Top Advertisement
မွေးနေ့ရှိုးပွဲကို မန္တလေးမှာ ကျင်းပပြီး ရန်ကုန်မှာ သင်္ကြန်ကျမယ့် စိုင်းစိုင်း
The Rays of Light Journal No. 700, Page 28

အလင်းတန်းဂျာနယ်၊ အမှတ်စဉ် ၇၀၀၊ စာမျက်နှာ ၂၈ မှ

နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့မှာ ကျင်းပပေးနေတဲ့ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့ ဖျော်ဖြေပွဲကို ဧပြီလ ၁၀ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပပေးသွားမှာဖြစ်တဲ့အတွက် စာနယ်ဇင်း မိတ်ဆက် ရှင်းလင်းပွဲကို မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြို့ရန်ကုန် အင်တာနေရှင်နယ်ဝင်း အတွင်းရှိ FC Dessert Bar & Bistro မှာ ကျင်းပခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပမယ့် မွေးနေ့ ဖျော်ဖြေပွဲမှာ တင်ဆက်ပေးသွားမယ့် Tiger Music ဖျော်ဖြေရေး စင်မြင့် ပုံစံငယ်ကိုလည်း မိတ်ဆက်ပြသပေးခဲ့ပြီး မွေးနေ့ အစီအစဉ်မှာ တင်ဆက်ပေးသွားမယ့် ဖျော်ဖြေရေး အစီအစဉ်များကို စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင် ရှင်းပြပေးခဲ့ပါတယ်။

စိုင်းစိုင်းက သူ့ရဲ့ မွေးနေ့မှာ ကျင်းပပေးတဲ့ Birthday Show ကို မန္တလေးက သူ့ရဲ့ပရိသတ်များအတွက်လည်း ဖျော်ဖြေပေးချင်တာကြောင့် ဒီနှစ် မန္တလေးမှာ ကျင်းပရတာဖြစ်ပြီး နောင်နှစ်မှာတော့ ရန်ကုန်မြို့မှာပဲ ဆက်လက် ကျင်းပပေးသွားမယ်လို့ ပြောပြခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ Birthday Show မှာ အစီအစဉ် ၄ ခုနဲ့ တင်ဆက်ပေးသွားမယ်လို့ ပြောပြခဲ့ပြီး အခန်း ၁ အနေနဲ့ မန္တလေး ပရိသတ်ကို Birthday Show နဲ့ ပတ်သက်ပြီး စတင် မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခန်းစဉ် ၂ အနေနဲ့ လှပတဲ့ အတိတ်မှာ ရှိခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀မှာ သီဆိုခဲ့တဲ့ သီချင်းများစွာနဲ့ ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ အခန်းစဉ် ၃ အဖြစ် ထူးထူးခြားခြားအနေနဲ့ မန္တလေးက Dream Lover တေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး သီဆိုဖျော်ဖြေပေးသွားမယ့် အစီအစဉ်ဖြစ်ပြီး အခန်းစဉ် ၄ ကတော့ လာရောက် အားပေးတဲ့ ပရိသတ် အားလုံးရော ဖျော်ဖြေပေးမယ့် အနုပညာရှင်များကိုတော့ နီယွန်ပါတီလို့ အမည်ပေးထားကာ နီယွန်ဆန်တဲ့ ပါ့ဖောမန့်စ်များနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ ရှင်းပြပေးခဲ့ပါတယ်။

မန္တလေးမြို့မှာ တင်ဆက်မယ့် စိုင်းစိုင်း Birthday Show မှာ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သူ့ရဲ့ သူငယ်ချင်းများ အားလုံးက အားပေး ချီးမြှင့် သီဆိုပေးသွားကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မွေးနေ့ပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်က စတင်ပြီး မန္တလေးမြို့မှာ ရှိတဲ့ Mandalay Hill Resort Hotel မြက်ခင်းပြင်မှာ ကျင်းပပေးသွားဖို့ စီစဉ်ထားပါတယ်။ ၀င်ခွင့်လက်မှတ်များကိုတော့ တစ်ဦးလျှင် ၈၀၀၀ ကျပ်နှုန်း သတ်မှတ်ပေးထားပြီး ပထမဦးဆုံး လာရောက်ဝယ်ယူတဲ့ ပရိသတ် ၁,၀၀၀ ကိုလည်း T – Shirt အထည် ၁,၀၀၀ လက်ဆောင် ပေးသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ကြိုတင်လက်မှတ်များကိုတော့ မန္တလေးမြို့ လမ်း ၈၀နဲ့ လမ်း ၃၀ ထောင့်မှာရှိတဲ့ ကြည်ပြာစတိုး၊ ၇၈လမ်းနဲ့ ၃၃ လမ်းထောင်မှာရှိတဲ့ O'Store, Diamond Plaza မှာ ရှိတဲ့ Police မျက်မှန်ဆိုင်၊ ၂၆ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြား နေလစတိုးနဲ့ ၇၅ လမ်းနဲ့ ၃၅ လမ်းထောင်မှာ ရှိတဲ့ ပတ္တမြား စတိုးတို့မှာ ၀ယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show အစီအစဉ်ကို Tiger Beer မှ အဓိက ပံ့ပိုး ကူညီပေးတဲ့အတွက် Tiger Music လို့ အမည်ပေးထားပြီး စိုင်းစိုင်းခမ်းလှိုင်က Tiger Beer Brand ရဲ့ Ambassador တဦးဖြစ်လို့ Tiger မှ စိုင်းစိုင်းရဲ့ မွေးနေ့ပွဲကို ၂၀၁၁ ခုနှစ်မှ စတင်ပြီး ပံ့ပိုး ကူညီပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုတော် - စိုင်းစိုင်းခမ်းလှိုင် - Apr 8 2012 04:32 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005