Top Advertisement
အမေဖြစ်ချင်တာ အကုန်လုံး ဖြစ်အောင် လုပ်ပေးတယ်
Athen Chit Swe (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

ကိုယ့်ရဲ့ အနုပညာတွေ အောင်မြင်ဖို့အတွက် တချို့အရာတွေကို စွန့်လွှတ်ပြီး ကြိုးစားရပါတယ်။ အေသင်ချိုဆွေကလည်း ပထမဆုံး တကိုယ်တော် တေးစီးရီး ပေါက်တဲ့အိုး အောင်မြင်ဖို့အတွက် ပညာရေးကို စတေးခဲ့ရပါတယ်။

ကိုယ်ဝါသနာ ပါတဲ့ ဂီတဘက်ကိုလည်း အာရုံစိုက်ပြီး လှုပ်ရှားခဲ့တာကြောင့် ဂီတဘက်မှာ နေရာ ရခဲ့တဲ့ အေသင်က အခုဆိုရင် သရုပ်ဆောင်ဘက်မှာပါ နာမည် ရရှိနေပါပြီ။ အေသင်ချိုဆွေက ပထမဆုံး တကိုယ်တော် တေးစီးရီး ပေါက်တဲ့အိုး ထွက်အပြီးမှာ ဒုတိယ တကိုယ်တော် တေးစီးရီး မထွက်သေးဘဲ အမှတ်တရ တေးစီးရီးအဖြစ် အနီးဆုံးလူ နမ်းမှာလား တေးစီးရီးကို တိပ်၊ စီဒီအနေနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဖြန့်ချိခဲ့တာပါ။

ဂီတ၊ ရုပ်ရှင် အလုပ်တွေနဲ့ မအားလပ်တဲ့ အေသင်ချိုဆွေက နှစ်သစ်ကိုလည်း ရန်ကုန်မှာ မိဘတွေနဲ့အတူ မကြိုလိုက်ရဘဲ နယ်က ပရိသတ်၊ ဂီတမောင်နှမတွေနဲ့သာ ကြိုလိုက်ရတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ဆုံးခါနီးလတွေနဲ့ ၂၀၁၂ ခုနှစ်၊ နှစ်သစ်အစတွေမှာ အေသင်က ပြည်တွင်းပြည်ပ ရှိုးပွဲ၊ ရိုက်ကူးရေးတွေနဲ့ ချာချာလည်လို့ နေတာပါ။ ၂၀၁၂ ခုနှစ် နှစ်သစ်အစမှာလည်း မလေးရှားနိုင်ငံကို ရှိုး သီဆိုဖို့နဲ့ ဒီဗီဒီ ဇာတ်ကားရိုက်ကူးဖို့အတွက် သွားရောက်မယ့် အေသင်ချိုဆွေနဲ့ သူမရဲ့အနုပညာတွေ အကြောင်း စကားပြော ဖြစ်ခဲ့ကြပါတယ်။ အေသင်ချိုဆွေက လတ်တလော စီဒီထွက် ရှိထားပြီးသား အနီးဆုံးလူ နမ်းမှာလား တေးစီးရီး အကြောင်းကို ခုလို စ,ပြောပြခဲ့ပါတယ်။

အဲဒီအခွေလုပ်တာ ရှစ်လလောက် ရှိသွားပြီ။ ရှစ်လအတွင်းမှာ ပြီးအောင် လုပ်လိုက်တာပေါ့။ ဗီစီဒီကို တခါတည်း ထွက်ဖို့ပါပဲ။ ဒါပေမဲ့ ကားရိုက်ရက်တွေ ဆက်နေတော့ တကယ်လို့ ဗီစီဒီအထိ ထွက်မယ်ဆိုရင် အရမ်း ကြာသွားမှာ စိုးလို့။ ပရိသတ်ကိုလည်း မြန်မြန် ချပြချင်နေတာနဲ့ စီဒီကိုပဲ အရင်ဆုံး ထွက်လိုက်တာပေါ့နော်။ ဗီစီဒီ ရိုက်ဖို့လည်း ကြိုးစားနေတယ်။ ဒါပေမဲ့ ဒီအချိန်က ရှိုးဆိုတဲ့ ရာသီဆိုတော့ ဒီနှစ်မှာ အေသင်က နယ်ရှိုးတွေ သွားရတာများနေတယ်။ အထက်မြန်မာပြည်ဘက်ကို သွားရတာ များနေတယ်။ အဲဒီအတွက်လည်း စီဒီပဲ ထွက်လိုက်ရတာပါ။ ဗီစီဒီကိုလည်း မအားတဲ့ကြားထဲကနေ အကောင်းဆုံး ရိုက်ဖို့ စီစဉ်ထားတယ်။ မလေးရှားကို ရှိုးဆိုဖို့ သွားဖို့ ရှိတယ်။ အဲဒီမှာ ဒီဗီဒီတကားလည်း ရိုက်ဖြစ်မယ်။ အဲဒီအခါကျရင် ဒါရိုက်တာ နေပိုင်နဲ့ ညှိပြီး ဗီစီဒီအတွက် ရိုက်ဖြစ်မယ် ထင်တယ်။

ဒါဆို ဒီဗီဒီမှာ အတူ သရုပ်ဆောင်မယ့် သရုပ် ဆောင်တွေကိုရော ဗီစီဒီ အတွက် အကူအညီတောင်းဦးမှာလား။ အမေကတော့ ပြောတယ်။ အခြေအနေ ပေးရင်တော့ လုပ်မယ်။ မပေးရင်တော့ သမီးတစ်ယောက် တည်းပဲ အလှလေးတွေ ရိုက်ခဲ့ဖို့ အမေက ပြောတယ်။

အခု နောက်ပိုင်း မင်းသမီးတွေ၊ မင်းသားတွေက ပြည်ပနိုင်ငံ တခုခုမှာ ကားမရိုက်ဖူးတဲ့ သူ မရှိသလောက်ပါ ပဲ။ အေသင်ကလည်း သရုပ်ဆောင်အနေနဲ့ မလေးရှား နိုင်ငံမှာ ပထမဆုံးအကြိမ် ဇာတ်ကား ရိုက်ကူးရတော့ မယ်ဆိုတော့ ဒီကားအတွက် ဘာတွေ ပြင်ဆင်ထားမလဲ။ ဒါရိုက်တာ ခိုင်းတဲ့ အတိုင်းပဲ လုပ်မှာလား။

အခုထိတော့ ဇာတ်လမ်း အကုန် မသိရသေးဘူး။ သိထားရသလောက် အကျဉ်းကတော့ အေသင်က မလေးရှားမှာ သီချင်း သွားဆိုနေရင်းနဲ့ မင်းမော်ကွန်းနဲ့ တွေ့ပြီး မလေးမှာ လျှောက်လည်မယ်။ ချစ်သူနှစ်ယောက် အတူ လျှောက်သွားမယ်ပေါ့။ အ၀တ်အစားကတော့ အမေက စီစဉ်ထားပြီးပါပြီ။ ဒီ ဇာတ်ကားမှာက အဆိုတော် အေသင်ချိုဆွေ ပုံစံနဲ့ပဲ သရုပ်ဆောင် ရမှာပါ။ ဒါရိုက်တာခိုင်းတဲ့ အတိုင်းပဲ လုပ်ဖို့ စဉ်းစားထားပါတယ်။

အခုဆိုရင် အမှတ်တရ တေးစီးရီးကလည်း စီဒီ ထွက်ပြီဆိုတော့ ဒီသီချင်းတွေကို ရှိုးတွေမှာ ထည့် ဆိုပြီလား။ ပြည်ပပွဲတွေမှာရော ကိုယ့်သီချင်းနဲ့ ပြန်ဆိုတေး ဘယ်လို ရွေးချယ် သီဆိုလေ့ရှိလဲ။

သီချင်းတွေ အားလုံးကိုတော့ မျှတအောင် သီဆိုရမှာပေါ့။ ခါတိုင်းတော့ စင်ကာပူတို့၊ ထိုင်းနိုင်ငံတို့ကို သွားရင် မိတော့မိတယ် သီချင်း ဆိုဖြစ်တယ်။ အဲဒီအခါကျရင် ပရိသတ်က အေသင့် အရွယ်နဲ့ ဒီသီချင်းဆိုတာကို ကြိုက်ကြတယ်။ အခုလည်း မဟေမာ သီချင်းထဲက ယုံလား နဲ့ မတင့်ရဲ့ နမ်းမှာလား ဆိုရင် အမြူးလေးတွေ ဆိုတော့ များသောအားဖြင့် ရှိုးမှာ အမြူးကို ပိုကြိုက်ကြတယ်။ အမြူးတွေဆိုရင်း ပရိသတ်က ရိုးသွားရင် စိုင်းထီးဆိုင်ရဲ့ သီချင်း အေးအေးလေးတွေနဲ့ ဆိုဖို့ စဉ်းစားထားတယ်။ အမေက ပြည်ပပွဲတွေကျရင် လိုက်လေ့ရှိပြီး စင်အောက်က အမြဲ ကြည့်နေတော့ အမေ့အကြိုက်လေးတွေလည်း ဆိုပေးရဦးမှာပေါ့နော်။

အမေ့အတွက် ဆိုပြီးလုပ်တဲ့ အမှတ်တရ တေးစီးရီးအတွက် အချိန် ပေးလိုက်ရတဲ့ အေသင်အနေနဲ့ တခြား ဘာတွေ လုပ်ခွင့် မရလိုက်တာရှိလဲ။ ဘာတွေ ဆုံးရှုံးသွားလဲ။

အခု အထက်မြန်မာပြည်ဘက်ကို ရှိုးတွေ ထွက်နေရတာရယ်၊ ဒီအခွေကို လုပ်နေရတာရယ်ကြောင့် အခု ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသား ရန်ပုံငွေ ဂီတပွဲတော်ကြီးမှာ စာရင်းပေးပြီးမှ ၀င်ဆိုခွင့် မရလိုက်ဘူး။ ပထမ သတ်မှတ်တဲ့ ၁၅ ရက်နေ့ဆိုရင် ဆိုဖြစ်တယ်။ ရက်ရွှေ့သွားလိုက်တော့ အေသင်က စရံတွေ ယူပြီးသား ဖြစ်နေတော့ ဂတိမပျက်ချင်လို့ သွားဆို လိုက်ရတာ၊ ဒီပွဲမှာ မပါဖြစ်တော့ဘူး။ ပြီးတော့ အန်တီစုနဲ့ ဂီတသမားတွေ တွေ့တယ်။ ရုပ်ရှင်အနုပညာရှင်တွေ တွေ့တယ်။ အဲဒီတုန်းကလည်း အေသင် နယ်တွေ သွားနေရလို့ အေသင် မပါဖြစ်ခဲ့ပြန်ဘူး။ ဒီလို စည်းစည်းလုံးလုံးနဲ့ လုပ်ရတဲ့ ကိစ္စတွေ မပါဖြစ်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ တကြိမ်ကြိမ်မှာ အမေစုနဲ့ တွေ့ခဲ့ရင်တော့ ဒီအကြောင်းတွေ ရှင်းပြမယ်။ နောက် ကျင်းပဦးမယ့် ပွဲတွေမှာ အတတ်နိုင်ဆုံး ပါဝင်နိုင်အောင် ကြိုးစားမယ်။ လူမှုရေးတွေတော့ အများကြီး ဆုံးရှုံးသွားတယ်။

အေသင်က အသက်ငယ်ငယ်နဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ခဲ့ရတော့ လွတ်လပ်မှုကို အစောကြီးကတည်းက ပေးခဲ့ရတယ်။ စိတ်ကျဉ်းကျပ်မှုတွေ အခက်အခဲတွေကို တွေ့ကြုံရတဲ့အခါ အနုပညာသမားတိုင်းမှာ ဖြစ်လာတဲ့ စိတ်အပေါ် အေသင့်ရဲ့ အမြင်လေးက ရော။

အနုပညာသမားတိုင်းက လွတ်လပ်မှုလည်း ဆုံးရှုံးတယ်။ လူမှုရေးလည်း တကယ် ဆုံးရှုံးတယ်လို့ မြင်တယ်။ ဒါပေမဲ့ တဖက်မှာ အဆင်ပြေနေတော့လည်း ဒီ ဆုံးရှုံးမှုဒဏ်တွေကို အနုပညာသမားတိုင်းက ခံကြရမှာပဲ လေ။ ပရိသတ်ကြီး နားလည်လိမ့်မယ်လို့ပဲ ထင်ပါတယ်။ ကိုယ်လုပ်သမျှ အနုပညာတိုင်းကလည်း ပရိသတ်ကြီး အတွက်ပါပဲ။

အခု လက်ရှိ အေသင် ရဲ့ အနုပညာရေးရာ ကိစ္စ အ၀၀ကို ဘယ်သူက စီမံကွပ်ကဲ ကူညီပေးလဲ။

ပွဲလက်ခံတာတွေရော၊ ဇာတ်ကား လက်ခံတာတွေ ရော အမေပဲ လက်ခံပေးတယ်။ အမေက ဒီရက်မှာ ဒီပွဲရှိတယ် ဆိုရင် သမီးက သွားဆိုလိုက်တယ်။ ဇာတ်လမ်းဆိုလည်း ဒီဇာတ်လမ်းတော့ လက်ခံထားတယ်။ ဒီ ဇာတ်လမ်းက သမီးနဲ့ လိုက်တယ်။ သရုပ်ဆောင် ကြည့်လိုက်ပါလားဆိုရင် အမေလည်း ဖတ်တယ်။ သမီး လည်း ဖတ်တယ်။ ပြီးတော့ လက်ခံပြီး သရုပ်ဆောင်ကြတယ်။ အခု လောလောဆယ် ဇာတ်ကား ၃၊ ၄ ကား လောက် ရှိနေပြီ လွတ်သွားတာ။ ဒီ အမှတ်တရ တေးစီးရီး အနီးဆုံးလူ နမ်းမှာလား အခွေကြောင့် လေ။ ဒီကိစ္စပြီးရင်တော့ ကားလည်း ပြန် လက်ခံ ရိုက်ကူးမယ်။ သီချင်းတွေလည်း ဆိုမယ်။ လူမှုရေး အလုပ်တွေလည်း တတ်နိုင်သလောက် လုပ်ဖို့ စဉ်းစားထားပါတယ်။

အေသင်က ဒီအခွေကို အမေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ အခု ဒီအခွေလေးက ပရိသတ်ရှေ့မှောက် စီဒီအနေနဲ့တော့ ရောက်ခဲ့ပြီ။ အားလုံး ပြီးစီးသွားတဲ့အချိန်မှာ အမေ့ဆီက ပထမဆုံး ဝေဖန်မှုကို ဘယ်လို ကြားခဲ့ရလဲ။

အမေက ကောင်းတယ်လို့တော့ ပြောပါတယ်။ အမေက သိတဲ့အတိုင်းပဲ လေ၊ သူ လုပ်ချင်တာဆို မရရအောင် လုပ်တတ်တဲ့ အမေဆိုတော့ သမီးကလည်း အမေ ဖြစ်ချင်တာကို အကုန်လုံးဖြစ်အောင် လုပ်ပေးတယ်။ အမေက သီချင်းတွေ နားထောင်ပြီးတော့ ဘယ်သီချင်းက ကောင်းတယ်။ ဘယ်သီချင်းက ပေါက်နိုင်တယ် ဆိုတာကို သူ့ဟာသူ ရွေးချယ်ပြတယ်။ အမေက မမေဆွိရဲ့ စာ သီချင်းလေးဆိုရင် အေသင့် အသံနဲ့ လိုက်တယ်။ ပရိသတ်လည်း ကြိုက်လိမ့်မယ် ထင်တယ်လို့ ပြောတယ်။

အေသင့် အမေက ဒီသီချင်းတွေကို နားရည် ၀နေပြီးသား ပရိသတ်တယောက် ဖြစ်ခဲ့တယ်။ ဟေမာနေ၀င်း သီချင်းတွေကလည်း သူ့အကြိုက်ဆုံးတွေ ဖြစ်ခဲ့ပြီး ဒီသီချင်းတွေကို ကိုယ့်သမီး ကိုယ်တိုင် ပြန်ဆိုတာ ကြားရတော့ မူရင်းနဲ့ ပြန်ဆိုတေးအပေါ် ဘာ ပြောသေးလဲ။

စကတည်းကိုက ဟေမာနေ၀င်း သီချင်းကို အမေ ပြန်ဆိုခိုင်းကတည်းက သေချာတာ တခုကတော့ ဟေမာနေ၀င်းနဲ့ တထပ်တည်း တူဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ ဟေမာနေ၀င်းတို့၊ မေဆွိတို့ ဆိုတာက တကယ့် အသံပါရမီရှင်ဖြစ်တဲ့အတွက် အမေကတော့ ပြောပါတယ်။ သမီးကတော့ အန်တီမေဆွိ၊ အန်တီဟေမာတို့ကို မီမှာ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆိုဖို့ အမေက ပြောတယ်။ အခု စီဒီနားထောင်ပြီးတော့ အမေက ကြိုက်တယ်လို့ ပြောတယ်။ ဒီအခွေက အေသင်ရဲ့ ပထမ တကိုယ်တော် အခွေတုန်းကလို ပရိုဂရမ်နဲ့ တီးတာ မဟုတ်ဘူး။ Lazy Club Band နဲ့ တီးခတ် ထားတာ ပါ။ အမေက ကျေလည်း ကျေနပ်တယ် လေ။ ခရီးသွားတဲ့ နေရာတိုင်းကိုလည်း သူက ပန်းဖလက်တွေ၊ ပိုစတာတွေ ယူသွားပြီး ပေးနေတာပဲ။ ဒီတော့ အေသင့်ပရိသတ်ကြီးကလည်း ဒီအခွေကို စီဒီကိုလည်း အားပေးကြပါလို့။ ဗီစီဒီ ထွက်လာခဲ့ရင်လည်း အားပေးပါလို့ ပေါက်တဲ့အိုး အခွေတုန်းက အားပေးသလို အားပေးပါလို့ နားဆင်ကြပါဦးလို့ ပြောချင်ပါတယ်။

အခုလို ရှိုးပွဲတွေ၊ အခွေတွေ၊ ဇာတ်ကား ရိုက်ကူးရေးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ တခါတလေ ဘယ်အရာကို လုပ်ရမှန်း မသိ ဝေခွဲမရ ဖြစ်ရတာမျိုး ကြုံဖူးလား။ တခုခုကို လက်လွှတ်ရမယ်ဆိုရင် အေသင် ဘယ်အပိုင်းကို လက်လွှတ်လေ့ ရှိလဲ။

အဲဒီလိုမျိုးဆုံခဲ့လို့ရှိရင် ကားရိုက်ရက်ဆို ဒါရိုက်တာ တို့၊ ထုတ်လုပ်သူတို့ကို ပြောတာပေါ့နော်။ ဒီကားထဲမှာ တရက်တော့ သီချင်းသွား ဆိုဖို့ရှိတယ် ပေါ့။ အဲဒီလို ညှိ ပြီး အဆင်ပြေအောင် လုပ်ပါတယ်။ ဒါပေမဲ့ ရက်တွေ အရမ်း ကွာဟနေတယ်။ ရိုက်နေရင်းတန်းလန်းနဲ့ ကိုယ် ဆိုရမယ့် ရှိုးပွဲတွေက ဆက်တိုက် ဖြစ်နေတယ်ဆိုရင်တော့ သီချင်းဆိုတဲ့ဘက်ကိုပဲ သွားပါတယ်။

အခုနောက်ပိုင်း အဆိုတော်တွေက ရုပ်ရှင် ရိုက်၊ ရုပ်ရှင်မင်းသားတွေကလည်း သီချင်းတွေဆို လုပ်လာတယ်။ တချို့က အောင်မြင်မှုအတွက်၊ တချို့က ၀ါသနာအတွက်၊ တချို့က အနုပညာအတွက်ဆိုပြီး ပုံစံမျိုးစုံနဲ့ လုပ်လာကြတယ်။ အေသင်ကရော အခုလို အနုပညာ (ဂီတ၊ သရုပ်ဆောင်) နှစ်ခုစလုံးကို လှုပ်ရှား ဖြစ်နေတာက အောင်မြင်မှုအတွက် လား၊ ၀ါသနာအတွက် လား၊ ဒါမှမဟုတ် ခေတ်ပေါ်ရေစီးကြောင်း အတွက်လား။

မဟုတ်ပါဘူး။ သီချင်း စဆိုပြီး ပထမအခွေထွက်ကတည်းက သီချင်းတွေထဲမှာလေ မင်းသမီးလေး ဖြစ်ချင် ဆိုတဲ့ သီချင်း ပါ ပါတယ်။ ဒီတော့ မင်းသမီးလည်း ဖြစ်ချင်တယ်။ အဆိုတော်လည်း ဖြစ်ချင်တယ်။ ဒါက ပထမကတည်းက ခံစားချက်ဆိုတော့ ခေတ်ရေစီးကြောင်း နောက်လိုက်တာ မဟုတ်ပါဘူး။ ၀ါသနာ တကယ်ပါလို့ တကယ် လုပ်တာပါ။ ဆက် ပြီးတော့လည်း ဇာတ်ကားတွေ ရိုက်သွားဦးမှာပါ။

အေသင်ချိုဆွေက ပရိသတ်ကြီးကို ဂီတနဲ့ သရုပ်ဆောင် အနုပညာတွေ အများကြီး လုပ်ပြချင်သေးတယ်လို့ ဆိုပါတယ်။ အခု ထွက်ခဲ့တဲ့ အမှတ်တရ တေးစီးရီး အနီးဆုံးလူ နမ်းမှာလား အခွေ အပြီးမှာတော့ သူမရဲ့ ဒုတိယ တကိုယ်တော် အစစ်ကို ဖြန့်ချိနိုင်အောင် ကြိုးစားနေပါတယ်။ “ဒီအခွေမှာ အေသင့်ရဲ့ ပထမ တကိုယ်တော် တေးစီးရီးတုန်းက အတိုင်းပဲ၊ သြရသ၊ ရဲလေး၊ ကြက်ဖတို့ ပါမယ်။ J မီ လည်း ပါမယ်။ ဒီသီချင်းတွေက အားလုံးနီးပါး ပြီးနေပါပြီ။ ပြီးတော့ ဇာတ်ကားတွေလည်း ကိုယ်နဲ့ လိုက်မယ့် ဇာတ်လမ်းတွေ ရွေးချယ် ရိုက်ကူးဖို့တွေ ရှိနေပါတယ်။ ပရိသတ်ကြီးက ရုပ်ရှင်ကိုလည်း အားပေးပါ။ ဂီတတွေကိုလည်း အားပေးပါလို့ ပြောချင်ပါတယ်” လို့လည်း အေသင်ချိုဆွေက သူမရဲ့ ပရိသတ်ကြီးကို နှုတ်ဆက်ခဲ့ ပါသေးတယ်။ ၂၀၁၂ ခုနှစ် နှစ်သစ်မှာတော့ အနုပညာ ပုံစံတွေကိုသာ အသစ်အနေနဲ့ မြင်တွေ့ကြရမှာ ဖြစ်ပြီး ကျန်တာတွေကတော့ မပြောင်းမလဲ၊ ဒီအတိုင်းပါပဲ လို့လည်း အေသင်ချိုဆွေက ဆိုပါတယ်။
Athen Chit Swe (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

Athen Chit Swe (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

ဂီတ - အမေဖြစ်ချင်တာ အကုန်လုံး ဖြစ်အောင် လုပ်ပေးတယ် ဧသင်ချစ်ဆွေ အဆိုတော် ရုပ်ရှင်မင်းသမီး - Feb 18 2012 02:09 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005