ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်

ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ရဲ့ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများကို ဧပြီ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဘားအံ၊ ရန်ကုန်နဲ့ ပဲခူးမြို့တွင် ပြုလုပ်ရန် ကရင် အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်များဟာ ထိုင်း မြန်မာနယ်စပ်မှ ၂၀၁၂ ဧပြီ ၄ ရက်နေ့တွင် ထွက်ခွာသွားကြောင်း ကရင်အမျိုးသား အစည်းအရုံးက ၂၀၁၂ ဧပြီ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အခု ပြုလုပ်ကြမယ့် အစည်းအဝေးများတွင် မြန်မာအစိုးရနဲ့ ကရင် အမျိုးသား အစည်းအရုံးတို့အကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာကိစ္စများကို အသေးစိတ် ဆွေးနွေး လုပ်ဆောင်ရေး၊ အပစ်အခတ် ရပ်စဲရေးကို တပြည်လုံးအတိုင်းအတာ ဖြစ်မြောက်ရန် တဆင့်စီ လုပ်ဆောင်သွားရေး၊ ပြည်သူလူထုအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှု ရရှိရေး၊ လုပ်ငန်းအဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးနဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးအတွက် အဓိက ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး ကြေငြာချက်တွင် ဖော်ပြထားပါတယ်။

အခုတခေါက် သွားရောက်တဲ့ ကရင် အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ မြန်မာပြည်တွင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ကရင် အမျိုးသား အစည်းအရုံး ဒု - ဥက္ကဋ္ဌ ဖဒို ဒေးဗစ်တာကပေါကို ၂၀၁၂ မတ်လ ၂၆ ရက်နေ့က မေးမြန်းခဲ့ရာ “နောက်လ (ဧပြီ) ပထမပတ်အတွင်း သွားဖို့ ရှိပါတယ်။ သွားပြီးလို့ရှိရင် ကျွန်တော်တို့ ကရင်လူကြီးတွေ၊ ခေါင်းဆောင်တွေ၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ကြိုးစားမှာ ဖြစ်တယ်“ လို့ အစချီ ပြောပြပါတယ်။ သူက ဆက်လက်ပြီး လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ “အပစ်အခတ်ရပ်စဲရေးက ခိုင်မာအောင် ဆောင်ရွက်မယ်။ အဲဒီမှာ အဆင့်တွေ အများကြီး ကျန်ပါသေးတယ်။ ကေအဲန်ယူနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမားတွေ၊ အခြား နိုင်ငံရေးသမားတွေ အားလုံး လွှတ်ဖို့ လိုတယ်။ နောက်ပြီး မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ ဆန္ဒပြခွင့်၊ ကိုးကွယ်ခွင့်၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ လုံးဝ ရပ်ဆိုင်းဖို့ အဲဒီကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ဒါတွေ အားလုံးပြီးရင် တည်တံ့ခိုင်မြဲတဲ့ အပစ်အခတ် ရပ်စဲရေး ပြီးမယ်။ အဲဒါပြီးမှ တကယ်တမ်း အခြေခံဥပဒေ ပြောင်းလဲရေး၊ လက်တွေ့ နယ်မြေသတ်မှတ်တာတွေ၊ အပြောင်းအလဲတွေ တကယ်တမ်း ခိုင်မာမှ၊ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အရေးကိစ္စတွေ အတိအကျ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ ရှေ့မှောက်မှာ ဂတိသစ္စာတွေ ပြုလုပ်ပြီးရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မယ်။ အဲဒီလို တည်ဆောက်ပြီးရင် သူတို့ လိုချင်တဲ့ ဖွံ့ဖြိုးရေး ပေါ့ ဗျာ။ သူတို့က ဖွံ့ဖြိုးရေး အတင်း တွန်းလုပ်ချင်တယ်။ ကျွန်တော်တို့က နေဦး၊ နိုင်ငံရေးအရ ငြိမ်းချမ်းရေး တည်ဆောက်ပြီးမှ ဖွံ့ဖြိုးရေး လုပ်ရမှာ ဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးရင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်“ ဆိုပြီး ဆက်လက် ရှင်းပြပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ကရင်အမျိုးသား အစည်းအရုံးနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က သူတို့ ဖမ်းဆီးထားတဲ့ ဖဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပြန်လွှတ်ပေးမယ် ပြောသော်လည်း ပြောဆိုထားမှုထက် ရက်အတန်ကြာမှ လွှတ်ပေးခဲ့သလို မလွှတ်ခင်မှာလည်း သေဒဏ်အပြစ် ချမှတ်လိုက်ပါသေးတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဖဒို ဒေးဗစ်တာကပေါကို မေးမြန်းတဲ့အခါမှာတော့ “လွတ်လာတာကတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာလာအောင် ဆွေးနွေးနေတာ အလားအလာ ကောင်းတယ် ပေါ့။ ဆိုလိုရင်းက ဒီလိုပါ၊ အပစ်အခတ် ရပ်စဲရေးကို ကျွန်တော်တို့ အလောသုံးဆယ် လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ကျွန်တော်တို့ အလျှော့ပေးတဲ့ အနေနဲ့ နားလည်မှု တည်ဆောက်ရေးအတွက် လက်မှတ်ထိုးခဲ့တာ ဖြစ်တယ်။ အဲဒါ ပဏာမခြေလှမ်း ပေါ့ဗျာ။ အပစ်အခတ် ရပ်စဲလိုက်တော့ နွေရာသီမှာ စစ်တပ်က ရိက္ခာတွေ အများကြီး ပို့ရတယ်။ ကျွန်တော်တို့နယ်မြေထဲမှာ သူတို့ရဲ့စခန်းတွေက ၂၉၀ လောက် ရှိတယ်။ ခါတိုင်းနှစ်ဆို ဒီအချိန်ဆို တိုက်ပွဲ အများကြီး ဖြစ်တယ်။ ရိက္ခာပို့ရင် သူတို့ ငါးရာလောက် အနည်းဆုံး သေကြေဒဏ်ရာရတာ ရှိတယ်။ ကျွန်တော်တို့က ဒါကို ခွင့်ပြု အလျှော့ပေးလိုက်တယ်။ တဖက်က မန်းငြိမ်းမောင် ပြန်လွှတ်ပါ၊ ကျွန်တော်တို့ တောင်းခဲ့တယ်။ အရင်က မီးရထားဝန်ကြီး ဦးအောင်မင်း ပဲ။ လွှတ်ပေးမယ်။ ကျွန်တော်တို့ ကိုယ်စားလှယ် ဇန်န၀ါရီလ သွားရင် လွှတ်ပေးမယ် ပြောတာကိုး။ သူတို့ မလွှတ်ပေးဘူး။ နောက်တခါ ကျွန်တော် သွား တွေ့တယ်။ လွှတ်ပေးရင်တော့ ယုံကြည်မှု တည်ဆောက်ရေးအတွက် ကောင်းမယ်၊ နို့မို့ရင်တော့ ယုံကြည်မှု တည်ဆောက်ဖို့ ခက်တယ်ဆိုပြီးတော့ ပြောခဲ့တာ။ အကြောင်းပြချက်က သမ္မတကြီးအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် အပြစ်ဒဏ်ချပြီးမှ ပေးလို့ရတဲ့အတွက်ကြောင့် ပါ တဲ့။ ဘာပဲဖြစ်ဖြစ်ပေါ့ လေ၊ ဒီလ (မတ်လ) ၁၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်။ ဒီကို ရောက်တာကတော့ ၂၅ ရက်နေ့ ပေါ့ဗျာ” လို့ အသေးစိတ် ရှင်းပြပါတယ်။

မြန်မာအစိုးရဟာ ကရင် အမျိုးသား အစည်းအရုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ တနှစ်နီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို မရပ်နိုင်သေးဘဲ ရှိနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဖဒို ဒေးဗစ်တာကပေါက “ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့က ကချင်ဘက်မှာ တိုက်ခိုက်မှုအားလုံး ရပ်စဲရမယ်။ အရင်က မနက်ဖြန် ရပ်မယ်၊ သဘက်ခါ ရပ်မယ် ပေါ့ဗျာ။ အခုထက်ထိ တိုက်နေတုန်းပဲ။ အဆိပ်ငွေ့တွေ ပြန် သုံးလာတယ်လို့ ကြားတယ်။ တပ်တွေလည်း အဲဒီဘက် တိုးလာတယ်လို့ ကြားတယ်။ ဒါကတော့ မကောင်းတဲ့ လက္ခဏာတခု ဖြစ်တယ်။ အကယ်၍ တိုက်ပွဲတွေ မရပ်လို့ရှိရင် တိုက်ပွဲတွေက ကျွန်တော်တို့ဘက်ပါ ဖြစ်ပွားလာနိုင်တယ်။ ဒီမှာလည်း အောက်ခြေမှာပေါ့ ဗျာ။ ဦးသိန်းစိန်အစိုးရတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရပ်သေးဘူး။ နောက်ပြီးတော့ ကျွန်တော် ပြောတဲ့ လမ်းကနေ ဝေးဝေး မထွက်နဲ့ပြောတာ ထွက်တယ်။ ထွက်တော့ မိုင်းတွေ ထိတာတွေ ရှိတယ်။ ဒိ့ထက် ဆိုးလာရင် ပြန် ပစ်တာခတ်တာတွေ ဖြစ်နိုင်တယ်။ ကချင်ဘက်မှာ မရပ်ရင် စစ်ရေးအရပေါ့ဗျာ။ ကျွန်တော်တို့က ယုံကြည်မှု တည်ဆောက်ဖို့ မလွယ်ဘူး ဖြစ်ပါလိမ့်မယ်။ အဲဒါက အရေးကြီးတယ်။ ကျွန်တော်တို့ တောင်းဆိုတာက တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ပါ။ ခိုင်မာတဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးအတွက် လိုတယ်။ ဦးသိန်းစိန်အစိုးရဘက်က အကြောင်းပြချက်တွေတော့ အမျိုးမျိုး ရှိတာပေါ့ ဗျာ“ လို့ သူ့အမြင်ကို ပြောပြပါတယ်။

ထို ဆက်သွယ် မေးမြန်းမှုမှာ နောက်ဆုံးအနေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာနဲ့ ပြည်တွင်းရှိ ကရင်တိုင်းရင်းသားများနဲ့ မြန်မာပြည်သူများကို ရှင်းလင်း ပြောကြားရာမှာတော့ “ကျွန်တော်တို့ နိုင်ငံတကာက ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားဆောင်ရွက်မယ် ပြောတယ်။ ကျွန်တော်တို့က ကြိုးစား ဆောင်ရွက်ပါ၊ ကျွန်တော်တို့လည်း ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါပေမယ်လို့ ဦးသိန်းစိန်အစိုးရနဲ့ ဦးသိန်းစိန် စစ်တပ်ပေါ်မှာ အများကြီး တည်နေပါတယ်။ တခုခု ဖြစ်လာရင်တော့ တာဝန်ရှိမှာက ဦးသိန်းစိန်အစိုးရနဲ့ ဦးသိန်းစိန်စစ်တပ်မှာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အများကြီး ဖြစ်တယ်။ ထိုးစစ်ဆင်တယ်။ လက်နက်ကြီးတွေ အများကြီး သုံးတယ်။ အဆိပ်ငွေ့ပါ သုံးတယ်ဆိုတော့ ဒါ ကျွန်တော်တို့က မရိုးသားဘူးလို့ ထင်တယ်။ အဲဒါကတော့ ဆိုးရွားတယ် ပေါ့ဗျာ“ လို့ ပွင့်ပွင့်လင်းလင်း ပြောကြားသွားပါတယ်။

အခုတခေါက် ကရင် အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကရင်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ တွေ့ဆုံမှာ ဖြစ်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ထို့အပြင် ကရင် အမျိုးသား အစည်းအရုံး ကိုယ်စားလှည်များနဲ့ မြန်မာအစိုးရကိုယ်စားလှယ်များဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ မူသယ်ဒေသ၊ တနင်္သာရီတိုင်း ထားဝယ်မြို့များကို သွားရောက် လေ့လာကာ လူသားချင်း စာနာ ထောက်ထားတဲ့ရုံး ဖွင့်လှစ်ခြင်း အစီအစဉ်ကို ကြည့်ရှုမှာ ဖြစ်သလို ဒေသခံပြည်သူလူထုနဲ့လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။
သတင်း - ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ - Apr 4 2012 04:14 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005