Top Advertisement
မူရင်း ၀တ္ထု နာမည် ထည့်ပေးစေချင်တဲ့ စာရေးဆရာမ လွန်းထားထား
The Rays of Light Journal No. 696, Page 32

အလင်းတန်းဂျာနယ် အမှတ် ၆၉၆ စာမျက်နှာ ၃၂ မှ

ဒါရိုက်တာ ၀ိုင်းက စာရေးဆရာမ လွန်းထားထားရဲ့ နှလုံးသား ဆုံချက်ရဲ့ ဗဟို တည့်တည့် ၀တ္ထုကို Made in Heart (နှလုံးသားဖြင့် ပြုလုပ်သည်) အမည်နဲ့ ရုပ်ရှင် ဇာတ်ကား တကား ရိုက်ကူးနေပါတယ်။ အဲဒီ ဇာတ်ကားမှာ အကယ်ဒမီ ပြေတီဦး၊ မိုးဟေကိုနဲ့ ၀တ်မှုံရွှေရည်တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာပါ။

ဆရာမ လွန်းထားထားရဲ့ စာရေးသက် နှစ် နှစ်ဆယ်အတွင်းမှာ လုံးချင်းဝတ္ထုပေါင်း အုပ် နှစ်ရာကျော် ရေးသားခဲ့ပြီး အုပ်ရေ တရာ့ရှစ်ဆယ်ကျော်ကို ဗီဒီယို၊ ဒီဗီဒီနဲ့ ရုပ်ရှင် ဇာတ်ကားတွေအဖြစ် ရိုက်ကူးကြပါတယ်။ အုပ်ရေ နှစ်ဆယ်လောက်က လွဲပြီး ဗီဒီယို၊ ဒီဗီဒီနဲ့ ရုပ်ရှင်အဖြစ် ပြောင်းလဲသွားတဲ့ လုံးချင်းဝတ္ထုတွေနဲ့ ပတ်သက်တဲ့ ခံစားချက် အတွေ့အကြုံတွေ အကြောင်းကို စာရေးဆရာမ လွန်းထားထားက ”စာရေးသက် နှစ် နှစ်ဆယ်အတွင်းမှာ မထား ကြုံခဲ့ရတာကတွေကတော့ အများကြီး ရှိပါတယ်။ အဲဒီအထဲက တချို့ အတွေ့အကြုံလေးတွေကို ပြောရရင်တော့ မထားရဲ့ ၀တ္ထုတွေကို ရုပ်ရှင်၊ ဗီဒီယို ပြန်ရိုက်တဲ့အခါမှာ မူရင်းဝတ္ထုနာမည်အတိုင်း မရိုက်ဘဲ ပြောင်းလိုက်တာမျိုး ပေါ့။ အဲဒီလို ပြောင်းလိုက်တဲ့အခါ မူရင်း နာမည် မဟုတ်တော့ ဇာတ်ကား ကြည့်ပြီး ကိုယ်တောင် ဇဝေဇ၀ါ ဖြစ်ရတာမျိုး ကြုံဖူးတယ်။ ပရိသတ်တွေကလည်း မထားရဲ့ ဘယ် ၀တ္ထုကို ရိုက်ထားလဲဆိုတာ သိချင်မှာပဲလေ။ အဲဒါကြောင့် နာမည် ပြောင်းမယ်ဆိုရင်းလည်း ပြောင်းလိုက်တဲ့ နာမည်ရဲ့ နောက်မှာ မထားရဲ့ မူရင်း ၀တ္ထု နာမည်ကို ထည့်ပေးစေချင်ပါတယ်။ အဲဒါလေးကိုလည်း အခုနောက်ပိုင်းမှာ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ နားလည်အောင် ပြောပြပြီး တောင်းဆိုဖြစ်တယ်။ နောက်ထပ် အတွေ့အကြုံ တခုကတော့ မထား ၀တ္ထုရဲ့ ဇာတ်သိမ်းပိုင်းကို ပြောင်းလိုက်တာမျိုး ပေါ့။ အဲဒီလို ဇာတ်သိမ်း ပြောင်းလိုက်တဲ့အခါမှာ မထား ဆိုလိုချင်တဲ့ အဓိပ္ပါယ် ပြောင်းလဲသွားတာမျိုး ကြုံဖူးတယ်၊ အဲဒါမျိုးကျတော့လည်း ကြည့်ရတာ အားမရဘူးပေါ့ နော်” လို့ ပြောပြပါတယ်။

စာရေးသက် နှစ် နှစ်ဆယ်အတွင်းမှာ ရိုက်ကူးထားခဲ့ကြတဲ့ ဇာတ်ကား တချို့က ကိုယ့် ၀တ္ထုနဲ့ ဆင်တူ ယိုးမှားဖြစ်နေပေမဲ့ ၀တ္ထု ဇာတ်လမ်း နေရာမှာ တခြားသူ နာမည် တပ်ထားတာ တွေ့ရတဲ့အခါတွေမျာလည်း စိတ်မကောင်း ဖြစ်ရတာမျိုး ရှိတယ်လို့ လွန်းထားထားက ဆိုပါတယ်။ ရေးသားပြီးခဲ့တဲ့ လုံးချင်း ၀တ္ထု အုပ်နှစ်ရာကျော်ထဲက တချို့သော ၀တ္ထုတွေကို သုံးလေးကြိမ် ပြန် ရိုက်ကြတဲ့အထိ ပရိသတ် အကြိုက် တွေ့ခဲ့တာတွေလည်း ရှိတာမို့ အဲဒီလို အကြိမ်ကြိမ် ပြန်ရိုက်တိုင်းမှာ ပြောင်းလဲတတ်တာတွေနဲ့ ပတ်သက်ပြီး ”မထားရဲ့ဝတ္ထုတွေကို အကြိမ်ကြိမ် ပြန်ရိုက်တဲ့အခါ မထား ဖန်တီးထားတဲ့ ဇာတ်ကောင် စရိုက်တွေကို လုံးဝ ဈာန်ဝင်စားပြီး သူတို့ရဲ့ ပင်ကိုယ် စရိုက် ပျောက်သွားအောင် သရုပ်ဆောင်နိုင်တဲ့သူတွေကို မထား တွေ့ဖူးတယ်။ အဲဒီလို တွေ့ရတဲ့အခါ အရမ်း အားရမိပါတယ်။ တချို့ကျတော့လည်း သူတို့ရဲ့ မူရင်း ပုံစံ မင်းသား၊ မင်းသမီးဆိုတာကို မြင်နေရတယ်။ ၀တ္ထုရဲ့ဇာတ်ကောင် စရိုက် ပူးဝင်သွားမှု ရှိ၊ မရှိဆိုတာ ကြည့်လိုက်ရင် သိသာတယ် လေ။ အဲဒါကြောင့် မထားရဲ့ ဇာတ်ကောင်တွေအဖြစ် လုံးဝ ပြောင်းလဲသွားတဲ့ ဇာတ်ကားတွေ့ကို ကြည့်ရတဲ့အခါမှာ မထား ကိုယ်တိုင် ဇာတ်လမ်းထဲ နှစ်မျောသွားပြီး ကျေနပ်အားရမှုလည်း အရမ်း ဖြစ်မိတယ်” လို့ ပြောပါတယ်။

စာရေးဆရာမ လွန်းထားထားရဲ့ အသစ်ထွက်တဲ့ ၀တ္ထုတွေကိုလည်း ဗီဒီယို၊ ဒီဗီဒီနဲ့ ရုပ်ရှင် ဇာတ်ကားတွေအဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းထားကြတယ်လို့ သိရပါတယ်။
စာရေးဆရာ - လွန်းထားထား - Mar 11 2012 06:42 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005