အရေးပေါ် အသက် ကယ်ဆယ်ရေး (၁)

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး (၇) ရက်သားသမီး တို့၏ နာရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို အခမဲ့ ကူညီပေးလျှက်ရှိရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လူနာများကို အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေလျှက်ရှိသည်မှာ (၂၀၀၇) ခုနှစ်မှ စတင်၍ ယနေ့အထိ လူနာပေါင်း (တစ်သိန်းခြောက်သောင်းကျော်) ဦးရေခန့်ရပြီ ဖြစ်ပါသည်။ ယခုအခါ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အကြံပြုချက်အရ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အရေးပေါ် ကယ်ဆယ်ရေး လူနာတင်ယာဉ်လုပ်ငန်းကို မကြာခင်အချိန်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပါသည်။ အဆိုပါ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်မှာ မြန်မာနိုင်ငံတွင် မည်သည့်အဖွဲ့အစည်း၊ အသင်းအဖွဲ့ကမှ အကောင်အထည် မဖေါ်ပေးနိုင်သေးသော လုပ်ငန်းတရပ် ဖြစ်ပေသည်။ ၆၊ ၅၊ ၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) ကား အား လှူဒါန်းခဲ့ပါသည်။ ယင်းအရေးပေါ် လူနာတင်ယာဉ်အား သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသော လူနာများတွင် အရေးပေါ် ဆေးရုံတင်ရမည့် လူနာများကို သက်ဆိုင်ရာ ဆေးရုံကြီးများသို့ ပို့သခြင်း တို့ကို ကုသိုလ်ဖြစ် ကူညီဖေးမပေးခြင်းတို့ကို အသုံးချ ကူညီခဲ့ပါသည်။

ယခု ထပ်မံ၍ အရေးပေါ်လူနာတင်ယာဉ် ၀န်ဆောင်မှုစနစ်အား လောလောဆယ်တွင် လူနာတင်ယာဉ် တစီးသာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ရှိသေးပါသဖြင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်သော ယာဉ်တိုက်မှုများ၊ မီးလောင်မှုများ၊ ရေကြီးမှုများ စသည့် ဘေးအန္တရာယ်များကြောင့် အရေးပေါ် ကျန်းမာရေး ကူညီစောင့်ရှောက်ရန် လိုအပ်၍ အကူအညီ တောင်းခံလာပါက နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူနာတင်ယာဉ်နှင့် အရေးပေါ်လူနာများအား အစိုးရပြည်သူ့ဆေးရုံကြီးများသို့ (အခမဲ့) ပို့ဆောင် ပေးမည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဖြစ်သည်။ နောင်အနာဂတ်တွင် ယင်း အရေးပေါ်လူနာတင်ယာဉ် (အခမဲ့) ၀န်ဆောင်မှုလုပ်ငန်းအား မြန်မာပြည်တ၀ှမ်း ကူညီ ဖေးမ လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။

အထက်ပါ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ် ဆေးခန်းရှိ လူနာတင်ယာဉ်နှင့် လိုက်ပါ မည့် လုပ်အားပေး လူမှုရေးသမားများကို ရန်ကုန်တိုင်း ကြက်ခြေနီအသင်းနှင့် ဆက်သွယ် အကူအညီ တောင်းခံကာ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ “အခြေခံရှေးဦး သူနာပြုစုခြင်း“ သင်တန်းအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နည်းပြဆရာများမှ လာရောက်၍ စေတနာ ထက်သန်စွာဖြင့် ကြက်ခြေနီ (ရှေးဦးသူနာပြုလုပ်ငန်း) စတင် ပေါ်ပေါက်လာပုံကို ရှင်းလင်းပြောကြားကာ သင်တန်းပို့ချချက်များကို သင်ကြားပေးခဲ့သည်။ သင်တန်းကို (၂၃၊ ၃၊ ၂၀၁၂) ရက်နေ့ နံနက် (၀၉း၃၀) အချိန်၌ စတင်ဖွင့်လှစ်ခဲ့ကာ ဆရာဦးကျော်ဇော (ဦးစီးမှူး - ဒုတိယတန်း ၊ အရှေ့ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး) က ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ ဆရာဦးခင်သန်း (ဒု - တပ်ရင်းမှူး (နည်းပြ)၊ တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ရင်း) က သတိလစ် မေ့မျောခြင်း ၊ သွေးလန့်သွေးဆုတ်ခြင်း၊ ဆရာဦးအောင်သန်း (နည်းပြ) က အပူလောင်ခြင်း စသည့် ကယ်ဆယ်ရေး ဘာသာရပ်များကို သင်ကြား ပို့ချပေးခဲ့ပါသည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 5 2012 03:12 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005