ဂျပန်နိုင်ငံက မင်္ဂလာဒိုးအနုပညာအင်အားစုရဲ့ အကြိမ် ၂၀ မြောက် ရဲရဲတောက်တေးသံချပ်များ
20120404 Minngalardoe

ယူကျူ့တွင် ဖော်ပြထားတဲ့ မင်္ဂလာဒိုးရဲ့ သံချပ် ဖျော်ဖြေမှု (http://www.youtube.com/watch?v=66IX7pGNDFI&list=UUuKStRl-S1hkVLKgcgICJvA&index=1&feature=plcp)

ဂျပန်နိုင်ငံတွင် နှစ်စဉ် ကျင်းပမြဲ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတွင် အစဉ်အလာမပျက် ဖျော်ဖြေ တင်ဆက်နေတဲ့ မင်္ဂလာဒိုးအနုပညာအင်အားစုရဲ့ အကြိမ် ၂၀ မြောက် ရဲရဲတောက်တေးသံချပ်များ ထုတ်လုပ် ဖြန့်ချိရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများရဲ့ သင်္ကြန်ပွဲတော်ကို တိုကျိုမြို့တွင် နှစ်တိုင်းလို ကျင်းပနေရာ ယခုနှစ်တွင်လည်း ၂၀၁၂ ဧပြီ ၁၅ ရက်နေ့၌ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ မင်္ဂလာဒိုးအဖွဲ့ဟာ တိုကျို မြန်မာသင်္ကြန်ပွဲတွင် မပါမဖြစ်ဆိုသလို တင်ဆက်နေရာ ဒီနှစ်မှာလည်း တင်ဆက်မှာ ဖြစ်ကြောင်း၊ မင်္ဂလာဒိုးအဖွဲ့ရဲ့ သင်္ကြန်သံချပ်များကိုလည်း ယူကျူ့ဗီဒီယိုတွင် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

၂၀၁၂ မင်္ဂလာဒိုးအဖွဲ့ရဲ့ သံချပ်များကို ကိုမျိုးသန့်၊ ကိုသောင်းတို့က စီစဉ်ပြီး ကိုမျိုးသန့်၊ ကိုသောင်း၊ ခင်ငြိမ်းဆွေနဲ့ ကိုထွန်းဝေတို့က ရေးသားခဲ့ကြပါတယ်။ ယခုနှစ် သံချပ်များတွင် အဖွင့်တေးသံ၊ ပြန်ကြားရေး၊ အထွေထွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဂုဏ်ပြုခြင်း၊ အခန်းပြောင်းတေးသံ၊ ညီညွတ်ရေး၊ ရန်ပွဲတွေ ရပ်၊ ကုန်ဈေးနှုန်း၊ သံချပ်ဆင်ဆာ၊ ဂျပန်မှ အပြန်ခရီး၊ မဟော်သဓာ သားတရား စီရင်ခန်း၊ ကမ္ဘာမကြေစတဲ့ အခန်းကဏ္ဍများ ပါဝင်ပါတယ်။ မင်္ဂလာဒိုး သံချပ်တင်ဆက်မှု ဗီဒီယိုကိုတော့ ကိုဇေယျာအောင်က ရိုက်ကူး၊ တည်းဖြတ်တာ ဖြစ်ပါတယ်။

မြန်မာ့သင်္ကြန်ရဲ့ အနှစ်သာရတခုဖြစ်တဲ့ သံချပ်ကို မြန်မာပြည်တွင် ၁၉၈၉ ခုနှစ်မှ စတင်ကာ ပိတ်ပင်ခဲ့တဲ့အတွက် နောက်ခေတ် လူငယ်များအဖို့ သံချပ်ဆိုတာကို သိနားလည်ဖို့ အတော်လေး ခဲယဉ်းသွားခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ ရေပက်ကြခြင်း၊ ရေပက်ခံထွက်ကြခြင်းများ ပြုလုပ်ကြသလို ညပိုင်းတွင် အလှပြကားများနဲ့ လှည့်လည် ဖျော်ဖြေခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်များ၊ ဒေသများရဲ့ မဏ္ဍပ်များတွင် လှပျိုဖြူများက သင်္ကြန်အကများနဲ့ ကပြ ဖော်ဖြေခြင်းများ ပြုလုပ်လေ့ ရှိပါတယ်။ ထို့အတူ တနှစ်အတွင်း ဝေဖန် အကြံပြုစရာများကို ထောက်ပြတဲ့ သံချပ်များဟာ စိတ်ဝင်စရာလည်း ကောင်းသလို တချို့ပြကွက်တွေ၊ သံချပ်တွေကျတော့ ရယ်မောစရာလည်း ပါဝင်တဲ့အတွက် တနှစ်တာ ပင်ပန်းသမျှ ဘ၀အမောတွေကို သံချပ်နားဆင်ရင်း ဖြေဖျောက်ကြတယ်လို့လည်း ဆိုတတ်ကြပါတယ်။

သို့သော်လည်း ၁၉၈၉ ခုနှစ်သင်္ကြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဏ္ဍပ်တွင် ထိုစဉ်က အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဝေဖန်တဲ့ သံချပ်များနဲ့ တင်ဆက်ခဲ့တဲ့နောက်ပိုင်း အာဏာပိုင်းများက သံချပ်များကို ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပိတ်ပင်ခဲ့ပါတယ်။ ယခုနှစ် မြန်မာပြည်တွင် ကျင်းပမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် သံချပ်များ ပြန်လည် ပေါ်ထွက်လာနိုင်ဘွယ် ရှိကြောင်း ကြားသိနေရပါတယ်။

မြန်မာပြည်တွင်းမှာ သံချပ် ယဉ်ကျေးမှု ဆိတ်သုဉ်းခဲ့သော်လည်း မဟာသင်္ကြန်အချိန်ကို ရောက်လာတဲ့အခါတိုင်းလိုလို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုရဲ့ တိုက်ပွဲဝင်သံချပ်များနဲ့ ဂျပန်နိုင်ငံ မင်္ဂလာဒိုးအနုပညာအင်အားစုရဲ့ ရဲရဲတောက် သံချပ်များကိုတော့ ကြားရလေ့ ရှိနေဆဲ ပါ။
သတင်း - မင်္ဂလာဒိုး အနုပညာအင်အားစု ရဲရဲတောက် သံချပ်များ - Apr 4 2012 11:12 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005