ဘုရားလည်း ဖူး လိပ်ဥလည်း တူး (၁)

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရေဘုတ်ကျေးရွာ (အရှေ့ခြမ်း)၊ ကံဦးဘုရားကျောင်းမှ ဘုရားအမ အသက် (၃၀) အရွယ်ရှိ ဒေါ်စောနန်းမှ ငွေအားစိုက်ထုတ်ဒါနပြုကာ ဒေါ်စောနန်း၏ မောင်ဖြစ်သူ ကိုကျော်ဇောအောင် ဦးစီး၍ ကံဦးသွေးလှူရှင်များအသင်း နှင့် လူမှုကူညီရေး အသင်းသား ဦးရေ (၄၀၀) ကျော်အား မဲစနစ်ဖြင့် မဲနှိုက်ကာ ကံထူးသူ လူဦးရေ (၉၄) ယောက်တို့အား အမရပူရမြို့မှ(၂၊ ၄၊ ၂၀၁၂) ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး မြို့အနှံ့ ဘုရားစုံဖူးရင်း (၄၊ ၄၊ ၂၀၁၂) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ညနေ (၃း၀၀) ခန့်တွင် ရောက်ရှိလာခဲ့သည်။ ထိုကဲ့သို့ မဲနှိုက်၍ ကံထူးသူတို့ကို ခေါ်ဆောင်လာရာတွင် အသက် (၆၀) နှင့်အထက် အဖိုးအဖွားများကိုလည်း မဲနှိုက်၍ (၁၀) ဦး သီးသန့်ခေါ်ခဲ့သည်။ လူငယ်လူရွယ်များတွင်မက အသက်အရွယ်ကြီးမားသော အဖိုးအဖွားတို့သည်လည်း ဘုရားစုံဖူးလိုခြင်း အပြင် ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့လည်း လာရောက် လေ့လာလိုခြင်းကြောင့် ဖြစ်ပေသည်။ ကံဦးသွေးလှူရှင်များအသင်းရှိ အသင်းသား (၄၀၀) ကျော် တို့သည် ရေဘုတ်ရွာ၊ တောယားရွာ၊ ဘောပုံရွာ၊ ဂျိုရွာ၊ တောင်ကိုင်းရွာ၊ တမုတ်ဆိုးရွာ၊ သာလာအေးရွာ၊ ကံရိုးရွာ၊ မုန်တောရွာ စသည့်ရွာများမှ ရွာသူ/သား များ ဖြစ်ကြသည်။ ၂၀၁၀ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် လူသားတို့၏ အသက်ကို ကယ်တင်ရာဖြစ်သော သွေးဖြင့် ကူညီလှူဒါန်း ကယ်တင်မှုများ ပြုလုပ်ခဲ့သည်မှာ (၅) ကြိမ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်သည်။

ကံဦးသွေးလှူရှင်များအသင်းနှင့် လူမှုကူညီရေး အသင်းသားဦးရေ (၉၄) ဦးတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဘုရားဖူးယာဉ်ကြီး (၂) စီးဖြင့် ရောက်ရှိလာကြပြီး အသင်းကြီး၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။ ထို့နောက် နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင် သင်တန်း တက်ရောက်နေကြသော ကလေးငယ်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပေးဆပ်မှုဓါတ်ပုံများ ယခင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသင်းအဆောက်အဦး ဓါတ်ပုံများ၊ နှင့် ယခုမြောက်ဒဂုံမြို့နယ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မြေနေရာ အဆောက်အဦး ဆောက်လုပ်မှု ဓါတ်ပုံများအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ လိုက်လံပြသခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အစည်းအဝေးခန်းမထဲရှိ ဘုရားကျောင်းဆောင် ပေါ်တွင် ပူဇော်ခံထားရှိသော သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓစွယ်တော်ပွားအားလည်း ၀င်ရောက် ဖူးမျှော် ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူနာများ ဆေးကုသခံယူနေပုံ၊ မျက်စိကုသခန်းများ၊ ဓါတ်ခွဲခန်းများ၊ ဆေးပေးကောင်တာနှင့် ဆေးစတိုခန်းများ စသည်များအား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြသည်။ ထို့နောက် နာရေးကူညီမှုအသင်းကြီးတွင် ထားရှိသော နိုင်ငံခြားဖြစ်အခေါင်းများအား လိုက်လံပြသပေးခြင်းနှင့် အသက် (၈၀) နှစ် နှင့် အထက် နာရေးလမ်းကြောင်းများ၌ အသုံးပြု ကူညီပေးသော အထူးနိဗ္ဗာန်ယာဉ်ကြီးများအား နာရေးကူညီမှု အသင်းသား/သူများမှ လိုက်လံ ရှင်းလင်းပြသခဲ့ကာ ညနေ (၅း၀၀) အချိန်တွင် ကံဦးသွေးအလှူရှင်အဖွဲ့သားများ နှင့် အုပ်စု (၄) စု ခွဲကာ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အမှတ်တရ မှတ်တမ်းပုံများ ရိုက်ကူးကာ ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း (ရန်ကုန်) အလှူရှင်များအား လက်ဆောင်အဖြစ် ပေးအပ်သော ပေးဆပ်သူများအမှတ် (၁)၊ MTV သီချင်းခွေများနှင့် ဆရာမ ဒေါ်သန်းမြင့်အောင် ရေးသားထားသော “ရေဝေး ထိန်ပင် ထားဝယ်ချောင်“ စာအုပ်တို့အား ကံဦးသွေးလှူရှင်အဖွဲ့ခေါင်းဆောင် ကိုကျော်ဇောအောင်အား လက်ဆောင်အဖြစ် ပေးအပ်ကာ ကံဦးသွေးလှူရှင်အဖွဲ့သားများသည် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ ကံဦးသွေးလှူရှင်များ အသင်းသားများသည် ချောင်းသာခရီးစဉ်နှင့် ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်တို့အား ဆက်လက် သွားကြမည် ဖြစ်သည်။

ကံဦးသွေးလှူရှင်အဖွဲ့ ဘုရားဖူးခရီးစဉ်သည် လူငယ်လူရွယ်များအပြင် အဖိုးအဖွား အရွယ်များပါ ပါရှိသည့်အပြင် ခရီးစဉ်တလျှောက် ကုန်ကျစာရိတ်များကို ကံဦးဘုရားဒါယိကာမ ဒေါ်စောနန်းမှ ဒါနပြုခဲ့သလို ခရီးစဉ်လမ်းကြောင်းသည်လည်း မြို့ရွာအနှံ့ ဘုရားဖူးခြင်း၊ အထက်ဗမာပြည် အရပ်ဒေသမှ ရောက်ရှိရန် ခက်ခဲသော ချောင်းသာပင်လယ်ကမ်းခြေသို့လည်းကောင်း၊ ရောက်ရှိရန် မလွယ်ကူသော ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်ဘုရားကိုပါ ဖူးမျှော်ခွင့် ရရှိသည့်အပြင် လူသားတို့ မလွန်ဆန်နိုင်သော သေခြင်းတရားတို့ကို ထင်ဟပ်စေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ပါ ဝင်ရောက်လေ့လာခွင့်၊ သံဝေဂရခွင့်များကိုပါ ရရှိစေခဲ့သောကြောင့် ကံဦးသွေးလှူရှင်များအသင်း၏ ခရီးစဉ်အား “ဘုရားလည်းဖူး လိပ်ဥလည်းတူး” ဟူ၍ အမည်ပေးလိုက်ရပါတော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 6 2012 04:43 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005