Top Advertisement
စီတီးအက်ဖ်အမ်မ် ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနားနဲ့ ဂီတ ဆုချီးမြှင့်ပွဲ
City FM (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင်ပြီး ထုတ်လွှင့်ပေးခဲ့တဲ့ မြို့တော် အသံလွှင့်ဌာန City FM ရေဒီယို အစီ အစဉ်ရဲ့ ၁၀ နှစ် ပြည့်မြောက်တဲ့ နှစ်ပတ်လည် အခမ်းအနားကို နှစ်စဉ် ကျင်းပမြဲအတိုင်း ဂီတဖျော်ဖြေမှု အစီအစဉ်များ၊ City FM Award ဂီတဆု ချီးမြှင့်ခြင်းများနဲ့ ဇန်န၀ါရီလ ၇ ရက်နေ့ညက ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပခဲ့ပါတယ်။

City FM က ဂီတဆုကို ချီးမြှင့်ပေးရာမှာ အနုပညာ၊ အတတ်ပညာ၊ အောင်မြင်မှုများကို ဆုံးဖြတ်ပြီး ချီးမြှင့်တာမျိုး မဟုတ်ဘဲ တနှစ်တာအတွင်း ရောင်းအား အကောင်းဆုံး တေးစီးရီးများကို ရွေးချယ်ပြီး ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ ချီးမြှင့်ပေးတဲ့ ဆုများကတော့ ၂၀၁၁ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး မြန်မာသံ တေးစီးရီး ထုတ်လုပ်သူ ဆု၊ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး ထုတ်လုပ်သူ ဆု၊ ရောင်းအား အကောင်းဆုံး မြန်မာသံ တေးစီးရီး သီဆိုသူ အမျိုးသား တေးသံရှင် ဆု၊ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသမီး တေးသံရှင် ဆု၊ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသား တေးသံရှင် ဆု၊ ရေပန်း အစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင် ဆု၊ ရေပန်း အစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသား တေးသံရှင် ဆု၊ ၂၀၁၁ ခုနှစ်အတွင်း အအောင်မြင်ဆုံး တေးဂီတ အဖွဲ့ဆုများ ချီးမြှင့်ပေးခဲ့ပါတယ်။

ပထမဦးဆုံး ချီးမြှင့်ပေးတာကတော့ နှစ်စဉ် ချီးမြှင့်ပေးမြဲဖြစ်တဲ့ တနှစ်တာအတွင်း City FM ရေဒီယိုအစီအစဉ်မှာ ကြော်ငြာ အများဆုံး ထည့်သွင်းပေးခဲ့တဲ့ ကုမ္ပဏီနဲ့ ကြော်ငြာ အများဆုံး ကောက်ခံ ထည့်သွင်း ပေးခဲ့တဲ့ ကြော်ငြာအေဂျင်စီကို ချီးမြှင့်ပေးခဲ့ရာ ကြော်ငြာအများဆုံး ထည့်သွင်းပေးခဲ့တဲ့ ကုမ္ပဏီဆုကို MDG ကုမ္ပဏီက ရရှိသွားခဲ့ပြီး ကြော်ငြာ အများဆုံး ကောက်ခံ ထည့်သွင်းပေးခဲ့တဲ့ ကြော်ငြာ အေဂျင်စီဆုကို Art Man မီဒီယာက ရှစ်ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပါတယ်။

ဆက်လက်ပြီး အကောင်းဆုံး မြန်မာသံ တေးစီးရီး ထုတ်လုပ်သူ ဆုကို L ခွန်းရီက ကြေညာပေးခဲ့ရာ ဗညားဟန် သီဆိုထားတဲ့ မိုးသည်းည အလွမ်းပန်းချီ တေးစီးရီးကို ထုတ်လုပ်ပေးခဲ့တဲ့ ကမ္ဘာကျော် တေးသံသွင်းမှ ရရှိခဲ့ပါတယ်။ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး ထုတ်လုပ်သူ ဆုကို အကယ်ဒမီ နေအောင်က ကြေညာပေးခဲ့ရာ ချမ်းချမ်း သီဆိုထားတဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ် တေးစီးရီးကို ထုတ်လုပ်ပေးခဲ့တဲ့ မေသော် တေးထုတ်လုပ်ရေးက ရရှိသွားခဲ့ပါတယ်။ နောက်ထပ် ကြေညာပေးတဲ့ ဆုများကတော့ ရောင်းအားအကောင်းဆုံး မြန်မာသံ တေးစီးရီး သီဆိုသူ ဆုပဲ ဖြစ်ပါတယ်။ ဆန်ခါတင် တေးစီးရီး သုံးခုဖြစ်တဲ့ ပိုင်သက်ကျော်ရဲ့ နှင်းဆီနီ၊ ဗညားဟန်ရဲ့ မိုးသည်းည အလွမ်းပန်းချီ၊ ဗညားဟန်ရဲ့ တေးစီးရီး သုံးခု အနက်မှ မိုးသည်းည အလွမ်းပန်းချီ တေးစီးရီးနဲ့ ဗညားဟန်က ရရှိသွားကြောင်း တေးသံရှင် ဇော်ဝင်းထွဋ်က ကြေညာပေးခဲ့ပါတယ်။ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသမီး တေးသံရှင် ဆုကို တေးရေး မြင့်မိုးအောင်က ဖွင့်ဖောက် ကြေညာပေးရာ ဆန်ခါတင် တေးစီးရီးများ ဖြစ်တဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ မက်လောက်စရာ၊ ချမ်းချမ်းရဲ့ တကယ်ဆိုရင် အချစ်ပဲ လိုတယ်၊ ချစ်သုဝေရဲ့ တိမ်တွေနေတဲ့ အရပ် တေးစီးရီး သုံးခုအနက်မှ တကယ်ဆိုရင် အချစ်ပဲ လိုတယ် တေးစီးရီးကို သီဆိုထားတဲ့ ချမ်းချမ်းက ရရှိသွားပါတယ်။

စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသား တေးသံရှင် ဆုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်း ဖြစ်) က ဖွင့်ဖောက် ကြေညာပေးရာ အသင့်ရှိသူ တေးစီးရီးကို သီဆိုသူ ဉာဏ်လင်းအောင်၊ တတိယကာရန် တေးစီးရီးကို သီဆိုသူ ရဲလေး၊ အဆိပ်တက်အိပ်မက် တေးစီးရီးကို သီဆိုသူ R ဇာနည်တို့ ဆန်ခါတင် သုံးဦးအနက်မှ အဆိပ်တက် အိပ်မက် တေးစီးရီးကို သီဆိုသူ R ဇာနည်က ရရှိသွားခဲ့ပါတယ်။ တနှစ်တာအတွင်း ရေပန်းအစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင် ဆုကို လျှပ်တပြက်ဂျာနယ်မှ ဆရာ မြတ်ခိုင်က ကြေညာပေးရာ သီချင်း တောင်းခံမှု အများဆုံး အမျိုးသမီး အဆိုတော် သုံးဦး ဖြစ်တဲ့ ၀ိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ L ဆိုင်းဇီတို့ အနက်မှ ချမ်းချမ်းက ရရှိသွားတဲ့အတွက် ဆယ်နှစ်ပြည့် အမှတ်တရပွဲမှာ ချမ်းချမ်းက စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသမီး တေးသံရှင်ဆုနဲ့ ရေပန်းအစားဆုံး သီချင်း တောင်းဆိုမှု အများဆုံး ဆု နှစ်ဆု ရရှိသွားခဲ့ပါတယ်။ ရေပန်းအစားဆုံး သီချင်း တောင်းဆိုမှု အများဆုံး အမျိုးသား တေးသံရှင် ဆုကို အကယ်ဒမီ ထက်ထက် မိုးဦးက ဖွင့်ဖောက်ကြေညာပေးရာ Banny Phyo , R ဇာနည်၊ အောင်လတို့ သုံးဦး အနက်မှ အောင်လ (Reason) က ရရှိသွားပါတယ်။ ဒီနှစ်မှာ ထပ်မံ ချီးမြှင့်ဖြစ်တဲ့ ဆုတဆုကတော့၂၀၁၁ ခုနှစ်ရဲ့ အအောင်မြင်ဆုံး တေးဂီတအဖွဲ့ဆုပဲ ဖြစ်ပါတယ်။ ဒီဆု ကို အကယ်ဒမီ လူမင်းက ဖွင့်ဖောက်ကြေညာ ပေးရာ ဆန်ခါတင် သုံးဖွဲ့ဖြစ်တဲ့ Big Bag, Reason, Gate Way အဖွဲ့ သုံးဖွဲ့ အနက်မှ မာတိကာ တေးစီးရီး ထွက်ရှိထားခဲ့တဲ့ Reason အဖွဲ့က ရရှိသွားခဲ့ပါတယ်။

ဆုရရှိသူများကို ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က City FM Award ဂုဏ်ပြု ရုပ်တုများ ပေးအပ် ချီးမြှင့်ခဲ့သလို City FM နှစ်ပတ်လည်ပွဲများကို ပံ့ပိုးကူညီပေးခဲ့တဲ့ MDG ကုမ္ပဏီမှ MD ဦးအောင်မော်သိန်းကလည်း ရွှေ တကျပ်သားစီ ချီးမြှင့်ပေးခဲ့ပါတယ်။

City FM ရဲ့ နှစ်ပတ်လည် အခမ်းအနားတွေမှာ ထည့်သွင်း တင်ဆက်လေ့ရှိတဲ့ ဂီတအစီအစဉ်များဟာ တနှစ်ထက်တနှစ် ထူးခြားစွာ တင်ဆက်ခဲ့သလိုမျိုး ဒီနှစ်မှာလည်း ထူးထူးခြားခြား တင်ဆက်ပေးပြန်ပါတယ်။ ပထမဦးဆုံး တင်ဆက်ပေးတဲ့ တေးသီချင်းကတော့ ပင်တိုင်စံအတွက် အချစ်အလင်းရောင် တေးသီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းက ဂီတစာဆို ကိုညွန့်ဝေ ရေးသားခဲ့ပြီး ဒေါ်တင်တင်မြ သီဆိုခဲ့ဖူးတဲ့ တေးသီချင်းကို တေးရေး မြင့်မိုးအောင်က ပြန်လည် ခံစား ရေးသား ပေးထားပြီး ချမ်းချမ်းနဲ့ နေနေတို့ကပေးခဲ့ရာ Lazy Club တေးဂီတ အဖွဲ့ တီးခတ် ပေးမှုနဲ့ အတူ စောင်း လှိုင်ဝင်းမောင် ကလည်း စောင်းတီးခတ်ပေးခဲ့ပါတယ်။ အဲဒီ အစီအစဉ်မှာ မြန်မာအကလေးများနဲ့ပါ တွဲဖက်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဇော်ပိုင်က တေးရေး မင်းချစ်သူရဲ့ လက်ရာ တေးသီချင်းအသစ်ဖြစ်တဲ့ ဆက်ချစ်နေမယ်၊ Dဖြိုးနဲ့ စိုးပြည့်သဇင် တို့က တေးရေး သောမတ်စ်ရဲ့ လက်ရာ သီချင်းအသစ် ဖြစ်တဲ့ ဆန္ဒ မစောနဲ့ တေးသီချင်းကို ဂစ်တာကိုယ်စီ တီးပြီး သီဆိုပေးသွား ကြပါတယ်။ အောင်ကိုလတ် ပြန်ဆိုခဲ့ဖူးပြီး နာမည်ရခဲ့တဲ့ ကိုဘီအေ သီချင်းကို ဂျေမီက Rap စာသားများ၊ ပြန်လည် ဖြည့်စွက်ပေးကာ အောင်ကိုလတ်နဲ့ စန္ဒီမြင့်လွင်တို့က အတွဲညီညီ သီဆိုပေး ခဲ့ကြပါတယ်။ ဖြူဖြူကျော်သိန်းရဲ့ အလှည့်မှာတော့ မင်းချစ်သူရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အဘယ်ကြောင့် ဆိုသော်ကို သီဆိုခဲ့တာ ဖြစ်ပါတယ်။ သီချင်းဟောင်းတွေကို ပြန်လည် ဖော်ထုတ်ရင်း လူငယ် မျိုးဆက်သစ်များကိုလည်း စင်တင် ပွဲထုတ်တဲ့ အစီအစဉ်မှာ လူငယ် Hip Hop အဆိုတော်များ ဖြစ်ကြတဲ့ Bunny Phyoe, လွှမ်းပိုင်၊ နန္ဒာထွန်းတင် တို့ကလည်း နင်ပြန်လာမယ့် အချိန် တေးသီချင်းနဲ့ ဖျော်ဖြေ ပေးခဲ့ပြီး ချမ်းချမ်းကတော့ ကိုယ်သိထားရဲ့ သီချင်းနဲ့ ဆက်လက် သီဆိုပေးခဲ့ပါတယ်။

ပြန်လည်ဂုဏ်ပြု အောက်မေ့ခြင်း အစီအစဉ်အနေနဲ့ တေးရေးဆရာ မောင်သစ်မင်း သီချင်းကို ဂုဏ်ပြုသီဆိုပေးရာမှာ ဉာဏ်လင်းအောင်နဲ့ ၀ိုင်းစုခိုင်သိန်းတို့က တချက်လေး စောင်းငဲ့ကြည့်ဦး သီချင်းနဲ့ ဂုဏ်ပြုပေးသွားပြီး R ဇာနည်က လင်းလင်းရဲ့ အိပ်မက်ထဲက အဖြေ၊ မြန်မာပြည်ကို ခေတ္တ ပြန်လည် ရောက်ရှိနေတဲ့ တင်ဇာမော်က စုန်းမ သီချင်းနဲ့ သီဆိုပေးသွားခဲ့ပါတယ်။ နောက်ဆုံးပိတ် အနေနဲ့တော့ ရုပ်ရှင်သီချင်းအဖြစ် အောင်မြင်ခဲ့သလို အဆိုတော်များစွာလည်း ပြန်လည် သီဆိုဖြစ်တဲ့ ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းကို သရုပ်ဆောင် အကယ်ဒမီ နေတိုးက အကအဖွဲ့လေးများနဲ့ လှလှပပ သီဆိုတင်ဆက်ပေးခဲ့ပါတယ်။ ဒီ သီဆိုဖျော်ဖြေမှုများကို ပရိသတ်များ နားဆင် ကြည့်ရှုနိုင်ဖို့ တေးစီးရီး ဗီစီဒီများ အဖြစ် MDG ကုမ္ပဏီက မကြာမီ ထုတ်ဝေ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။
City FM (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

City FM (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

ဂီတ - စီတီးအက်ဖ်အမ်မ် ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနား ဂီတ ဆုချီးမြှင့်ပွဲ - Feb 14 2012 12:36 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005