၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကွယ်လွန်သွားတဲ့ ၀တ္တနီ ဟူစတန်
From Whitney Houston website

ဝတ္တနီ ဟူစတန် အင်တာနက်စာမျက်နှာ မှ

၁၉၉၀ ပြည့်ကာလက လူငယ်တွေအနေနဲ့ အဆိုတော် ၀တ္တနီ ဟူစတန် (Whitney Huston) (အနီးစပ်ဆုံး မြန်မာအသံထွက်နဲ့ဆိုရင် ၀တ္တနီ (ဟ)ယူစတန် လို့ ပြောနိုင်ပါတယ်။) ရဲ့ ကိုယ်ရံတော် (Bodyguard) ရုပ်ရှင်ဇာတ်ကားကို မှတ်မိနေရင် I always love you (မင်းကို အမြဲ ချစ်နေမှာပါ) ဆိုတဲ့ သီချင်းကိုလည်း သတိရနေကြမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ အဆိုတော်တဦးကို အကာအကွယ်ပေးတဲ့ ကိုယ်ရံတော်နဲ့ အဆိုတော်ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပြီး ရုပ်ရှင်ရဲ့ ဇာတ်သိမ်းခန်းမှာ အဆိုတော်က ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်သွားပြီး ကိုယ်ရံတော်ကတော့ လေဆိပ်မှာ ကျန်ခဲ့တဲ့အဖြစ်ကို ရိုက်ကူးထားကာ I always love you (မင်းကို အမြဲ ချစ်နေမှာပါ) သီချင်းကို ဇာတ်လမ်း နောက်ကြောင်းပြန်အနေနဲ့ရော အဆိုတော်ရဲ့ ခံစားချက်ကို သရုပ်ဖော်မှုဖြစ်နဲ့တင်မက အဆိုတော်က သူ့ခံစားချက်ကို သီချင်းအဖြစ် ပြန်လည် သီဆိုတဲ့ သဘောအနေနဲ့ပါ တင်ဆက်ထားတာကို အမှတ်ရကြမှာ ဖြစ်ပါတယ်။ နာမည်ကြီးမင်းသား ကီဗင် ကော့စ်စနာက ကိုယ်ရံတော်အဖြစ် သရုပ်ဆောင်ထားတဲ့ ကိုယ်ရံတော် ရုပ်ရှင်ကားဟာ အဆိုတော်တဦးဖြစ်တဲ့ ၀တ္တနီ ဟူစတန်ကို အဆိုတော်တဦးတင်မက ရုပ်ရှင်သရုပ်ဆောင်တဦးအဖြစ်ပါ မှတ်ကျောက်တင်လိုက်တဲ့ ဇာတ်ကားဖြစ်သလို ကိုယ်ရံတော် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း တေးအယ်လ်ဘန်ဟာ ၁၉၉၄ ခုနှစ် တနှစ်အတွင်း အကောင်းဆုံး တေးအယ်လ်ဘမ် (Album of the Year) ဂရမ်မီဆု၊ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒန်းနဲ့ ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံဒေသ ၁၉ ခုရဲ့ နံပါတ် ၁ နေရာတွေကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ၀တ္တနီဟူစတန်ဟာ ၉၀ နှစ်များရဲ့ လူငယ်တွေရဲ့ နှလုံးသားကိုလည်း ကောင်းကောင်း လှုပ်ခါနိုင်ခဲ့တဲ့ အဆိုတော်တဦး ဖြစ်ခဲ့သလို ကိုယ်ရံတော်ရုပ်ရှင်ဇာတ်ကားနဲ့ အဲဒီဇာတ်ကားထဲက သီချင်းများဟာ နိုင်ငံတကာ ရုပ်ရှင်နဲ့ဂီတလောကရဲ့ ကြီးမားတဲ့မှတ်တိုင်တခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။

အဲဒီလို အောင်မြင်ကျော်ကြားတဲ့ မှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့သူ ၁၉၈၀နဲ့ ၉၀ ခုနှစ်များရဲ့ နာမည်ကြီးအဆိုတော် ၀တ္တနီ ဟူစတန်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အနီးရှိ နယူးဂျာစီပြည်နယ် နယူးဝါ့ဒ် (Newark) မြို့မှာ ၁၉၆၃ ခုနှစ် သြဂုတ် ၉ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သူဟာ အသက် ၁၁ နှစ်အရွယ်ကတည်းက သူ့မြို့က ဘုရားကျောင်းမှာ တေးသီချင်းတွေ သီဆိုခဲ့သူ ဖြစ်ပါတယ်။ ထို့အပြင် မိုက်ကယ်ဂျက်ဆင်ရဲ့ အစ်ကိုတွေနဲ့လည်း သီချင်းဆိုဖော်ဆိုဘက်တွေ ဖြစ်ခဲ့ပါတယ်။ ၀တ္တနီ ဟူစတန်ဟာ ၂၀၁၀ ခုနှစ်အထိ အဲန်မီဆု ၂ ဆု၊ ဂရမ်မီဆု ၆ ဆု၊ ဘီလ်ဘုတ် ဂီတဆု ၃၀၊ အမေရိကန်ဂီတဆု ၂၂ ဆု အပါအ၀င် ဂီတဆိုင်ရာဆုပေါင်း ၄၁၅ ဆုကို ဆွတ်ခူးခဲ့ပြီး ကမ္ဘာမှာ ဆုအများဆုံး ချီးမြှင့်ခံရတဲ့ အမျိုးသမီးအဆိုတော်အဖြစ် ကမ္ဘာ့မှတ်တိုင်များ စာအုပ် (Guinness World Record) က ၂၀၀၉ ခုနှစ်တွင် သတ်မှတ်ခဲ့ပါတယ်။ နောက်ပြီး သီချင်း ၇ ပုဒ် ဆက်တိုက် ဘီးလ်ဘုတ် (Billboard) စာရင်းရဲ့ နံပါတ် ၁ အဖြစ် ရရှိခဲ့တဲ့ တဦးတည်းသော တေးသံရှင်လည်း ဖြစ်ပါတယ်။ မင်းကို အမြဲ ချစ်နေမှာပါ (I always love you) သီချင်းဟာ နာမည်ကြီးဂီတပညာရှင်တဦးဖြစ်တဲ့ ဒေါ်လီပါတန် ရေးသားတဲ့ သီချင်း ဖြစ်ပြီး ၀တ္တနီဟူစတန်အတွက် ကြီးမားရဲ့ အောင်မြင်မှုကို ဆောင်ကြဉ်းပေးခဲ့ပါတယ်။

၁၉၈၀ နဲ့ ၉၀ ခုနှစ်များရဲ့ ဂီတလောကမှာ အောင်မြင်မှုများနဲ့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ၀တ္တနီ ဟူစတန်ဟာ ၂၀၀၀ လွန်နှစ်များမှာတော့ မီဒီယာလောက၊ နာမည်ကြီးတွေရဲ့ သတင်း၊ အတင်း ဖော်ပြသူများရဲ့ ထုတ်ဖော် ရေးသားမှုများရဲ့ သားကောင်တဦးသဖွယ် ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ အနောက်နိုင်ငံ အနုပညာအသိုင်းအ၀ိုင်းက နာမည်ကြီးများရဲ့ဘ၀ဟာ လွတ်လပ်မှု ဆုံးရှုံးရတဲ့ဘ၀တခုလို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ပြောဆိုရေးသားချင်သူတွေက သူတို့ရဲ့ ခြေလှုပ်လက်လှုပ်ကအစ စောင့်ကြည့်နေသလို ဓါတ်ပုံရိုက်ဖို့ စောင့်နေကြသူတွေကလည်း ရောက်လေရာနေရာမှာ စောင့်ကြည့်နေတတ်ကြပါတယ်။ အနောက်နိုင်ငံက နာမည်ကြီးများဟာ အခုခေတ် လူမှုဘ၀ အင်တာနက်စာမျက်နှာတွေ ဖြစ်တဲ့ ဖေ့စ်ဘွတ် (Facebook) ၊ တွစ်တာ (Twitter) ယူကျူ့ (Youtube) အပါအ၀င် မီဒီယာပေါင်းစုံရဲ့ အချိန်ပြည့် စောင့်ကြည့်ခြင်းကို ခံနေရကြသူတွေလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါ့ကြောင့် အပြောအဆို ခံရမယ့် ကိစ္စ တခုမဟုတ်တခု ဖြစ်လိုက်တာနဲ့ မီဒီယာတွေ၊ နောက်ကတကောက်ကောက်လိုက်တဲ့ သတင်းသမားတွေရဲ့ သတင်းပေးပို့ချက်တွေ၊ လူမှုဘ၀ အင်တာနက်စာမျက်နှာတွေကတဆင့် နိုင်ငံတကာက ပြည်သူတွေ၊ ပရိသတ်တွေဆီ ချက်ခြင်းလက်ငင်း ပြန့်နှံ့သွားတတ်ပါတယ်။

မိုက်ကယ်လ်ဂျက်ဆင်နဲ့ ပတ်သက်ရင် မျက်နှာ ခွဲစိတ်ကုသမှု၊ အသားအရေ ပြင်ဆင်မှု၊ ကလေးတွေကို မတော်မတရား ပြုမှု စတဲ့ ကိစ္စများဟာ မရိုးနိုင်တဲ့ သတင်းများ ဖြစ်ခဲ့သလို ၀တ္တနီဟူစတန်နဲ့ ပတ်သက်ရင်လည်း အိမ်ထောင်ရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ သတင်းတွေဟာ မဆန်းတော့တဲ့ သတင်းများလို့ ပြောရမလောက် ဖြစ်ခဲ့ပါတယ်။ ၀တ္တနီဟူစတန်နဲ့ အဆိုတော် ဘော်ဘီဘရောင်း (Bobby Brown) တို့ရဲ့ ၁၅ နှစ်သက်တမ်း အိမ်ထောင်ရေး (၁၉၉၂ - ၂၀၀၇) ဟာ ၀တ္တနီ ဟူစတန်ရဲ့ လုံးဝ ပြောင်းလဲသွားစေခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။

အခုနှစ်ပိုင်းအတွင်း ၀တ္တနီဟူစတန်အကြောင်းနဲ့ ပတ်သက်ပြီး မကြားရသလောက် ဖြစ်နေစဉ် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုဒေသ ဘယ်ဘရီ ဟယ်လ်တန် (Beverly Hilton) ဟော်တယ်ကို ရောက်ရှိနေတဲ့ ၀တ္တနီ ဟူစတန်ဟာ ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၀တ္တနီဟူစတန် ကွယ်လွန်တဲ့နေ့ရက်ဟာ ၅၄ ကြိမ်မြောက် ဂရမ်မီဆု ချီးမြှင့်ပွဲ မပြုလုပ်မီတရက်အလို ဖြစ်ပြီး ကွယ်လွန်ချိန်ဟာ အမေရိကန်ဂီတလောကရဲ့ အထင်ကရ တေးထုတ်လုပ်သူ အသက် ၇၉ နှစ်အရွယ်ရှိကလိုက်ဖ် ဒေးဗစ် (Clive Davis) ရဲ့ ဂရင်မီအကြို ဧည့်ခံပွဲ မပြုလုပ်မီ နာရီပိုင်းအလိုတွင် ဖြစ်ပါတယ်။ ကလိုက်ဖ်ဟာ ၀တ္တနီရဲ့ တေးထုတ်လုပ်သူလည်း ဖြစ်ပါတယ်။

ဝတ္တနီ ဟူစတန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်သာ ရှိသေးတာမို့ လူ့လောကကြီးထဲက စောစီးစွာ ထွက်သွားသူတဦးလို့ ပြောနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မိုက်ကယ်လ် ဂျက်ဆင် (အသက် ၅၀ နှစ်) ၊ ၂၀၁၀ ခုနှစ်မှာ အေမီ ၀ိုင်းဟောက်စ် (အသက် ၂၇ နှစ်) နဲ့ ၂၀၁၂ ခုနှစ်မှာ ၀တ္တနီ ဟူစတန် (အသက် ၄၈ နှစ်) စသည်ဖြင့် ဂီတလောကရဲ့ကြယ်ပွင့်တွေ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့ရခြင်းဟာ ကြားသိရသူတွေအတွက် မယုံနိုင်လောက်တဲ့သတင်းတွေ ဖြစ်ခဲ့ရပါတယ်။ အသက် ၇၉ နှစ်အရွယ် နာမည်ကြီး ရုပ်ရှင်မင်းသမီး အဲလစ်ဇဘတ်တေလာဟာလည်း ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါသေးတယ်။

ဝတ္တနီ ဟူစတန်ရဲ့ သီဆိုဟန်ကို ဒီကနေ့ခေတ် အဆိုတော်များဖြစ်ကြတဲ့ စလင်း ဒီယွန်၊ မရိုင်ယဲန် ကယ်လီနဲ့ ဂျနီဖာ ဟတ်တ်ဆန် တို့နဲ့ ချိန်ထိုး ပြောဆိုလို့ ရပေမယ့် ၀တ္တနီ ဟူစတန်ရဲ့ အောင်မြင်မှု၊ ဂီတစွမ်းအားတို့နဲ့ နှိုင်းယှဉ် ပြောဆိုဖို့ကတော့ အလွန့် အလွန်ကို ခဲယဉ်းပါလိမ့်မယ်။ သူ ကွယ်လွန်တယ်ဆိုတဲ့ သတင်းကို သိလိုက်ရတဲ့အချိန်မှာ ကိုယ်ရံတော် (Bodyguard) ဇာတ်ကားကို ရုတ်ချည်း သတိရလိုက်သလို မင်းကို အမြဲ ချစ်နေမှာပါ (I always love you) ဆိုတဲ့သီချင်းကိုလည်း ချက်ခြင်းပဲ အမှတ်ရလိုက်မိပါတယ်။

တကယ်တော့ ဒီနေ့မှာ ရေးဖို့ စိတ်ထဲမှာ စဉ်းစားထားတဲ့ သတင်းက ယနေ့မြန်မာ ၂၀၁၂ ဖန်တီးမှုနဲ့ ပတ်သက်တဲ့ သတင်းဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ကြယ်တာရာစစ်ပွဲ (Star Wars) ကို သုံးဘက်မြင် (3D) ရုပ်ရှင်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ပြီး ရုံတင်ပြသခဲ့တာမို့ ငယ်ငယ်ကတည်းက ရုပ်ရှင်ရုံမှာ ကြည့်ချင်ခဲ့တဲ့ အဲဒီဇာတ်ကားကို ဒီကနေ့မှာ မှတ်မှတ်ရရ သွားကြည့်ဖြစ်ခဲ့ပါတယ်။ ဒ့ါကြောင့်လည်း ဂျော့ဂ်ျ လူးကပ်စ် (George Lucus) ရဲ့ ကြယ်တာရာစစ်ပွဲ ဖန်တီးမှုအကြောင်းတွေနဲ့ ရုပ်ရှင်မြင်ကွင်းတွေက ဆောင်းပါးတပုဒ် ရေးချင်လာအောင် စေ့ဆော်ခဲ့ပါတယ်။ သို့သော်လည်း ရုပ်ရှင်ကြည့်ရာက အိမ်ပြန်ရောက်လာပြီးနောက် ၀တ္တနီ ဟူစတန် ကွယ်လွန်ခြင်းသတင်းကို ကြားမြင်လိုက်တာမို့ သူ့ကို အခု ဆောင်းပါးနဲ့ ဂုဏ်ပြုရင်း နိဂုံးချုပ်အနေနဲ့ မင်းကို အမြဲ ချစ်နေမှာပါ (I always love you) သီချင်းထဲက စာသားတခုဖြစ်တဲ့ ဒို့ မင်းကို အမြဲ ချစ်နေမှာပါ (We always love you) စာသားနဲ့ ၀တ္တနီ ဟူစတန်ကို နှုတ်ဆက်ပါရစေ။


မြင့်လှိုင်

၂၀၁၂ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၆ နာရီ

သတင်း ဆောင်းပါး - ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကွယ်လွန်သွားတဲ့ ၀တ္တနီ ဟူစတန် အဆိုတော် ရုပ်ရှင်မင်းသမီး - Feb 14 2012 12:24 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005