Top Advertisement
ဇာတ်ကားတိုင်းကို အောင်မြင်စေချင်တဲ့ စာရေးဆရာမ ပုညခင်
The Rays of Light Journal No. 694, Page 27

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၂၇ မှ

တေးရေးဆရာမ ပုညခင်ရဲ့ အချစ် သို့မဟုတ် ၀င်္ကပါ ၀တ္ထုကို ဒါရိုက်တာ ၀ိုင်းက ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့ အဓိက သရုပ်ဆောင်တွေအနေနဲ့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ရှင်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ရာမှာ အကယ်ဒမီ ထူးချွန်ဆု ၃ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီလိုရရှိတဲ့ အောင်မြင်မှုရဲ့ ရိုက်ခတ်မှုကြောင့် ကျေနပ် ပျော်ရွှင်မှုတွေ ရခဲ့တယ်ဆိုတဲ့ စာရေးဆရာမ ပုညခင်က ”အကယ်၍ အစ်မရဲ့ ၀တ္ထုသာ ကော်ပီဖြစ်နေခဲ့ရင် ဇာတ်ကား ဘယ်လောက် ကောင်းကောင်း ဇာတ်ကားဆုရမှာ မဟုတ်ဘူး။ ရုပ်ရှင်သမိုင်းနဲ့ မြန်မာ့ရုပ်ရှင်မှတ်တမ်းစာအုပ်ထဲမှာ အကယ်ဒမီအတွက် သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းတွေကို အစ်မ ဖတ်ဖူးတယ်။ မြန်မာ့ရုပ်ရှင် ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုအတွက် အခြေပြု စဉ်းစားတဲ့ စံချိန်၊ စံညွှန်းတွေဟာ ဆုအားလုံးအတွက် သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းများနဲ့ လွှမ်းခြုံ စဉ်းစားတဲ့ သဘော ရှိတယ်။ အဓိကက နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်း မဟုတ်တဲ့ ပင်ကို မူရင်း ဇာတ်လမ်းဖြစ်ဖို့ လိုတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာဖို့လည်း အရေးကြီးတယ်လို့ အစ်မ ဖတ်ခဲ့ရဖူးတယ်။ အဲဒါကြောင့် ဇာတ်ကားဆုအတွက် အကယ်ဒမီ ထည့်သွင်း စဉ်းစားတဲ့နေရာမှာ ၀တ္ထုဇာတ်လမ်းကို ထည့်သွင်း စဉ်းစားရတာမို့လို့ ဇာတ်ကားဆုရတာကို အစ်မ ပိုပြီး ဂုဏ်ယူပါတယ်” လို့ သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ ဒါရိုက်တာ ၀ိုင်းက စာရေးဆရာမ ပုညခင်ရဲ့ အမုန်းရဲ့ ဆွဲငင်အား ၀တ္ထုကိုလည်း စေတန်၏ ကချေသည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သက်မွန်မြင့်တို့နဲ့ ပုံဖော် ရိုက်ကူးထားတဲ့အပြင် စာရေးဆရာမ ပုညခင်ရဲ့ အုပ်တရာမြောက် လုံးချင်းဝတ္တုဖြစ်တဲ့ ကျွန်မက နှင်းဆီ ပါ မောင် ကိုလည်း ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင် ဇာတ်ကားတွေအတွက် အခုကတည်းက ကြိုတင် ရင်ခုန်နေတယ်ဆိုတဲ့ စာရေးဆရာမ ပုညခင်က ”အစ်မရဲ့ ၀တ္တုတွေက ကော်ပီ မဟုတ်တဲ့ ပင်ကိုယ်ရေး ဇာတ်လမ်းတွေ ဖြစ်တာမို့လို့ နောက်နှစ်တွေမှာလည်း အစ်မအတွက် ရင်ခုန်စရာတွေ ရှိနေပါသေးတယ်“ လို့ ဆိုပါတယ်။ စာရေးဆရာမ ပုညခင်ရဲ့ ၀တ္တုတွေက ဗီဒီယို၊ ဒီဗီဒီနဲ့ ရုပ်ရှင်အဖြစ် ပြောင်းလဲသွားတိုင်းမှာ ပရိသတ် လက်ခံအားပေးမှုရတာ များပါတယ်။ ကိုယ်တိုင် သန္ဓေတည် မွေးဖွားထားတဲ့ ၀တ္ထုတွေကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတဲ့အခါ ဘယ်လို စံချိန်၊ စံညွှန်းတွေနဲ့ ချိန်ထိုး အကဲဖြတ်ပြီး ရောင်းဖြစ်လဲဆိုတာကိုတော့ စာရေးဆရာမ ပုညခင်က ”ငယ်နုစဉ်တုန်းကတော့ ကိုယ့်ဝတ္ထုကို ဗီဒီယို၊ ရုပ်ရှင်ရိုက်မယ်ဆိုရင်ပဲ ပျော်ပြီး ရောင်းလိုက်မိတာပေါ့။ အဲဒါကိုပဲ ဂုဏ်တခုလို ဖြစ်ခဲ့တာပေါ့။ ကိုယ် စာနဲ့ ရေးလိုက်တဲ့ ၀တ္ထုလေးက အရုပ်အဖြစ် အသက်ဝင်လာတယ်ဆိုပြီး ဘာမသိ၊ ညာမသိ ပျော်ခဲ့မိဖူးတယ်။ တဖြည်းဖြည်း ရင့်ကျက်လာတော့ အဲဒီအပေါ်မှာ သိပ်မပျော်တတ်တော့ဘဲ စိုးရိမ်စိတ်က ပို များလာတယ်။ တကယ်ဆိုရင် ရောင်းလိုက်တဲ့ ၀တ္တုပေါ်မှာ သံယောဇဉ် ဖြတ်သင့်ပေမဲ့ ဘယ်လိုမှ သံယောဇဉ် မပြတ်ဘူး။ ကျွန်မ ၀တ္တုကို ရိုက်တဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတိုင်း အောင်မြင်ရမယ်ဆိုတဲ့ လောဘစိတ်မျိုး ကျွန်မဆီမှာ ၀င်လာတယ်။ အဲဒါကလည်း တကယ်တော့ စေတနာလောဘ ပါ။ ဇာတ်ကားရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဟာ ကျွန်မနဲ့ တိုက်ရိုက် မဆိုင်ဘူး ဆိုပေမဲ့ ကျွန်မအပေါ် ရိုက်ခတ်မှု ရှိတာကို သိလာတယ်။ ကျွန်မရဲ့ စာဖတ်ပရိသတ်တချို့က ”ဆရာမ၊ ၀တ္ထုကို ပြန်ရိုက်တဲ့ ဇာတ်ကားဆို ဘယ် မင်းသား၊ မင်းသမီးနဲ့ပဲ ရိုက်ရိုက် မလွတ်တမ်း ကြည့်တယ်” လို့ ပြောလာတဲ့အခါ ကျွန်မအနေနဲ့ ပိုပြီး တာဝန်ကြီးလာတယ်လို့ ခံစားရတယ်။ ဇာတ်ကား မကောင်းရင် ပရိသတ်က ကျွန်မကိုလည်း ပြောတာဆိုတော့ ဇာတ်ကားရဲ့ဂုဏ်ဒြပ်က ကျွန်မနဲ့ သက်ဆိုင်လာတယ်။ အဲဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်မ ၀တ္တုကို ရောင်းမယ်ဆိုရင် ၀တ္တုနဲ့လိုက်ဖက်မယ့် သရုပ်ဆောင်၊ ဒါရိုက်တာကအစ ကျွန်မ သေချာ စဉ်းစားပြီး ရောင်းဖြစ်တယ်။ တကယ်တော့ အဲဒီလို လုပ်ရတာ ကျွန်မ ပင်ပန်းပါတယ်။ စိတ်မောပြီး ဦးနှောက် စားရပါတယ်။ ဒါပေမဲ့ ဇာတ်ကား ကောင်းရေးအတွက် ကျွန်မ တတ်နိုင်သလောက်လေး ပူးပေါင်း ပါဝင်ပေးရုံ ပါ။ ငွေကြေးနဲ့ တိုင်းတာမယ်ဆိုရင် ဇာတ်ကား အောင်မြင်လို့လည်း ကျွန်မ ပိုက်ဆံ ပို မရပါဘူး။ ပြီးတော့ ပိုက်ဆံရရုံ သက်သက်နဲ့လည်း ကျွန်မရဲ့ဝတ္ထုကို မရောင်းဘူး။ ကျွန်မရဲ့ ၀တ္တုကို သေချာ ဖတ်၊ သေချာ ခံစားပြီး ရိုက်တဲ့ ဒါရိုက်တာမျိုး၊ ကျွန်မ ၀တ္တုအပေါ် လေးစား ယုံကြည်မှုရှိတဲ့ ဒါရိုက်တာမျိုးကို ရောင်းလိုက်ရရင်တော့ ကျွန်မ အရမ်း အားရှိပါတယ်” လို့ ပြောပါတယ်။ ပရိသတ်ဆီ အရောက် ပို့ပေးခဲ့ပြီးဖြစ်တဲ့ လုံးချင်းဝတ္တု အုပ် တရာကျော်ထဲက ကိုးဆယ်ကျော်ကို ဗီဒီယို၊ ဒီဗီဒီနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် ရောင်းချခဲ့ရပြီးဖြစ်တယ်လို့လည်း စာရေးဆရာမ ပုညခင်က ဆိုပါသေးတယ်။

လတ်တလောမှာတော့ ဒါရိုက်တာ နေပိုင်က စာရေးဆရာမ ပုညခင် ကိုယ်တိုင် အင်းလေးဒေသမှာ သေချာ အချိန်ယူ ရေးသားခဲ့တဲ့ ချစ်သူသာ ပန်းတပွင့် ဖြစ်ခဲ့လျှင် ၀တ္ထုကို အကယ်ဒမီ ကျော်ရဲအောင်၊ နေမျိုးအောင်၊ ဖြိုးငွေစိုး၊ ချစ်သုဝေတို့ အဓိက သရုပ်ဆောင်တွေအနေနဲ့ အာဒမ် . . . မောင် ဧ၀ . . . မ ဆိုတဲ့ ဒီဗီဒီ ဇာတ်ကားအဖြစ် အင်းလေးဒေသမှာ ဖေဖော်ဝါရီလ ၁၃ ရက်ကနေစပြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။
စာရေးဆရာ - စာရေးဆရာမ ပုညခင် - Feb 29 2012 10:10 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005