ပြည်သူစိတ်ဓါတ် တော်လှန်ရေးကြီး အောင်မြင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း
20120328 DASSK

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ကျင်းပတဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သ၀ဏ်လွှာတွင် “ဒီကနေ့ဟာ အကြောက်အရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ် လိုလားတဲ့ လူ့အဖွဲ့အစည်းတခု ထူထောင်ရန် ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ကြောင်း၊ စိတ်ဓါတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ကြောင်း၊ “ငါ အများကြီး လုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ“ ဆိုတဲ့ စိတ်ဓါတ်မျိုး ဘယ်တော့မှ မထားပဲ “ငါ လုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား“ ဆိုတဲ့ စိတ်ဓါတ်သာ ရှိရမှာ ဖြစ်ကြောင်း၊ ယခု စိတ်ဓါတ်တော်လှန်ရေး ဆင်နွှဲနေရတဲ့ ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသားအားလုံးဟာ မိမိတို့အနေနဲ့ မည်မျှ လုပ်ခဲ့ပြီးပြီလို့ မစဉ်းစားဘဲ မည်မျှလုပ်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေလိုကြောင်း၊ အခက်အခဲများကို ပြည်သူနဲ့ ဒီမိုကရေစီ အမှန်လိုလားတဲ့ အဖွဲ့အစည်းများက ထက်မြက်တဲ့ သတ္တိ၊ ခိုင်မာတဲ့ ဇွဲ၊ ၀ီရိယတို့နဲ့ ရင်ဆိုင် ကျော်လွှားရမှာ ဖြစ်ကြောင်း၊ နိုင်ငံ အေးချမ်းသာယာစေရန် အဓိက ဆောင်ရွက်ပေးနိုင်တဲ့ အင်အားစုမှာ ပြည်သူများသာ ဖြစ်ကြောင်း၊ ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရန် ဦးတည်တဲ့ ပြည်သူစိတ်ဓါတ်တော်လှန်ရေးကြီး အောင်မြင်ပါစေရန် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း“ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အထိမ်းအမှတ် အခမ်းအနားသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ရာ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီမိုကရေစီ အနှစ်သာရဆိုသည်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံက တိုက်ရိုက် ဆင်းသက်တယ်ဆိုတဲ့ အချက် ဖြစ်ကြောင်း၊ ဒါ့ကြောင့် “အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေရန်“၊ “ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်“၊ “အစိုးရ၀န်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲလာစေရန်“ ဟာ ဒီကနေ့အချိန်တွင် ဦးတည် ပြောင်းလဲပစ်ရမယ့် အတွေးအမြင် တော်လှန်ရေးတရပ် ဖြစ်တယ်လို့ အလေးအနက် ယုံကြည် တိုက်တွန်းကြောင်း“ ဖော်ပြထားပါတယ်။

ကြပ်ပြေးနေပြည်တော်တွင်ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာတော့ မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က “တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး စတင် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က လက်ဆင့်ကမ်းအမွေ ဆက်ခံပြီး စည်းကမ်းကောင်းတဲ့၊ စနစ်တကျရှိတဲ့ ခေတ်မီ စစ်တပ်တရပ်အဖြစ် ခေတ်ကာလနဲ့အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ရမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ စနစ်တကျ ချမှတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် တိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့နေကြရသကဲ့သို့ နိုင်ငံရေးမှာလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ လွှတ်တော်တွင် စစ်သား ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်နေခြင်းဟာ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းအရ စစ်တပ်က နိုင်ငံ့အကျိုး ဖော်ဆောင်ရန် ပါဝင်နေခြင်းသာ ဖြစ်ကြောင်း၊ စစ်သားများဟာ စစ်တပ်ဥပဒေကို လိုက်နာရုံမက နယ်ဘက်ဥပဒေများကိုလည်း လိုက်နာရမှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်က လေးစား လိုက်နာရမှာ ဖြစ်သလို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် စစ်တပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ရေးထားကြောင်း၊ ဒါ့ကြောင့် စစ်တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း၊ စစ်တပ် အင်အား တောင့်တင်းခိုင်မာဖို့ကို အစိုးရ၊ စစ်တပ်နဲ့ နိုင်ငံသားအားလုံးက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စစ်တပ်အနေနဲ့ အစိုးရနဲ့ ပေါင်းပြီး ဥပဒေနဲ့အညီ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်မယ့် အခြေအနေများကို မပြတ် လေ့လာဖို့ လိုအပ်ကြောင်း“ စတဲ့အချက်များကို ထည့်သွင်း ပြောကြားသွားပါတယ်။

တော်လှန်ရေးနေ့ (တပ်မတော်နေ့) သ၀ဏ်လွှာများနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ရဲ့ စကားများကို လေ့လာတဲ့အခါ စစ်တပ် အင်အား တောင့်တင်းဖို့၊ လွှတ်တော်တွင် စစ်သား ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်နေခြင်းကို အလေးထားဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်က ကာကွယ် စောင့်ရှောက်ဖို့ ပြောကြားတဲ့ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားတဲ့ တပ်မတော်နေ့မိန့်ခွန်းဟာ စိတ်ဝင်စားဖို့ ကောင်းသလို အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေလိုတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) သ၀ဏ်လွှာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာထဲက “ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရန် ဦးတည်တဲ့ ပြည်သူစိတ်ဓါတ်တော်လှန်ရေးကြီး အောင်မြင်ပါစေရန် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း“ ဆိုတဲ့ ဆုတောင်း ပြည့်ဝဖို့ မြန်မာပြည်သူတွေ လက်ရှိ လုပ်ဆောင်နေကြတဲ့ လုပ်ငန်းများကို ဆထက်တန်ဖိုး ကြိုးစားဖို့ လိုအပ်နေမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
သတင်း - ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ၈၈ မျိုးဆက်ကျောင်းသား - Mar 28 2012 02:32 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005