Top Advertisement
ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဖွင့်လှစ်
The Light of Rays Journal No. 694, Page 1

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၁ မှ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဖွင့်လှစ်ပွဲကို ဗိုလ်ချုပ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်အချိန်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဝင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။ ရုံးခန်း ဖွင့်လှစ်ပွဲသို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ရုပ်ရှင် အနုပညာရှင်များ၊ စာနယ်ဇင်းများ တက်ရောက်ခဲ့ကြပါတယ်။ ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ရုံးခန်းဖွင့်လှစ်ပွဲကို တက်ရောက် အားပေးတဲ့ ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်က အကြံပြု ပြောကြားရာမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားတဲ့ စိတ်တခုနည်းနဲ့ပဲ ရုပ်ရှင်လောကသားတွေ တော်တော် ပူးပေါင်းမိသွားကြတာကို တွေ့ရကြောင်း၊ ဒီထက်မကတဲ့ ရည်ရွယ်ချက်တွေ ရှိဦးမယ်လို့လည်း နားလည်ကြောင်း၊ သဘာဝတရားကတော့ အမှန်တရားကို ပြောတဲ့၊ တရားမျှတမှုကို တန်ဖိုးထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီခေါင်းစဉ်အောက်မှာ လာစုလို့ရကြောင်း၊ လူတွေဟာ တယောက်နဲ့ တယောက် စည်းလုံး ညီညွတ်မှု ရနိုင်ဖို့ ခက်ခဲပေမဲ့ ဒီခေါင်းစဉ်အောက်မှာ ဒီကနေ့လာပြီး ညီညွှတ်နေကြတာကိုတော့ ၀မ်းသာအားရ ဖြစ်မိကြောင်း၊ အဲဒီခေါင်းစဉ်ကတော့ အမျိုးသားခေါင်းဆောင် တယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို သရုပ်ဖော်တဲ့ခေါင်းစဉ်ပင် ဖြစ်ကြောင်း၊ အကြံပြုပြောကြားလိုတာကတော့ မိမိတို့အနေနဲ့ ကျောင်းသား မဟုတ်တော့ပေမဲ့ ကျောင်းသားစိတ်ကို ဒီနေ့ထက်ထိ ဖျောက်လို့မရသေးတဲ့အတွက် မိမိတို့အားလုံးရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀၊ ကျောင်းသားလှုပ်ရှားမှု မှတ်တမ်းကိုတော့ ကိုယ်တိုင် မမြင်ဖူးပေမဲ့ အခုလို ကြုံတောင့်ကြုံခဲ အခွင့်အရေးရတုန်း မျက်ဝါးထင်ထင် ပြန်မြင်ခံစားချင်ပါကြောင်း၊ အဲဒီအတွက် ကျောင်းသားလှုပ်ရှားမှု သမိုင်း အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ၊ မိမိတို့ မြတ်နိုး တန်ဖိုးထားတဲ့ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတို့ကို ယခု ဂန္တ၀င်ရုပ်ရှင်ကြီးမှာ ထင်ထင်ရှားရှား မြင်ရပါစေကြောင်း၊ အိုးဝေသံတွေ တညံညံနဲ့ မိမိတို့ရုပ်ရှင်ကြီး ကမ္ဘာ့သမိုင်းမှာ မော်ကွန်းထိုးနိုင်ပါစေကြောင်း ဆုတောင်းစကား ဆိုပါတယ်။

ဆက်လက်ပြီး ရွှေပါရမီ ဆရာတော် အရှင် ဆန္ဒာဓိက လှူဒါန်းတဲ့ ဒုတိယအကြိမ် အလှူငွေ ကျင် ၃၂ သိန်း၊ ဇာတ်မင်းသားလေး ဖိုးချစ် လှူဒါန်းတဲ့ အလှူငွေ ကျပ် သိန်း ၄၀၊ အမျိုးသားရုပ်ရှင် ပိုင်ရှင် ဦးစိန်တင်၊ ဒေါ်မြသန်းနဲ့ သား ကျော်သူ မိသားစု လှူဒါန်းတဲ့ ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းများကို အလှူရှင်များက ပေးလှူခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ကာ ဒေါ်အောင်ဆန်းစုကြည်က နာယကအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အကြံပြုစကားများ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ဗိုလ်ချုပ်ရဲ့ အသက် နှစ် ၁၀၀ ပြည့် ကျရောက်တဲ့ ၂၀၁၅ ခုနှစ်အတွင်း ရုံတင်ပြသနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
The Light of Rays Journal No. 694, Page 10

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၁၀ မှ

အနုပညာ - ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင် - Feb 24 2012 01:06 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005