Top Advertisement
ဂီတနဲ့ ကုသိုလ်ယူပြီး ပညာရေး အလှူ ပေးခဲ့ကြသူများ
Funraising Concert (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာ ရှိတဲ့ MCC ခန်းမ အပြင်ဘက်ဝင်းအတွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေပွဲအတွက် အနုပညာရှင်များ၊ စီစဉ် ဆောင်ရွက်ပေးသွားကြမယ့်သူများက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံပြီး အားလုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေအတွက် ဈေးရောင်းပွဲကိုတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၉ နာရီက စတင် ရောင်းချပေးခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၇၀ ကျော်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမှတ်တရပစ္စည်းများ၊ ပိုစတာများ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရုပ်ပုံပါတီရှပ်များ၊ ပိုစတာများ၊ စားသောက်ကုန်၊ အလှကုန် စုံညီစွာ ရောင်းချပေးခဲ့ပြီး ၀ယ်ယူအားပေးလိုသူများကလည်း တပျော်တပါး ၀ယ်ယူ အားပေးခဲ့ကြပါတယ်။

တေးဂီတအဖွဲ့များစွာ တီးခတ်ပေးမှုနဲ့ ဂီတအနု ပညာရှင် တရာခန့် ပါဝင် ဖျော်ဖြေကြမယ့် ဂီတဖျော်ဖြေပွဲကိုတော့ ညနေ ၄ နာရီ မှာ စတင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ နေက မကျသေးတဲ့အတွက် ညနေ ၄ နာရီခွဲလောက်မှ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တေးဂီတ တင်ဆက်မှု မစတင်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်နှုတ်ခွန်းဆက်စကား စင်မြင့်ထက်မှာ ပြောကြားပေးခဲ့ပါတယ်။ ဂီတပွဲ တင်ဆက်မယ့် ကွင်းအတွင်းကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာတယ်ဆိုရင်ပဲ အားလုံးသောပရိသတ်များက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရာကျော်ရှည်ပါစေ စသဖြင့် ၀ိုင်းဝန်း ဆုတောင်းပေးခဲ့ကြပြီး လက်ဆောင်ပန်းစည်းများလည်း ပေးအပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဂီတအနုပညာရှင်များ ခြံရံပြီး ဂီတပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို စည်းစည်းလုံးလုံး ပါဝင်အားဖြည့် သီဆိုပေးကြတဲ့ ဂီတ အနုပညာရှင်များ အားလုံးနဲ့ လာရောက်ကြည့်ရှု အားပေးကြတဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်စကား ပြောကြားပါတယ်။ အဲဒီနောက်မှာတော့ ပထမဦးစွာ Vertical Vibration တေးဂီတအဖွဲ့ တီးခတ်ပေးမှုနဲ့ အတူ တေးသံရှင်ကြီး ကိုနေ၀င်းက အရှုံးမပေးနဲ့ မိငယ် သီချင်းနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ကိုရဲလွင်၊ တာရာ၊ ဂျေညီညီ၊ သားထွေး၊ စံလင်း၊ ရင်ဂို၊ တိုးလွင်၊ အောင်အောင်၊ ညီညီသွင်၊ အုပ်ကြီး၊ ကိုထွဋ်၊ စိုးထက်နဲ့ ဂျေညီမလေးတို့က Vertical Vibration တေးဂီတ အဖွဲ့ တီးခတ်ပေးမှုနဲ့ ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေပွဲမှာ စီစဉ်တင်ဆက်သူများအဖြစ် ပါဝင်ပေးခဲ့ကြတာကတော့ သရုပ်ဆောင် ဆန်းထွဋ်နဲ့ မောင်မောင်အေးတို့ပဲ ဖြစ်ပါတယ်။ ဂီတဖျော်ဖြေပွဲမှာ နောက်ထပ် စီစဉ်ထားတဲ့ အစီအစဉ်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တီရှပ် အင်္ကျီနှစ်ထည်ပေါ်မှာ အဲဒီနေ့ ညက သီဆိုဖျော်ဖြေတီးခတ် ပေးကြပြီးသူများက အမှတ်တရလက်မှတ်များ ရေးထိုးပေးခဲ့ကြပါတယ်။ လက်မှတ် ရေးထိုးထားတဲ့ အင်္ကျီနှစ်ထည်ထဲက တထည်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သွားမှာဖြစ်ပြီး ကျန်တဲ့တထည်ကိုတော့ ပညာရေးရန်ပုံငွေအတွက် လေလံတင် ရောင်းချခဲ့ပါတယ်။

အဲဒီအင်္ကျီကို ပထမဦးဆုံး လေလံဆွဲတဲ့သူက သိန်း ၃၀ စတင် ပေးခဲ့ပါတယ်။ အဆိုတော်တွေက သီချင်းတွေနဲ့ အလှူပြုပြီး သီဆိုပေးနေကြသလို လာရောက် အားပေးကြတဲ့ ပရိသတ်တွေကလည်း စေတနာသဒ္ဓါတွေ ပေါက်ပြီး ပညာရေးရန်ပုံငွေအတွက် တစ်ဦးချင်းစီရော အဖွဲ့လိုက်နဲ့ပါ လှူဒါန်း ပေးကြတာကြောင့် အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ကြတဲ့ မောင်မောင်အေးနဲ့ ဆန်းထွဋ်တို့က အဆိုတော်တယောက် သီဆို ပြီးတိုင်း အလှူငွေစာရင်းတွေကို အဆက်မပြတ် ကြေညာပေးခဲ့ရပါတယ်။ ဒါ့အပြင် ဒီနေ့ဈေးရောင်းပွဲတော်မှာ ပါဝင်ရောင်းချကြတဲ့ ဆိုင်ခန်းများကလည်း ရောင်းရတဲ့ငွေအားလုံး ပါဝင်လှူဒါန်း ပေးကြသလို တချို့ဆိုင်ခန်းတွေကတော့ အမြတ်ရော၊ အရင်းပါ လှူဒါန်းပေး နေကြတာတွေ ကြေညာပေးခဲ့ကြပါတယ်။

Vertical Vibration တေးဂီတ အဖွဲ့တီးခတ်ပေးမှုနဲ့ အဆိုတော် ၁၄ ဦး သီဆို ပေးကြလို့အပြီးမှာ Heaven Born တေးဂီတအဖွဲ့နဲ့ အတူ ဖြိုးကြီး၊ ထူးအယ်လင်း၊ ထက်နေကြည်၊ အောင်ခန့်၊ ရတနာမိုင်၊ ခင်ဘုဏ်းနဲ့ သျှီတို့က ပါဝင် သီဆိုပေးကြပါတယ်။ သျှီက ဒီပွဲမှာ ဒီ သီချင်းတွေကို ဒီလို ဆိုပြချင်လို့ စောင့်ခဲ့ရတာ ၁၅ နှစ်ရှိ ခဲ့ပြီလို့ ပြောရင်း ကယ်တင်ခြင်း သီချင်းကို ပရိသတ်နဲ့ အတူ အားရပါးရ သီဆိုပေး ခဲ့ပြီး အမေ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဆုမွန်ကောင်းများ တောင်းပေးခဲ့ပါတယ်။

ဆက်လက် ဖျော်ဖြေ တီးခတ်ပေးခဲ့တဲ့ တေးဂီတ အဖွဲ့ကတော့ Spectrum အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့အတူ အက်စ်ကဲနက်၊ ဇော်ပိုင်၊ ဘိုဖြူ၊ လင်းနစ်၊ နွဲ့ယဉ်ဝင်းနဲ့ သမီး သံသာဝင်း၊ မီးမီးခဲ၊ တူးတူး၊ ကဗျာဘွဲ့မှူးတို့က သီဆိုပေးခဲ့ကြပါတယ်။ အဆိုတော်တဦး သီဆိုပြီးတိုင်း အလှူငွေထည့်ဝင်သူများစာရင်းကို ကြေညာပေးခဲ့ရသလို အဆိုတော်များကလည်း ကိုယ့်အလှည့် သီဆိုပြီးတိုင်း တီရှပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။ သိန်း ၃၀နဲ့ စတင်ခဲ့တဲ့ လေလံတင်အင်္ကျီကလည်း တဖြည်းဖြည်းနဲ့ သိန်း ၅၀၊ သိန်း ၆၀ ရောက်ရှိလာပြီး တချို့လေလံဆွဲသူများက အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၆၆ နှစ်ဖြစ်လို့ ၆၆ သိန်းပေးပြီး အင်္ကျီကို လေလံဆွဲခဲ့တာလည်း ပါ ပါတယ်။

ဆက်လက်ပြီး ဖျော်ဖြေပေးတဲ့ တေးဂီတအဖွဲ့က The Trees တေးဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ The Trees တေးဂီတအဖွဲ့နဲ့အတူ ဟဲလေး၊ ဖိုးကာ၊ ဉာဏ်လင်းအောင်၊ ယုဇန၊ အေသင်ချိုဆွေ၊ ထွန်းအိန္ဒြာဗိုနဲ့ R ဇာနည်တို့က သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ ထွန်းအိန္ဒြာဗိုသီဆိုမှုကို သဘောကျနှစ်သက်တဲ့ ပရိသတ်တဦးက ဆုတော်ငွေ သုံးသောင်း ချီးမြှင့်တဲ့အခါ ထွန်းအိန္ဒြာဗိုက နောက်ထပ် နှစ်သိန်း ခုနှစ်သာင်း ထပ်မံဖြည့် ပြီး ပညာရေးရန်ပုံငွေအတွက် သူ လှူဒါန်းပါတယ် လို့ ၀မ်းသာအားရ ကြေညာပြီး လှူဒါန်းပေးခဲ့ပါတယ်။ ထွန်းအိန္ဒြာဗိုရဲ့နောက်မှာ ထပ်မံ ဖျော်ဖြေပေးသူက R ဇာနည်ပဲ ဖြစ်ပါတယ်။ ဒီနေ့ညမှာ သီဆိုပေးကြတဲ့ အဆိုတော်များရဲ့ သီချင်းများက ခွန်အားတွေ ဖြစ်စေခဲ့သလို စိတ်ဓာတ်တက်ကြွမယ့် သီချင်းများ အများဆုံး သီဆိုပေးကြပါတယ်။ R ဇာနည်ရဲ့ အလှည့်မှာတော့ ပရိသတ်များက သူတို့အမှတ်တရ ၀ယ်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ပိုစတာများ၊ လည်စည်းပ၀ါများ၊ လက်ဆောင်ပန်းစည်းများ R ဇာနည်ကို ဂုဏ်ပြု ပေးအပ်ခဲ့ကြပါတယ်။ ဒါ့အပြင် R ဇာနည်ကို ဂုဏ်ပြုဆုငွေ နှစ်သာင်း ချီးမြှင့်ပေးတဲ့အခါ R ဇာနည်ကလည်း ရှေ့က ကျွန်တော့်အစ်မ မခိုင်(ထွန်းအိန္ဒြာဗို)ကို အားကျ ပြီး ကျွန်တော်လည်း နှစ်သိန်း ရှစ်သောင်းဖြည့်ပြီး သုံးသိန်း လှူဒါန်းပါတယ်လို့ ကြေညာပေးပါတယ်။ ထွန်းအိန္ဒြာဗိုနဲ့ R ဇာနည်တို့သာမကဘဲ အခြားအဆိုတော်များကလည်း သူတို့ကို ဆုချတဲ့ ဂုဏ်ပြုဆုငွေများကို ပညာရေးရန်ပုံငွေအတွက်ပဲ ပြန်လည် လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

အားပေးနေတဲ့ ပရိသတ်များက အဖွဲ့လိုက်၊ မိမိတို့ ထိုင်ကြည့်နေတဲ့ အတန်းလိုက် စုပေါင်း လှူဒါန်းကြတာမျိုး ရှိသလို တဦးချင်း စီကလည်း ပါဝင် လှူဒါန်း ပေးကြပါတယ်။ ရှေ့ဆုံးတန်းကနေ အားပေးနေတဲ့ ကျော်သူရဲ့ဇနီး ရွှေဇီးကွက်က တသိန်း၊ ကားရိုက် ရှိနေလို့ ဒီပွဲကို မလာရောက်နိုင်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်က ဒေါ်လာ ၅၀၀ စသဖြင့် လှူဒါန်းပေးကြတဲ့သူတွေက လှူလို့မဆုံး ရှိကြပါတယ်။

သိန်း ၃၀ နဲ့ စတင် လေလံပေးခဲ့တဲ့ တီရှပ်ကလည်း သိန်း ၇၀၊ ၇၂ သိန်း၊ ၇၅ သိန်းကနေ သိန်း ၉၀ အထိ ဈေးပေးလာပြီ ဖြစ်လို့ အားပေးနေတဲ့ ပရိသတ်လည်း ပျော်လို့မဆုံး၊ ကြေညာပေးသူများကလည်း တက်တက်ကြွကြွ အားရပါးရ ရှိခဲ့ကြပါတယ်။ ရွှေမိုးသည်း ရုပ်ရှင်က သိန်း ၉၀ ကနေ ၉၅ သိန်းအထိ လေလံ ပေးခဲ့ပြီး နောက်ထပ် လေလံ ဆွဲတဲ့သူကလည်း (၁ ခြောက် လုံး)၁၁၁,၁၁၁ အထိ ပေး ပြီးတဲ့ နောက်မှာ နောက်ဆုံး ၁၂၅ သိန်းနဲ့ လေလံအောင် သွားသူက Common Purpose ကုမ္ပဏီပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး Metal Zone တေးဂီတအဖွဲ့နဲ့အတူ ဟယ်ရီလင်း၊ မာရဇ္ဇ၊ ဟန်ထွန်း၊ သအို၊ ဂျီလတ်၊ လင်းလင်း၊ ချစ်သုဝေ၊ L ဆိုင်းဇီ၊ N ကိုင်ရာတို့က ဖျော်ဖြေပေးကြပါတယ်။ ရှေ့ပိုင်းမှာ နာမည်ကြီးအဆိုတော်များက နှစ်ပုဒ်ကျစီနဲ့ ကျန်တဲ့အဆိုတော်များက တပုဒ်စီသာ သီဆိုခဲ့ကြပေမဲ့ Plus Three တီးခတ်တဲ့ အစီအစဉ် စတဲ့အခါ ည ၁၂ နာရီထိုးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တပုဒ်စီပဲ သီဆိုပေးခဲ့ကြရ ပြီး Plus Three အစီအစဉ်မှာ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ကောင်းမြတ်၊ မိုးမိုး၊ ချမ်းချမ်း၊ ရှင်ဖုန်း၊ မေခလာ၊ နေနေတို့က ပါဝင် သီဆိုပေးခဲ့ကြပါတယ်။ ဒါ့အပြင် Wanted, Reason, Big Bag အဖွဲ့များရဲ့သီဆို ဖျော်ဖြေပေးမှုများ၊ Hip Hop အဆိုတော်များထဲက ငယ်ငယ်၊ ယုန်လေး၊ ဆိုင်ကလုန်း၊ Blueberry, Jenny, ရသ၊ Snare, စန္ဒီမြင့်လွင်၊ ဘိုလေး၊ ကြက်ဖ၊ ACID တို့နဲ့ ဧည့်သည်တော်အဖြစ် စိုင်းစိုင်းခမ်းလှိုင်ကလည်း လာရောက်သီဆို အားဖြည့်ပေးသွားခဲ့ပါတယ်။

ည ၁၂ နာရီ ကျော်နေ ပြီဖြစ်ပေမဲ့ ပရိသတ်များက စိတ်ဓာတ်တက်ကြွစွာနဲ့ အားပေးနေကြဆဲဖြစ်ပြီး Emperor တေးဂီတအဖွဲ့ တီးခတ်ပေးမှုနဲ့ နောက်ဆုံး ပွဲသိမ်းတဲ့အချိန်မှာတော့ ၀ိုင်းစုခိုင်သိန်း၊ အဲလက်စ်၊ ကော်နီ၊ L လွန်းဝါ၊ အိမ့်ချစ်၊ ဆုန်သင်းပါရ်နဲ့ ဇော်ဝင်းထွဋ် တို့က သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ တစ်ခါမှ မကြုံစဖူး အဆိုတော် တရာနီးပါးနဲ့ တေးဂီတ အဖွဲ့များစွာက ပါဝင် တီးခတ်ပေးခဲ့ကြတဲ့ အမှတ်တရပွဲတပွဲအဖြစ် မှတ်တမ်းတင်ပေးရမှာ ဖြစ်ပါတယ်။ ပရိသတ်ကလည်း အားပေးရင်းလှူ၊ အဆိုတော်များကလည်း ဆိုရင်းနဲ့ လှူ ကြပြီး ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေအတွက် လှူပေးခဲ့ကြပါတယ်။ ၀မ်းသာကြည်နူးစရာ ကောင်းသလို ပညာရေးအတွက် တထောင့်တနေရာက ပံ့ပိုး ပေးနိုင်တော့မှာဖြစ်လို့ အင်မတန် အားရ ကျေနပ်စရာပွဲ တပွဲအဖြစ် မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေအတွက် အဲဒီနေ့မှာ သိန်း ငါးရာကျော် ရရှိခဲ့တယ်လို့ သတင်းရခဲ့ပြီး ပညာရေး ရန်ပုံငွေ ဂီတပွဲ၊ ဈေးရောင်းပွဲမှာ ပံ့ပိုး ကူညီပေးခဲ့သူများ၊ ဦးဆောင်ခဲ့ကြသူများကို ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၉ ရက်နေ့ညက နေအိမ်မှာ ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ပါတယ်။ ၁၂၅ သိန်းနဲ့ ပညာ ရေးရန်ပုံငွေအတွက် ရည်စူးပြီး လေလံ အောင်ခဲ့တဲ့ Common Purpose ကုမ္ပဏီမှ ဒေါ်မာလာဝင်းကို ဂီတပညာရှင်များ လက်မှတ်ရေးထိုးထားတဲ့ တီရှပ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထပ်မံ လက်မှတ်ရေးထိုးပေးပြီး ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Funraising Concert (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

Funraising Concert (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

ဂီတ - ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေပွဲ ဒေါ်အောင်ဆန်းစုကြည် ဂီတဖျော်ဖြေပွဲ အဆိုတော် - Feb 14 2012 12:36 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005