NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲဆွယ်စည်းရုံးပွဲကို မတ်လ (၂၉) ရက်နေ့တွင် အနုပညာရှင်များသည် မဲပညာပေးစည်းရုံးရေး ခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့တွင် လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည်သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ် သွားရောက် အားပေး ကြည့်ရှု့နေစဉ် ၀င်းကုန်းရွာ တရွာလုံးနီးပါး နေ့လည် (၂း၁၅) နာရီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ရွာလုံးကျွတ် မီးလောင်ကျွမ်းရာတွင် အိမ်ခြေ (၁၅၀) မီးလောင်ကျွမ်းခဲ့ပြီး ၊လူဦးရေ (၁,၀၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည် အလောင်းတော်ကဿဖ တောင်ခြေတွင် တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် သောက်ရေသုံးရေ အလွန်ရှားပါးသောဒေသ ဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့ အခက်အခဲများ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှုများအပြင် နွေရာသီ အင်္ဂလိပ်စာသင်တန်းအား ကလေးငယ် (၈၀၀) ကျော်ခန့်ကို သင်ကြားပေးနေရသော အချိန်ကာလလည်းဖြစ်နေသလို သတင်းမီဒီယာများမှလည်း ရွေးကောက်ပွဲ ကိစ္စရပ်များကိုသာ အသားပေး တင်ပြနေခြင်းကြောင့် မတ်လ (၃၁) ရက်နေ့မှ ရွာလုံးကျွတ်နီးပါး မီးလောင်မှုသတင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။

ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်း မတ်လ (၃၁) ရက်နေ့ ညနေ ရွှေစင်စင်္ကြာခရီးသွား မော်တော်ယာဉ်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား ဒေါ်ခင်ထားထားအောင် (ပျားလီ) နှင့် ဦးအောင်စိုးတို့နှစ်ဦးအား မီးဘေးကယ်ဆယ်ရေး ထောက်ပံ့အလှူငွေ သိန်း (၅,၀၀၀,၀၀၀ိ/-) ကျပ် (ကျပ်သိန်းငါးဆယ်တိတိ) ကို မီးဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အရေးပေါ်ဆုံးဖြတ်ချက် ချပေးခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား ဒေါ်ခင်ထားထားအောင် (ပျားလီ) နှင့် ဦးအောင်စိုးတို့ နှစ်ဦးတို့သည် ပထမဦးစွာ ယင်းမာပင်မြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ဧပြီလ (၁) ရက်နေ့ နံနက် (၈း၀၀) နာရီတွင် ရောက်ရှိခဲ့ကာ ယင်းမာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့ခံဖြစ်သူ ဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင်၊ ကိုထွန်းမြင့်ချို တို့ အကူအညီဖြင့် ယင်းမာပင်မြို့မှ မိုင် (၃၀) အကွာ တောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့ရာ နေ့လည် (၁၁း၀၀) နာရီ အချိန်တွင် ၀င်းကုန်းရွာ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။ ထို ၀င်းကုန်းရွာရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် သီရိလင်္ကာနိုင်ငံက ဗုဒ္ဓမြတ်စွယ်တော်ပွား တဆူကို တည်ထား ကိုးကွယ် ထားရှိသည်။ ၀င်းကုန်းရွာ တရွာလုံး မီးလောင်ကျွမ်းခဲ့သော်လည်း သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း တကျောင်းတည်းသာ မီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့ မသိချေ။ ယင်း သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည် လူဦးရေ (၁,၀၀၀) အား ကူညီ စောင့်ရှောက် ကျွေးမွေးကာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအား ဦးတိုက်ကာ မီးဘေးသင့် မိသားစုဝင်များအား တအိမ်ထောင်လျှင် အလှူငွေ (၃၀,၀၀၀ိ/-) ကျပ် လှူဒါန်းခဲ့ကာ သီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက် ဆရာတော်အား အလှူငွေ (၅၀၀,၀၀၀ိ/-) ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နေ့ထူးနေ့မြတ်များ၊ အစိုးရရုံးပိတ်ရက်များ နှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲ နေ့ရက်များပါမကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ရန်သူမျိုးငါးပါးဒဏ်ကို ခံစားရသော ဒုက္ခသည်များအား မိမိတို့ နိုင်သလောက် လူစွမ်းအား၊ ငွေအင်အားတို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါးကို လက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင် ဖြစ်တော့သည်။ အချုပ်ဆိုရသော် ဧပြီလ (၁) ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အောင်ပွဲခံသည့်နေ့ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) (F.F.S.S) ၏ ပေးဆပ်မှုနေ့တရက် ဆိုလျှင်လည်း မမှားချေ။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 4 2012 02:18 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005