၏လက်နှင့် မောင်လက်ျာထွန်း အတွက် လှူဒါန်းငွေကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူလက်ထံသို့ လှူဒါန်းမှုကို ပြုလုပ်လိုပါသဖြင့် လမ်းမတော်မြို့နယ် နေအိမ်သို့ မွန်းတည့် (၁၂း၀၀)နာရီအချိန်တွင် သွားရောက်ကာ အလှူငွေကို လက်ခံ ရယူခဲ့ပါသည်။ မောင်လက်ျာထွန်း၏မိခင်ကြီး ဒေါ်ရီသည် ယနေ့ (၆၊ ၄၊ ၂၀၁၂) ရက်နေ့ သောကြာနေ့တွင်လည်း မောင်လက်ျာထွန်းရှိရာ သာယာဝတီအကျဉ်းထောင်သို့ သားဖြစ်သူထံသို့ ကျန်းမာရေးမကောင်းသည့်ကြားမှ မဖြစ်မနေအရောက်သွားရှိကာ ဘဝတူ အကျဉ်းသားများနှင့် ဝန်ထမ်းများအား ဒန်ပေါက် အထုပ် (၁,၁၅ဝ) ထုပ်အား မောင်လက်ျာထွန်း မွေးနေ့ဒါနအဖြစ် သွားရောက် ကုသိုလ်ပြုမည်ဟုလည်း သိရှိခဲ့ရသည်။

မောင်လက်ျာထွန်းသည် အသက်(၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ ဘဝထက်ဝက်ခန့် (နှစ်ပေါင်း ၂၀) နီးပါးသည် အကျဉ်းထောင်အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။ သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်း ဖြစ်သည်။ သူ၏ဘဝသက်တမ်း ထက်ဝက်ခန့်သည် အကျဉ်းထောင်ထဲတွင် အချုပ်အနှောင်ခံဘဝတွင် လူ့အသိုင်းအ၀ိုင်းနှင့် ကင်းကွာနေရသော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူ တတ်မြောက်ထားသော ပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် အဖိုးမဖြတ်နိုင်သော မိုးကုတ်ဆရာတော်ဘုရားကြီး လမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာတရားစခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီ အကျဉ်းထောင်အတွင်း တည်ထားကိုးကွယ်ကာ လမ်းညွှန် ပြသ သင်ကြားပေးနေသူတဦးလည်း ဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။

ထိုထိုသော အများအကျိုး ရွက်သယ်ပိုးကာ ကုသိုလ်ပြုနေသော၊ မြတ်စွာဘုရား၏ တရားဒေသနာများကို ကိုယ်တိုင် ကျင့်သုံးကာ အများသူငှာတို့အားလည်း သာသနာတော်ပြန့်ပွားရေးနှင့် ငြိမ်းချမ်းသောမဂ်ဖိုရ်နိဗ္ဗာန်ကို ရောက်ရှိအောင် လမ်းပြပေးနေသူတယောက် ယခုကဲ့သို့ သူတော်စင်၊ သူတော်ကောင်းတို့နှင့်လားလားမှ မအပ်စပ်သော၊ မနေထိုင်သင့်သော အရပ်ဒေသဌာနဖြစ်သည့် အကျဉ်းထောင်အတွင်းသို့ နှစ်ရှည်လများ ၀င်ရောက် နေထိုင်နေရခြင်းသည် အတိတ်ဘ၀က ကံအကျိုးဆက်ကို ပြန်လည် ခံစားရခြင်းပင် ဖြစ်ပေလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိတော့သည်။

ထို့ကြောင့် မောင်လက်ျာထွန်း၏ အတိတ်ဘဝမှ အကုသိုလ်ကံအကျိုးဆက်များသည် ယခု အသက် (၄ဝ) ပြည့် မွေးနေ့မှစ၍ ကုန်ဆုံး၊ ကွယ်ပျောက်၊ အဆုံးသတ်ကာ ယခုဘဝတွင် ပြုလုပ်ခဲ့သော ကုသိုလ်ကံအကျိုးဆက်များ၊ အကျိုးတရားများကို အသစ်တဖန် ပြန်လည် ခံစား စံစားနိုင်ကာ အကျဉ်းကျနေသောဘ၀မှ အမြန်ဆုံး လွတ်မြောက်ကာ ပြင်ပလူ့လောကတွင် ဘာသာသာသနာနှင့် အများအကျိုးကို လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ပေးဆပ်နိုင်သောဘ၀သို့ အမြန်ဆုံးရောက်ရှိပါစေဟု ကျွန်တော်နှင့်အတူတကွ မြန်မာပြည်သူပြည်သားအားလုံး ၀ိုင်းဝန်း ဆုတောင်းမေတ္တာပို့သပေးရန်အတွက် နှိုးဆော်လိုက်ရပါသည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 7 2012 03:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005