စစ်ဗိုလ်ချုပ်ကြီးတွေ တိတ်တဆိတ် ရာထူး တိုး

၂၀၁၂ ဧပြီ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နောက်ကျောဖုံး မှ
မြန်မာပြည်သူတွေအနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်နိုင်မှုအပေါ် စိတ်ဝင်စားနေကြချိန်မှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တိတ်တဆိတ် ရာထူး တက်သွားကြပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဒု - ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိသွားပြီး ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်က ကာကွယ်ရေး ဦးစီးချုပ်တွေကတော့ ဗိုလ်ချုပ်ကြီး ရာထူး ရရှိသွားခဲ့ပါတယ်။ ထူးခြားတာက ထိုသို့ စစ်ဘက်ဆိုင်ရာ ရာထူးများ ပြောင်းလဲ သတ်မှတ်တဲ့သတင်းကို နိုင်ငံပိုင် မီဒီယာတွေက ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ ဧပြီ ၃ ရက်နေ့ သတင်းစာများက သတင်းများမှာ ပြောင်းလဲ သတ်မှတ်တဲ့ ရာထူးအဆင့်တွေနဲ့တကွ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဧပြီ ၃ ရက်နေ့ သတင်းများတွင် ကာကွယ်ရေး ဦးစီးချုပ် ဒု - ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒု - ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း စသည်ဖြင့် ရေးသားထားတဲ့အတွက် ထိုသို့ ရာထူး တဆင့်မြင့်သွားခြင်းကို သတိထားမိလိုက်ကြတာ ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ တော်လှန်ရေးနေ့ သတင်းများမှာတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း၊ ဒု - ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သရေစည်သူ ဉာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး သရေစည်သူ မြတ်ဟိန်းလို့ ဖော်ပြထားတဲ့အတွက် ၂၀၁၂ မတ်လ ၂၈ ရက်နေ့မှ ဧပြီ ၂ ရက်နေ့အတွင်း ရာထူး တိုးမြှင့်ပေးလိုက်တာ ဖြစ်ကြောင်း သုံးသပ်မိပါတယ်။
မြန်မာ စစ်ခေါင်းဆောင်များ ရာထူးတွေ တက်သွားတာနဲ့ ပတ်သက်လို့ “ရာထူးတက်တယ်ဆိုရင်လည်း ရာထူးတက်တဲ့သတင်းတွေကို အနည်းဆုံး နိုင်ငံပိုင် မီဒီယာက ကြေငြာသင့်သလို၊ ပုဂ္ဂလိကမီဒီယာတွေကိုလည်း အသိပေးဖို့ ကောင်းတာပေါ့။ အခုတော့ ဘယ်တုန်းက ဘယ်လို ရာထူးတက်သွားမှန်း မသိရတာကတော့ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်နေတယ်လို့ ပြောသူတွေကို ပြည်သူတွေက တမျိုးထင်သွားနိုင်တာပေါ့။ သမ္မတ က ဖွဲ့စည်းတဲ့ အဖွဲ့ကို လွှတ်တော်က သဘောမတူတာ၊ လွှတ်တော် ဆုံးဖြတ်ချက်ကို သမ္မတနဲ့ ၀န်ကြီးတွေက မနှစ်သက်တာတွေ ဖြစ်နေတဲ့ နိုင်ငံမှာ စစ်ဗိုလ်တွေကို ဘယ်သူတွေက ရာထူး တိုးပေးလိုက်မှန်း မသိ၊ ဘယ်သူတွေက သဘောတူတယ်၊ မတူဘူးဆိုတာလည်း မသိရတာကတော့ ဆိုးတာပေါ့“ လို့ မြန်မာ့အရေး လေ့လာသူတဦးက ဆိုပါတယ်။
အခြား အမြင်တခုကလည်း “တော်လှန်ရေးနေ့ သတင်းတွေမှာ သရေတွေ စည်သူကုန်ပြီး သီရိတွေ ပျံချီသွားတော့ မျက်စိတောင် နည်းနည်း လည်သွားတယ်။ အရင်က နားလည်တာက အဲဒီလို ဘွဲ့တွေကို အရပ်သားတွေကို ပေးတယ် ထင်တာ။ တခါမှလည်း အဲဒီလို မတွေ့ဘူးတော့ နည်းနည်းတော့ ထူးဆန်းသွားသလိုပဲ“ လို့ ဆိုပါတယ်။
မြန်မာစစ်ဗိုလ်တွေ ရာထူးတက်သွားတာနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်ခဲ့ခြင်း မရှိတာမို့ အခုလို စစ်ဗိုလ်တွေကို ရာထူးတိုးပေးလိုက်ခြင်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခြင်းကို တုန့်ပြန်လိုက်ခြင်းလားလို့ တွေးစရာတွေ ဖြစ်လာသလို စစ်တပ်အင်အား ခိုင်ခိုင်မြဲမြဲ ရှိနေတယ်ဆိုတဲ့သဘော ပြသလိုက်တာလားလို့ စဉ်းစားရင်လည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ အများက လေးစား ဂုဏ်ယူစရာ အလုပ်တွေကို တကယ် ကြိုးကြိုးစားစား မလုပ်ဘဲ ဂုဏ်ထူးရာထူးအဆင့်တွေကို ကိုယ့်ဖာသာကိုယ် ချီးမြှင့်ခြင်းဟာ ပြည်သူလူထုရဲ့ သဘောမကျမှု ပိုမို များပြားလာအောင် ကိုယ့်ဖာသာကိုယ် လုပ်ယူခြင်းတမျိုးလို့ ရှုမြင်နိုင်တယ်ဆိုတာကို မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ လက်ရှိ မြန်မာအစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ မြင်မိပါတယ်။

၂၀၁၂ မတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃ မှ
သတင်း - မြန်မာ ဗိုလ်ချုပ်ကြီးများ - Apr 3 2012 12:25 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012