မြန်မာပြည် ရွေးကောက်ပွဲရလဒ်ကို တုန့်ပြန်တဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု ပြုလုပ်ရန် အမေရိကန်တွေဘက်က ပြင်ဆင်နေ
20120404 US State Department Spokesperson

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် (http://video.state.gov/en/video/1545502877001)

၂၀၁၂ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ခြင်းနဲ့ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲသင့်တာတွေ လုပ်ဆောင်နေတာကို တုန့်ပြန်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်း (Victoria Nuland) က ၂၀၁၂ ဧပြီ ၃ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားသွားပါတယ်။ ထို ပြောကြားမှုများဟာ ဧပြီ ၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် ပြောဆိုခဲ့တဲ့ စကားများရဲ့ နောက်ဆက်တွဲ ပြောဆိုချက် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ဟာ ဧပြီ ၁ ရက်နေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူးလ်မြို့တွင် မြန်မာကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုကြောင်း၊ ဒီကနေ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း၊ ရလဒ် ထွက်ပေါ်လာခြင်း မရှိသေးပေမယ့် အမေရိကန်အစိုးရအနေနဲ့ (အများစုက ပထမဆုံးအကြိမ်အဖြစ်) ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေအတွက် ၀မ်းသာဂုဏ်ယူမိကြောင်း“ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ထိုအချိန်က ဟယ်လာရီကလင်တန်ဟာ အစ္စတန်ဘူးလ်မှာ ဆီးရီးယားအရေးကိစ္စအတွက် ဆွေးနွေးဖို့ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။

သူတို့ရဲ့ လွတ်လပ်ခွင့်များ တောင်းဆိုမှုတဲ့ ဆီးရီးယားပြည်သူများအား ဆီးရီးယားနိုင်ငံ အာဏာရှင် အစိုးရက အကြမ်းဖက် နှိမ်နင်းရာမှ စတင်ပြီး ဆီးရီးယား တနိုင်ငံလုံးမှာ မတည်မငြိမ်ဖြစ်နေတာ တနှစ်ခန့်ကြာနေပြီ ဖြစ်ပါတယ်။ လွတ်လပ်ခွင့် တောင်းဆိုတဲ့ပြည်သူများကို ဆီးရီးယားအစိုးရက စစ်တပ်အင်အားသုံး ခြေမှုန်းရာ မြို့ကြီးအတော်များများ တစစီ ပျက်စီးကုန်ပြီး လူငယ်လူရွယ် အမျိုးသားမှန်သမျှကို စစ်တပ်က ပစ်ခတ်၊ ဖမ်းဆီး၊ သတ်ဖြတ်တဲ့အထိ ဖြစ်နေပါတယ်။ ပြည်သူများကလည်း ရရာလက်နက်နဲ့ အာဏာရှင်ကို ပြန်လည် တုန့်ပြန်ရာကနေ တပြည်လုံး ပျက်စီးကာ တနိုင်ငံလုံး အတိဒုက္ခ ရောက်နေကြပါတယ်။

ထိုသို့ ဆိုးဆိုးရွားရွား ပျက်စီး ယိုယွင်းနေတဲ့ ဆီးရီးယားအရေးနဲ့ မြန်မာပြည်အရေးကို နှိုင်းယှဉ် ပြောသွားရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “အခုလများအတွင်း တိုးတက်မှုများကနေ ဘာတွေ ဖြစ်လာမယ်ဆိုတာ သိနိုင်ဖို့ စောနေသေးကြောင်း၊ မြန်မာပြည်သူတွေ ဘာတွေ ကြုံတွေ့ရမလဲဆိုတာ အမခံချက် မရှိကြောင်း၊ ဒါပေမယ့် ပြည်သူတွေကို လွတ်လပ်ခွင့် မပေးဘဲ ကိုယ့်တိုင်းပြည်ကိုယ် ဖျက်ဆီးတဲ့ ဆီးရီးယားအာဏာရှင်တွေကို တုန့်ပြန်ဖို့ တနေကုန် ကြိုးပမ်းပြီးတဲ့နောက်မှာ အမှတ်တရ ဂုဏ်ပြုစရာကတော့ အဆိုးရွားဆုံး စစ်အာဏာရှင်တွေဟာ ပြောင်းလဲနိုင်ခဲ့သလို အဆိုးရွားဆုံး တံခါးပိတ်ထားတဲ့ လူမှုအဖွဲ့အစည်းတခုဟာလည်း တံခါးတွေ ဖွင့်လာနိုင်ပြီဆိုတာ ဖြစ်ကြောင်း၊ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်ဟာ ဆီးရီးယားပြည်သူတွေအတွက် မျှော်လင့်ချက်ဖြစ်သလို (ဘုရားသခင်က ပေးအပ်ထားတဲ့) ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ အသက်ရှင်ရပ်တည်မှု လိုအပ်တဲ့ လူသားတိုင်းအတွက် အားတက်စရာဖြစ်ကြောင်း“ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်တာဝန်ရှိသူတွေဟာ မြန်မာပြည်ပြောင်းလဲမှုကို ကမ္ဘာက အတုယူစရာ ပြုပြင်ပြောင်းလဲမှုကြီးတခုအနေနဲ့ စံနမူနာထား ပြောဆိုနေသော်လည်းပဲ တတယ်တော့ ဖြစ်စဉ်တိုင်းကို အသေးစိတ် အချိန်ပြည့် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ သာမာန် ယူဆကြသလို ဒေါ်အောင်ဆန်းစုကြည် ပြောစကား၊ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ပြောစကားကို အမေရိကန်တွေ ယုံကြည်နေတာ မဟုတ်ဘဲ ပြောင်းလဲမှုဖြစ်စဉ်တိုင်းကို အသေးစိတ် ဒေါင့်စုံက လေ့လာနေပြီး မြန်မာပြည်သူတွေအတွက် တကယ် ထိရောက်တဲ့ ကူညီမှုများကို ပြောင်းလဲမှု လုပ်ငန်းစဉ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အကူအညီတွေ ပေးသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက (မြန်မာစစ်အာဏာရှင်တွေ ၀ါဒမှိုင်းတိုက်ထားသလို) အမေရိကန်နယ်ချဲ့တွေက မြန်မာပြည်က သယံဇာတတွေကို ဂုတ်သွေးစုတ်လိုလို့ အကူအညီပေးတာလားဆိုတဲ့ မေးခွန်းဖြစ်ပြီး ထိုသို့ ယူဆပါက တက်တက်စင်အောင် လွဲမှားသွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်သော်လည်း မြန်မာစစ်အာဏာရှင်တွေ ရောင်းစားထားတာနဲ့ တရုပ်အစိုးရက အနိုင်ကျင့်ရယူထားတာတွေနဲ့တင် မြန်မာပြည်သူတွေရဲ့ဘ၀ဟာ စုတ်ပြတ်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကန်ရဲ့ စိတ်ဝင်စားမှုက မြန်မာပြည် တည်ငြိမ် အေးချမ်းရေးပါ ပဲ။ ကမ္ဘာ့ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ မြန်မာနိုင်ငံလို အိန္ဒိယ၊ တရုပ်နဲ့ အရှေ့တောင်အာရှနိုင်ငံများကြားက နိုင်ငံတခု မငြိမ်သက်ခြင်းဟာ ဒေသတွင်း မငြိမ်သက်မှုကို ဖြစ်ပေါ်စေတဲ့အတွက် မြန်မာပြည် တည်ငြိမ်အေးချမ်းဖို့ အရေးကြီးတယ်လို့ အမေရိကန်တွေက သုံးသပ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိစနစ်တွေနဲ့လည်း အမေရိကန်တွေ ဘယ်လိုမှ အလုပ်လုပ်တတ်မှာ မဟုတ်ပါဘူး။ မြန်မာပြည်ကို တရုပ်၊ တောင်ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက ၀မ်းသာအားရ ခွဲခြမ်း စိတ်ဖြာ ယူကောင်း ယူချင်မှာ ဖြစ်ပေမယ့်လည်း အမေရိကန်တွေနဲ့ ဥရောပနိုင်ငံတွေ မြန်မာပြည်မှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံဖို့ကတော့ နှစ်အတန်ကြာ စောင့်ကြရဦးမှာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့လည်း ကမ္ဘာပေါ်က အဆိုးရွားဆုံး တံခါးပိတ်နိုင်ငံ၊ အဆိုးရွားဆုံး စစ်အာဏာရှင်နိုင်ငံတခု ပြောင်းလဲမယ့် လမ်းစပေါ် တက်လာတာကို မြင်နေရတာကိုပဲ အမေရိကန်တွေ ကျေနပ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်က ဖြစ်ပေါ်ပြောင်းလဲမှုများနဲ့ ဆက်စပ်ပြီး အမေရိကန်တွေကလည်း သူတို့ဘက်က လုပ်စရာတွေကို လုပ်ဖို့ ပြင်ဆင်နေကြောင်း၊ မိတ်ဆွေနိုင်ငံများ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာစီယံနိုင်ငံများနဲ့လည်း တိုင်ပင်နေရာ ဘယ်သူတွေက အလားတူ ပြောင်းလဲမှုတွေ လုပ်လာနိုင်မယ်ဆိုတာ ဆွေးနွေးနေသလို နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း ဆွေးနွေးမှုများလည်း လုပ်ကိုင်နေကြောင်း၊ လောလောဆယ် ပြောနိုင်မှာ မဟုတ်ပေမယ့် လာမယ့်တပတ်တွေအတွင်း လှုပ်ရှားမှုတွေ တွေ့လာရမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြားသွားပါတယ်။

အခုအချိန်မှာ သုံးသပ် ပြောဆိုနေကြတဲ့အချက်ကတော့ အခုနှစ်ပိုင်းအတွင်း မြန်မာပြည်ကို အခေါက်ခေါက် အခါခါ သွားပြီး မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် ဒဲရစ် မစ်ချဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်နိုင်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်အစိုးရ ဖြစ်စေချင်တဲ့ အမေရိကန်တွေရဲ့ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကတော့ အခုအချိန်မှာ အနည်းငယ် အလှမ်းဝေးနေပုံ ရပါတယ်။
သတင်း - အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန မူဝါဒ - Apr 4 2012 07:33 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005