Top Advertisement
ရုပ်ရှင်ဇာတ်ကား သုံးကားစလုံး စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဒါရိုက်တာ ၀ိုင်း
The Rays of Light Journal No. 694, Page 22

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၂၂ မှ

အကယ်ဒမီ ပြေတီဦး၊ ၀တ်မှုံရွှေရည်တို့ အဓိက သရုပ်ဆောင်ထားတဲ့ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ နေတိုး၊ သက်မွန်မြင့်တို့ အဓိက သရုပ်ဆောင်ထားတဲ့ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ဇာတ်ကားနှစ်ကားကို ရှေ့ဆင့်နောက်ဆင့် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းက ဖေဖော်ဝါရီလ ၂၃ ရက်မှာ Made in Heart ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။

၂၀၁၂ ခုနှစ်မှာ ရိုက်ကူးပေးဖို့ ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက သုံးကားကို လုံးဝ မရိုက်တော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ ဒါရိုက်တာ ၀ိုင်းက အဲဒီလို ဆုံးဖြတ်လိုက်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ”ရုပ်ရှင်ဇာတ်ကား သုံးကားကို စွန့်လွှတ်ရဲတဲ့ သတ္တိဆိုတာ တကယ်တမ်း သေချာ စဉ်းစားကြည့်မယ်ဆိုရင် အနုပညာသမားတယောက်အတွက်တော့ ငွေကြေးရော၊ အနုပညာပါ ဆုံးရှုံးလိုက်ရတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ခံစားမှုကို ပိုပြီး ဦးစားပေးတတ်တဲ့ အနုပညာသမား တယောက် ဖြစ်နေတယ်။ ကျွန်တော် မလုပ်ချင်တဲ့ အလုပ်တခုကို စိတ်မပါဘဲ လုပ်နေရင် ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ အဲဒီအခါကျရင် အနုပညာ ဆုံးရှုံးမှုအပြင် ကျွန်တော်ရဲ့ သိက္ခာကိုလည်း ထိခိုက်လာနိုင်တယ်။ ကျွန်တော်ကတော့ လိပ်ပြာသန့်ချင်တယ်။ ကျွန်တော်ရဲ့အလုပ်အပေါ်မှာ ရိုးသားချင်တယ်။ ကျွန်တော့်စိတ်ချမ်းသာမှုကို တန်ဖိုးထားတယ်။ စိတ်ထဲမှာ တခုခု ဖြစ်နေတဲ့အခါ ကျွန်တော် အလုပ်အတွက် အဆင်မပြေမှာ စိုးရိမ်တယ်။ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ လူတွေ အားလုံး သိပါတယ်။ ရိုက်ကူးရေးအပိုင်း ပြီးသွားတာတောင် အသံကိစ္စ၊ တည်းဖြတ်ကိစ္စ၊ ပြန်ကြားရေး ကိစ္စတွေအတွက် ကျွန်တော်ကိုယ်တိုင် ရှေ့ကနေ ဦးဆောင်ပြီး ရက်ပေါင်း ညပေါင်းများစွာ အချိန်ပေးခဲ့တာတွေ မနည်းပါဘူး။ ဒါပေမဲ့ အကယ်ဒမီဆုပေးပွဲ ပြီးသွားတဲ့အချိန်မှာ အဲဒါတွေက ဘာမှ အရာမထင် မထင်တော့ဘူး။ အဲဒီတော့ ကျွန်တော် သေချာ စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ Heart N Soul ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ Frenzo က ကမ်းလှမ်းတဲ့ ရုပ်ရှင် ဇာတ်ကား သုံးကားကို ကျွန်တော် လုံးဝ မရိုက်တော့ဘူး။ ကျွန်မ၏ သစ်ပင် အတွက် အချိန်တွေ၊ ဦးနှောက်တွေ၊ နှလုံးသားတွေ အများကြီး ကျွန်တော် ရင်းနှီးခဲ့တာတွေကိုလည်း မေ့ထားလိုက်ပြီ။ အဲဒီ ဇာတ်ကားအတွက် ကျွန်တော် စိတ်ထဲမှာ ဘာမှ မရှိတော့ပေမဲ့ ကျွန်တော် ၀ယ်ထားတဲ့ ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကိုတော့ ပြန်ပို့ပေးပါလို့ စိုင်းစိုင်းကို စာမျက်နှာပေါ်ကနေ တောင်းဆိုပါတယ်။ အဲဒါကလည်း ကျွန်တော်က တခုခု ပြောချင်ရင် စာမျက်နှာပေါ်ကနေ ပေါ်တင်ပြောတတ်တဲ့ အကျင့်ရှိလို့ ပါ။ ကျွန်တော်ကို ပြောချင်ရင်လည်း နောက်ကွယ်မှာ ပြောတာမျိုးထက် စာမျက်နှာပေါ်ကနေ ပေါ်တင်ပြောစေချင်ပါတယ်။ ကျွန်တော့်ဘ၀မှာ နောက်ကျော ဓားနဲ့ ထိုးခံရတာမျိုးကတော့ ရိုးနေပါပြီ။ ဒါပေမဲ့ ရိုက်ရက်တွေ ချိတ်ထားတဲ့ အနုပညာရှင်တွေကိုတော့ ကျွန်တော် အားနာတယ်။ ကျွန်တော် အဲဒီ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ဖြစ်တော့တဲ့အတွက် လူမင်း၊ စိုးမြတ်သူဇာနဲ့ ဖွေးဖွေးတို့ကို အနူးအညွှတ် တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

ရိုက်ခတ်မှုတွေ အမျိုးမျိုးကြောင့် စိတ်ဒဏ်ရာ ရနေပေမဲ့ တိုက်ပွဲတခုကိုတော့ နိုင်အောင် တိုက်သွားမယ်ဆိုတဲ့ ဒါရိုက်တာ ၀ိုင်းက ဗီဒီယို ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားဖို့အထိ စဉ်းစားနေတယ်လို့လည်း ဆိုပါသေးတယ်။
ရုပ်ရှင် - ဒါရိုက်တာ ၀ိုင်း - Feb 29 2012 10:36 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005