တိုင်းမ် ၁၀၀ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲ ပေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ၊ မြစ်ဆုံအတွက် ရေးတဲ့စာ နဲ့ မုခစာမျက်နှာက သတင်းများ
20120331 DASSK - Time 100

http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2109619,00.html

အခုရက်ပိုင်းအတွင်း မုခစာမျက်နှာ (ဖေ့စ်ဘွတ်) မှာ တွေ့တာလေးများထဲက အများ စိတ်ဝင်စားကြတဲ့ အကြောင်းအရာ သုံးခုဖြစ်တဲ့ တိုင်းမ် ၁၀၀ စာရင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ လှုံ့ဆော်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ တရုပ် စီပီအိုင်ကုမ္ပဏီက ပေးပို့တဲ့ စာ စတဲ့ အကြောင်းအရာများကို အခုသတင်းတွင် ဖော်ပြသွားပါမယ်။

၂၀၁၂ ဧပြီ ၁ ရက်နေ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် ထောက်ခံမဲတွေ ပေးပြီးကြတဲ့နောက် မုခစာမျက်နှာမှာရော၊ အီးမေးလ်တွေထဲမှာပါ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးပို့ စာတွေ ထပ်ပြီး ပြန့်နှံ့လာခဲ့ပါတယ်။ ဒီတခါ မဲပေးဖို့ လက်တို့ ပြောနေကြတာကတော့ တိုင်းမ် မဂ္ဂဇင်းမှာ နှစ်ဆန်းတိုင်း ဖော်ပြနေကျ တိုင်းမ် ၁၀၀ လူပုဂ္ဂိုလ်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ဖို့အတွက် မဲပေးကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဒီနှစ် တိုင်းမ် ၁၀၀ စာရင်းအတွက် ဆန္ဒပြုနိုင်ကြသူစာရင်းထဲမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ဦးရဲ့ အမည်တွေ ပါဝင်နေသော်လည်း ဦးသိန်းစိန်ကို မဲပေးကြဖို့ လှုံ့ဆော်တာ မတွေ့ရဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေးဖို့ လှုံ့ဆော်နေတာကိုပဲ တွေ့ရပါတယ်။ တိုင်းမ် ၁၀၀ အတွက် နောက်ဆုံး မဲပေးနိုင်မယ့်နေ့ရက်ဟာ ၂၀၁၂ ဧပြီ ၆ ရက်နေ့ ဖြစ်တာမို့လည်း မဲပေးနိုင်မယ့်အချိန် မကုန်ဆုံးမီ အမြန် မဲပေးနိုင်အောင် အီးမေးလ်တွေ၊ ဖေ့စ်ဘွတ်တွေကတဆင့် ပြောနေကြတာ ပါ။ သတင်းရေးနေချိန်မှာ တွေ့ရတာကတော့ တိုင်းမ် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အမည် ထည့်သွင်းသင့်ကြောင်း မဲပေးသူ ၄၂,၆၃၉ ဦး (၉၄ ဒဿမ ၉ ရာခိုင်နှုန်း) က ဆန္ဒပြုထားပြီး ၂,၂၉၁ ဦး (၅ ဒဿမ ၁ ရာနှုန်း) ကတော့ မထည့်သွင်းသင့်ဘူးလို့ ဆိုပါတယ်။ မဲပေးသူ အနည်းအများ တန်းစီဇယားမှာတော့ ဒေါ်အောင်ဆန်းစုကြည် အမည်က အမှတ် ၁၃ တွင် ရှိပါတယ်။ မဲပေးသူ အများဆုံး ရရှိထားသူက အိန္ဒိယနိုင်ငံရေးသမား နာရန်ဒရာ မိုဒီ (Narendra Modi) ဖြစ်ပေမယ့် သူ့ကို ၇၀ ရာနှုန်းကျော်က ထောက်ခံ ဆန္ဒပြုထားပြီး ၃၀ ရာနှုန်းနီးပါးက ကန့်ကွက်ဆန္ဒပြုထားပါတယ်။ ရုရှားခေါင်းဆောင် ဘလာဒီမီယာ ပူတင် (Vladimir Putin) ကတော့ တန်းစီဇယား အမှတ် ၁၂ တွင် ရှိပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ကို ထောက်ခံ ဆန္ဒပြုသူ ၁၀,၈၃၄ ဦး (၇၀ ဒဿမ ၈၄ ရာခိုင်နှုန်း) ရှိကာ ကန့်ကွက်ဆန္ဒပြုသူ ၄,၅၄၀ ဦး (၂၉ ဒဿမ ၅၂ ရာခိုင်နှုန်း) ရှိပါတယ်။ ဦးသိန်းစိန်ကို ဆန္ဒပြုလိုသူများ http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html ကတဆင့် ဆန္ဒပြုနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြုလိုသူများကတော့ http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2109619,00.html စာမျက်နှာတဆင့် ဆန္ဒပြုနိုင်ပါတယ်။

မုခစာမျက်နှာတွေ ဘလော့ဂ်တွေမှာ ရံဖန်ရံခါ တွေ့လေ့တွေ့ထ ရှိပေမယ့် ရေးမယ်လို့ စိတ်ကူးမထားမိတဲ့ အကြောင်းအရာတခုကို အခုသတင်းထဲမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတဲ့ စာနုယဉ် ဖြစ်ပါတယ်။ ထိုစာဟာ အနောက်နိုင်ငံတွင် ရေးလေ့ရေးထရှိတဲ့ သေတမ်းစာပုံစံမျိုး ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီးသွားတဲ့အခါ မည်သို့မည်ပုံ ဆောင်ရွက်ပါဆိုပြီး ရေးသားထားတဲ့ စာပါ။ သာမာန်စာပုံစံထက် ဖန်တီးမှုသဘော သက်ရောက်တဲ့အတွက် လူငယ်တွေ စိတ်ဝင်စားကြပြီး ဒေါ်အောင်ဆန်းစုကြည် ရေးသားထားတယ်လို့ ယူဆကြကာ ထင်ကြေးတွေ၊ ကောက်ချက်တွေ ပေးကြ၊ ပြောကြတာကို တွေ့ရပါတယ်။ ဒ့ါကြောင့်လည်း အချိန်တွေ ကြာသွားတဲ့အခါ မှန်သလား၊ မှားသလား ဝေဖန် ပိုင်းခြားဖို့ ခက်ခဲနိုင်မှာကို စဉ်းစားမိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရေးသားတာ မဟုတ်ကြောင်း အခုသတင်းမှာ ရေးသား ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ ရင်ခုန်မှုကို စတင် သတိထားမိတာကတော့ ၂၀၀၃ ခုနှစ်မှာဖြစ်ပြီး လူငယ်တွေရဲ့ ငြိမ်းချမ်းရေးနတ်သမီးသီချင်းဟာ အီးမေးလ်တွေ၊ အင်တာနက်စာမျက်နှာတွေကတဆင့် ကမ္ဘာတလွှားကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနတ်သမီးသီချင်းဟာ ရက်ပ်စာသားနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဖော်ကျူးထားတဲ့ တေးသွား ဖြစ်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး လူငယ်တွေ ဖန်တီးတဲ့ စာတွေ၊ ဂီတတွေ ပိုမို ထွက်ပေါ်လာခဲ့ပါတယ်။ ထိုသို့ ဖန်တီးခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခံစားမှုသဘောမျိုး ရေးသားတဲ့ စာများလည်း ပါဝင်ခဲ့ပါတယ်။ အခု ဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်တွေထဲမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခံစားမှုတစုံတရာကို အနုပညာသဘောနဲ့ ဖွဲ့ထားတဲ့ စာနုယဉ်တမျိုးသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားထားတဲ့ စာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ပြန့်နှံ့မှု များပြားလာပြီး ရေးသားထားတဲ့ ဖန်တီးမှုအတတ်ပညာကြောင့် လူငယ်တွေ အတော့်ကို စိတ်ဝင်စားကြတာ တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ရေးသားတယ်လို့ ယူဆမှုတွေ များပြားလာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိထားတဲ့ အချက်အလက်များအရတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတဲ့စာဟာ ဒေါ်အောင်ဆန်းစုကြည် ရေးသားထားခြင်း မဟုတ်တာကတော့ အသေအချာ ဖြစ်ပါတယ်။

အခု ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ထဲမှာ စိတ်ဝင်စားမှု အများအပြား ရရှိခဲ့တဲ့ စာ နောက်တစောင်ကတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ လိပ်မူပြီး မြစ်ဆုံ စီမံကိန်း စတင်ရန်အတွက် တရုပ်နိုင်ငံ စီပီအိုင် (CPI) ကုမ္ပဏီက ပေးပို့တဲ့ စာ ဖြစ်ပါတယ်။ ထို စာတွင် လုပ်သား ၅၀၀ အား ယာယီနေထိုင်ခွင့် ကဒ်ပြား ထုတ်ပေးဖို့နဲ့ လုပ်ငန်းခွင်သုံး ပစ္စည်း၊ ယန္တယားများကို ကန်ပိုက်တီ နယ်စပ်ဂိတ်မှ အခွန်ကင်းလွတ်ခွင့်နဲ့ ၀င်ရောက်လုပ်ကိုင်ဖို့ တင်ပြ တောင်းခံထားပါတယ်။ ထိုစာဟာ ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စီပီအိုင် ကုမ္ပဏီက ၀ါရှောင် - ဆဒုံး - ကန်ပိုက်တီးလမ်း ပြုပြင်ရန်အတွက် မတ်လ ၂၈ ရက်နေ့တွင် ပေးပို့တဲ့ စာကို ပြင်ဆင်ထားခြင်းသာ ဖြစ်ကြောင်း၊ အစစ်အမှန် မဟုတ်ကြောင်း ကချင်ပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ်က အလဲဗဲန်းမီဒီယာကို ပြောဆိုကာ တရားဝင် ငြင်းဆိုထားပါတယ်။ (http://www.weeklyeleven.com/index.php?option=com_content&view=article&id=13118:2012-04-05-08-15-26&catid=42:2009-11-10-07-36-59&Itemid=112)

မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်နဲ့အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေတဲ့ စာဟာ ဧပြီ ၃ ရက်နေ့က ဒီမိုဝေယံ ဖြန့်လိုက်တဲ့ စာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အစိုးရက အလဲဗဲန်းမီဒီယာကို ဖက်စ်နဲ့ ပေးပို့တဲ့ စာနဲ့ ဒီမိုဝေယံ ဖြန့်လိုက်တဲ့စာနဲ့ အတော့်ကို ဆင်တူနေသော်လည်း တရုပ်ကုမ္ပဏီရဲ့ တံဆိပ်တုံး ရိုက်နှိပ်ထားတဲ့ နေရာမှာ ကွဲပြားနေပါတယ်။ သို့သော် ဒီမိုဝေယံ ဖြန့်တဲ့စာတွင် ဖော်ပြထားတဲ့ အကြောင်းအရာ နေရာက မြန်မာစာလုံးနဲ့ အခြားစာသားတွေရဲ့ မြန်မာစာလုံး မတူတာကိုလည်း သတိထားမိပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး လူအများ စိတ်ဝင်စားတဲ့ အင်တာနက်စာမျက်နှာထဲက သတင်းတပုဒ်ကို ပြည်နယ်အဆင့် တာဝန်ရှိသူတွေဆီက တရားဝင် တုန့်ပြန်ချက်ရတာကိုတော့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ချိုင်းနားဒေလီ သတင်းဌာနကတဆင့် တရုပ်တာဝန်ရှိသူတွေက မြန်မာအစိုးရကို မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည် စတင်ဖို့ မတ်လ ၁၁ ရက်နေ့တွင် တရားဝင် ထုတ်ဖော် ပြောကြားလိုက်တဲ့နောက် မြန်မာပြည်သူများအကြား မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည် စတင်တော့မှာလားဆိုတဲ့ သံသယတွေ များပြားလာခဲ့ပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းဒေသအတွင်း နေထိုင်နေတဲ့ တန်ခဲရွာသားများအား မူရင်းနေရွာတွင် ပြန်လည် နေထိုင်ခွင့် မပြုနိုင်ကြောင်း အာဏာပိုင်တွေရဲ့ တုန့်ပြန်ချက်နဲ့ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်တယ်ဆိုတဲ့ ဒေသခံတွေဆီက ကြားရတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့ ၆ လကျော်က မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းဖို့ ကြေငြာချက်ကို စိန်ခေါ်နေသလို ဖြစ်နေပါတယ်။ ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်တွေ ထိုးစစ်တွေ ရပ်စဲဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ကြေငြာခဲ့သော်လည်း စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာမို့ ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ဦးသိန်းစိန်ရဲ့ ကြေငြာချက်တွေဟာ ကြာရွက်ပေါ် ရေစက်တင်သလို အရာထင် မကျန်ရစ်ခဲ့တာမို့ မြစ်ဆုံရေကာတာ ပြန်လည် စတင်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ပိုမို တိုးပွားလာနေပါတယ်။

ဖွံ့ဖြိုး တိုးတက်လာတဲ့ တရုပ်နိုင်ငံဟာ သူ့ရဲ့ စွမ်းအင်လိုအပ်ချက်အတွက် လျှပ်စစ်ဓါတ်အား၊ ရေနံနဲ့ အခြားစွမ်းအင် ရင်းမြစ်တွေကို အရှိန်အဟုန်မြှင့် ရှာဖွေနေရာ နီပေါလ်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ တန်ဖိုးရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်ဖို့ ကြိုးစားနေသလို မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပင်လယ်ပြင်က သဘာဝဓါတ်ငွေ့တွေ တင်ပို့မယ့် ဆက်ကြောင်းကိုလည်း တည်ဆောက်နေပါတယ်။ ထို့အပြင် အရှေ့အလယ်ပိုင်းက သယ်ဆောင်လာတဲ့ ရေနံတွေကို မြန်မာနိုင်ငံကို ဖြတ်ကာ တရုပ်ပြည် ကုန်းတွင်းပိုင်းဆီ သယ်ပို့နိုင်မယ့် ရေနံပိုက်လိုင်းကိုလည်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့အပြိုင် တည်ဆောက်လျက် ရှိပါတယ်။
သတင်း - မုခ စာမျက်နှာနဲ့ အင်တာနက်စာမျက်နှာပေါ်က သတင်းများ - Apr 5 2012 11:55 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005