Top Advertisement
အဆိုးအကောင်း ဒွန်တွဲနေတဲ့ ယုန်လေးရဲ့ ဆယ်ကျော်သက်

၂၀၁၂ ဧပြီလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှ

လူ့ဘ၀မှာ အကောင်းနဲ့ အဆိုးက ဒွန်တွဲ နေတတ်ပါတယ်။ အဆိုးတွေ ကျရောက်လာပြီးရင် အကောင်းတွေပါ ရောက်လာတတ်တဲ့ အဆိုတော် ယုန်လေးရဲ့ ဆယ်ကျော်သက် ဘ၀ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဖခင် ဦးဆွေတင့်၊ မိခင်ဒေါ်ခင်စောမူတို့ရဲ့ တဦးတည်းသောသား ယုန်လေးက ဆယ်ကျော်သက်ဘ၀ မစခင် ကလေးဘ၀မှာကတည်းက အဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ၃ နှစ်သား အရွယ်မှာ မိခင်နဲ့ ဖခင် အိမ်ထောင် ကွဲသွားပါတယ်။ ယုန်လေး အသက် ၄ နှစ် အရွယ်မှာ မိခင်ဖြစ်သူက အစာအိမ် သွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့သလို ယုန်လေး ၆ နှစ် အရွယ်မှာတော့ ဖခင်က ကားမှောက်ပြီး ဆုံးသွား ခဲ့ပါတယ်။

အဲဒီ အချိန်မှာ ယုန်လေးဘ၀က ကံဆိုးတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီမှာ ကံကောင်းတာကတော့ အဘိုးအဘွားနဲ့ အဒေါ် အပျိုကြီး ၃ ယောက်က ယုန်လေးအတွက် ဘာမဆို အကုန်လုံး ပေးတဲ့အတွက်ကြောင့် ပါ။ “အဲဒီ အရွယ်တုန်းက အဖေ အမေ ဆိုတာကို သိပ်ပြီး မသိတတ်သေးတာကြောင့် မှတ်မှတ်ရရ ရှိတာ နည်းတယ်။ အဖေ၊ အမေ မရှိလို့ကွာ ဆိုပြီး သိမ်ငယ်ပြီး ငိုတဲ့ အထဲမှာ မပါဘူး။ မသိတော့လေ။ ဒါပေမဲ့ တချက် တချက်မှာ စိတ်အားငယ်တာက သူများ မိဘတွေ ကျောင်း လာကြိုတာတို့ ပေါ့။ ကျွန်တော့်ကို ကျောင်းလာကြိုတာက မိဘတွေ မဟုတ်ဘူး လေ။ ငါ့အမေက ဘာဖြစ်တယ်၊ အဖေက ဘာဖြစ်တယ်လို့ သူငယ်ချင်းတွေ ပြောရင် ငိုချင်သလို၊ ရယ်ချင်သလိုတော့ ဖြစ်ဖူးတယ်။

အဲဒီအချိန်တုန်းက မြန်မာကားတွေ ကြည့်ပြီးထိုင် ထိုင်ငိုနေတာတို့ အဖေ အမေသေတဲ့ အခန်းတွေ ပါရင် ပေါ့။ အဲဒီလောက်ထိ ဖြစ်ဖူးတယ်။ အဖေ အမေ လိုချင်လို့လား ဆိုတော့လည်း မဟုတ်ဘူး။ စိတ်က စိတ်အားငယ် သွားတာလား၊ ဆိုက်ကို ၀င်သွားတာလား မသိဘူး” လို့ ယုန်လေးက ၈ နှစ်နဲ့ ၁၀ နှစ် ၀န်းကျင်ကြား ခံစားခဲ့ရတဲ့ သူ့ ခံစားမှုကို အရင်ဆုံး ပြောပြပါတယ်။

အဒေါ် အပျိုကြီးတွေ အဘိုးအဘွားတွေနဲ့ အိမ်ထဲမှာပဲ ကစားပြီး အဘိုး အဘွား အဒေါ်တွေက ယုန်လေး စိတ်တိုင်းကျ ကစားစရာ အရုပ်၊ ပစ္စည်းပစ္စယ တွေကို ၀ယ်ပေးထားတာပါ။ ဒါတွေက ယုန်လေးအတွက် အဆိုးထဲက အကောင်းတွေ ပါ။ အိမ်ထဲမှာပဲ ဆော့ကစားရတာ အချိန်ကြာလာတဲ့အခါ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ ဘောလုံး ကန်ချင်တာမျိုး ဆိုရင် သူငယ်ချင်းတွေက ပေးမကန်တာမျိုးတွေနဲ့ ယုန်လေးက ကြုံတွေ့ခဲ့ရဖူးရပါတယ်။ “၁၀ ယောက် ကန်မယ်ဆို ငါးယောက်စီခွဲပြီး ကန်ရင် ကျွန်တော် မကန်ရဘူး။ နောက်တယောက်လာလို့ ကန်ရင်လည်း ငါးယောက်၊ ခြောက် ယောက် ကန်ကြတယ်။ ကျွန်တော် မကန်ရဘူး။ ၀င်ပါရရင်လည်း ဖိနပ်တွေနဲ့ ဂိုးတိုင် လုပ်တဲ့နေရာမှာနေရပြီး ကျွန်တော့် မျက်နှာကို ဘောလုံးနဲ့ တည် ကန်ကြတာတို့ လုပ်ကြတယ်။ အဲဒီတုန်းက ကျွန်တော် ပြန်ပြီးလည်း မထိုးရဲဘူး။ ငိုငိုပြီး ပြန်လာရတယ်။

အဲဒါက ရက်ပေါင်း မနည်းဘူး။ နှစ်နဲ့ကို ချီပြီးကြာတယ်” လို့ သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း ဖယ်ရှားမှု ခံရတဲ့ အကြောင်း ယုန်လေးက ပြန်ပြောင်း ပြောပြခဲ့ပါသေးတယ်။ ဒီလို ခံရတာတွေ များတဲ့ တူဖြစ်သူကို အဒေါ်တွေက ပြန်ပြီး ချလာရင် လိုချင်တာ ၀ယ်ပေးမယ်လို့ ပြောရင်း စိတ်ဓာတ်ကို နှိုးဆွ ပေးခဲ့ကြတာပါ။ ချောင်ပိတ် ရိုက်ခံရမှုတွေ များလာတဲ့အခါ နိုးကြွတဲ့ စိတ်တွေ ပွင့်ထွက်လာပြီး စာတော်တဲ့သူများနှင့် အပေါင်းအသင်း မလုပ်ဖြစ်တော့ပါဘူး။ ယုန်လေးရဲ့ စိတ်က အစွန်း နှစ်ဖက်မှာ အမြဲတမ်း ရှိနေခဲ့ပေမဲ့ ၀ုန်းဒိုင်းကြဲတဲ့ စိတ်ကိုတော့ မလိုချင်တော့ပါဘူး။ ယုန်လေးက အသက် ၁၄ နှစ်လောက်မှာ ဂီတအနုပညာပိုး ၀င်လာပြီး ဂီတကို လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရတဲ့ မုန့်ဖိုးလေးတွေ စုပြီး အသံသွင်းသီချင်းတွေ ဆိုဖို့ ကြိုးစားခဲ့တာပါ။ အသက် ၁၅ နှစ် ဆယ်တန်း အောင်ပြီးချိန်မှာ မင်းမှ မင်းပါပဲ သီချင်းတပုဒ်ကို အစအဆုံး ရေးသားနိုင်ခဲ့ပါတယ်။အသက် ၁၄၊ ၁၅ နှစ်မှာ ရေးထားတဲ့ သီချင်းတွေထဲက တပုဒ်လုံးပြီးအောင် ရေးနိုင်တဲ့ သီချင်းဖြစ်ပြီး စီးရီးထဲမှာလည်း ထည့်နိုင်တဲ့ သီချင်း ပါ။

ယုန်လေးက ကျော်ဇေယျ (Pro) တို့နဲ့တွေ့ပြီး စီးရီးတွေသွင်းရင်း မင်းအတွက် စီးရီးမှာ ပါဝင်ခဲ့ပါတယ်။ ဖိုးချမ်းဆိုတဲ့သူက studio တွေ ရောက်အောင် အသံတွေ သွင်းနိုင်အောင်လည်း ယုန်လေးကို ကူညီ ပေးခဲ့တာပါ။ မင်းအတွက် စီးရီးမှာ L ဆိုင်းဇီနဲ့ တွဲဆိုထားတဲ့ အချစ်အတွက် ကံမကောင်းခဲ့သူ သီချင်း ပရိသတ်ကြားထဲ ပျံ့နှံချိန်မှာတော့ ယုန်လေးက အင်းစိန်ထောင်ထဲကို ရောက်နေပါတယ်။ ယုန်လေးက အမြင်ကတ်ပုဒ်မနဲ့ အင်းစိန်ထောင်ထဲ ရောက်ခဲ့ရတာပါ။ ထောင်ထဲ ၀င်သွားတဲ့အချိန် လူငယ် တယောက် အနေနဲ့ အရင်တုန်းက ထောင်ဆိုတာကို အရမ်း ကြောက်ခဲ့တယ်။ တိုက်ပိတ်တာကို ထောင်လို့ ထင်ခဲ့တာ။ ထောင်ထဲ ရောက်သွားချိန်မှာ လူမိုက်တွေ အများကြီးပဲ ပေါ့။

ငယ်ငယ်က အချုပ်ခန်းလောက်သာ မြင်ဖူးတာ။ ကြောက်တဲ့စိတ်၊ တွေဝေတဲ့စိတ်၊ အိမ်နဲ့ ခွဲရတဲ့စိတ်တွေ အများကြီးနဲ့ ထောင်ထဲရောက်ခဲ့တယ်။ ထောင်ထဲရောက်တဲ့အချိန် ကိုကြည်လေးက ကျွန်တော့်ကို ကူညီပေးတယ်။ ကိုကြည်လေးက အခုတော့ ဆုံးသွားပါပြီ။ အဲဒီအချိန်တုန်းက ထောင်ထဲမှာ City FM ကို ခိုးပြီး နားထောင်လို့ ရတယ်။ အခုတော့ နားထောင်လို့ ရပါပြီ။ City FM နားထောင်တဲ့အချိန်မှာ ကျွန်တော်နဲ့ Ls ဆိုင်းဇီ သီချင်းလာတော့ ထောင်ထဲ ကလူတွေက ၀ိုင်းပြီး အားပေးကြတယ်” လို့ ထောင်ထဲရောက်ချိန်နဲ့ ပတ်သက်ပြီး ယုန်လေးက ပြောပြပါတယ်။

ထောင်ထဲကို စာရွက်၊ ဘောလ်ပင်တွေ ယူလို့ မရတာကြောင့် သီချင်း ရေးဖို့ ခေါင်းထဲမှာပဲ စုထားခဲ့ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိလို့ ကံကောင်းပေမဲ့ ထောင်ထဲရောက်နေရတာကြောင့် ဂီတပိုင်းကို ဆက် တိုက်မလုပ်ဖြစ်ခဲ့ရတာက ကံဆိုးတာလို့ ပြောနိုင်ပါသေးတယ်။ ယုန်လေးက ထောင်ထဲမှာ ခိုးတဲ့သူ၊ ဆိုးတဲ့သူ၊ လူသတ်သူအားလုံးနဲ့ ပေါင်းသင်းခဲ့တာပါ။

“ကျွန်တော့်ဘ၀ အတွေ့အကြုံအကြီးကြီးပါ။ အဆိုးတွေ ဖြစ်နိုင်သလို အကောင်းတွေ ဖြစ်နိုင်တာက ရန်ဖြစ်မယ်ဆိုရင် မဖြစ်သင့်ဘူးဆိုတာမျိုး ရန်ဖြစ်ရင်တောင် စနစ်တကျ ဖြစ်သွားတတ်တာမျိုး ပေါ့။ ဓားကိုင်ပြီး ရန်ဖြစ်ရင် ဘယ်ပုဒ်မနဲ့ ငြိတယ်ဆိုတာမျိုး အမှုအကြောင်းတွေ နားလည်သွားတယ်။ ဒေါသဖြစ်ရင်၊ ရန်ဖြစ်ရင်တောင် စနစ်တကျ ဖြစ်တတ်သွားတယ်။ ပရမ်းပတာ မဟုတ်တော့ဘူး။ ထိန်းတာ များ သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲနဲ့ ရှင်းရပြီဆိုကတည်းက အိမ်က စိတ်ညစ်ရတော့မယ်။ အဲဒါတွေ ခေါင်းထဲဝင်လာတော့ ထောင်ထဲက ထွက်လာပြီး တော်တော်လေး လိမ္မာသွားတယ်” လို့ ယုန်လေးက ဆယ်ကျော်သက် ဘ၀ဖြတ်သန်းမှုတွေထဲရရှိတဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ပြောပြပါသေးတယ်။ ထောင်ထဲက ထွက်ပြီးချိန်မှာတော့ ဂီတအလုပ်တွေ လုပ်ရင်း ပထမဆုံး တကိုယ်တော် စီးရီး လိုက်ခဲ့တော့ ထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ထောင်က ထွက်ပြီးပြီးချင်း သင်္ကြန်လျှောက်လည်ချိန်မှာတော့ အချစ်အတွက် ကံမကောင်းခဲ့သူ သီချင်းကို ဆိုတဲ့သူအဖြစ် ပရိသတ် တော်တော် များများက သတိထားမိတာကြောင့် တော်တော်လေး ပျော်ရွှင်ခဲ့ရတယ်လို့ ယုန်လေးက ဆိုပါတယ်။ ပရိသတ်တွေ အားပေးတာ မခံရခင်ကတည်းက သီချင်းကို လုပ်ခဲ့တာကြောင့် ပရိသတ် အားပေး ခံရတယ်ဆိုတာ စသိတဲ့အချိန် ပျော်ရွှင်ခဲ့တာပါ။

အဲဒီကစပြီး အဆိုတော် ယုန်လေးဆိုပြီး ပရိသတ်တွေ အသိအမှတ်ပြုခံရကာ လိုက်ခဲ့တော့၊ အိမ်မပိုင်ရင် ဂေါ်လီ မလုပ်နဲ့ စတဲ့၊ စတဲ့ စီးရီးတွေ ထွက်ပြီး အတွဲ စီးရီးတွေလည်း စီစဉ်နိုင်ခဲ့ပါတယ်။ မိဘနှစ်ပါးစလုံး မရှိတော့ဘဲ အဒေါ်တွေရဲ့ ထိန်းချုပ်မှုတွေနဲ့ နေထိုင်ရပေမဲ့ ဘ၀ကိုအကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်တဲ့ ယုန်လေးက ဂီတနဲ့ပဲ ဘ၀ လမ်းကြောင်းကို ဆက် လျှောက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ လူ့ဘ၀မှာ အကောင်း အဆိုး ဒွန်တွဲမှုတွေ ရှိပေမဲ့ ဘ၀ကို အကောင်းဘက် ပိုရောက်အောင် တည် ဆောက်နိုင်သူများဖြစ်နိုင်ကြပါစေလို့ ဆိုလိုက်ပါရစေ။ ဆယ်ကျော်သက် ဘ၀အကြောင်း ပြောပြပေးတဲ့ ယုန်လေးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ခင်လေးမြင့်
(Teen Magazine April 2012)

၂၀၁၂ ဧပြီလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှ

ဂီတ - ယုန်လေး - Apr 18 2012 03:13 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005