Top Advertisement
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအတွက် အမျိုးသားစိတ်ဓာတ်နဲ့ လှူဖြစ်တဲ့ ဖိုးချစ်
The Light of Rays Journal No. 693, Page 1

အလင်းတန်းဂျာနယ် အမှတ် ၆၉၃ စာမျက်နှာ (၁) မှ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားရိုက်ကူးဖို့အတွက် ဖိုးချစ်က ငွေ ကျပ်သိန်း ၄၀ ကို လှူဒါန်းမှာ ဖြစ်ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်နေ့အထိ ကျိုက်ခေါက်ဘုရားပွဲမှာ ဖိုးချစ်ရဲ့ ဇာတ်သဘင်အဖွဲ့ ကပြ ဖျော်ဖြေခဲ့တာပါ။ ဖေဖော်ဝါရီ ၈ ရက်နေ့ ညမှာ ကပြလို့ရတဲ့ အနုပညာကြေးများနဲ့ ပရိသတ်များ ချီးမြှင့်တဲ့ ဆုတော်ငွေများကို ပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး ရန်ပုံငွေအဖြစ် ဖိုးချစ်က လှူဒါန်းတာပါ။ ဖေဖော်ဝါရီ ၈ ရက် ညမှာ ဖိုးချစ်က ဇာတ်အဖွဲ့သားအားလုံးရဲ့ ညကြေးကို ရှင်းပေးခဲ့ပြီး ဖိုးချစ်တဦးတည်းရဲ့ငွေကြေးကို လှူဒါန်းတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် လှူမယ်လို့ ပွဲကစဉ်မှာ ပရိသတ်များကို ကြေညာခဲ့တာကြောင့် အသက် ၈၈နှစ် အရွယ်ရှိ အဖိုးအိုတဦးက ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လို့၊ လေးစားလို့ ငွေ တသိန်း လှူဒါန်းမယ်ဆိုပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဖိုးချစ်က ကျိုက်ခေါက်ဘုရားပွဲမှာ ကပြတဲ့ ရက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ မြန်မာပြည်သား သီချင်းကို မြန်မာ့ဆိုင်းဝိုင်း တီးခတ်မှုနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ မြန်မာပြည်သား သီချင်း ဖျော်ဖြေချိန် ပရိသတ် အချို့က မျက်ရည်ဝဲသလို လက်ခုပ်သြဘာများနဲ့ အားပေးကြတယ်လို့ ဖိုးချစ်က ဆိုပါတယ်။

အခုလို ဇာတ်ခုံစင်မြင့်ပေါ်မှာ ပျော်ရွှင်ရယ်မောစွာ ကပြ ဖျော်ဖြေနိုင်နေတာဟာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်ခဲ့ရမှုတွေကြောင့်ဖြစ်တယ် ဆိုတာကို ဖိုးချစ်က ဇာတ်ကရင်း စင်မြင့်ပေါ်ကနေ ပြောခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့အတွက် ငွေ ကျပ် သိန်း ၄၀ လှူဒါန်းတာနဲ့ ပတ်သက်ပြီး ”လွတ်လပ်ရေး ဖခင်၊ အမျိုးသား ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးမှာ၊ ကျွန်တော်တို့ အသက်အရွယ်ထားပါ။ ကျွန်တော်တို့ထက် ငယ်တဲ့ နောက်ထပ် တက်လာတဲ့ လူငယ်လေးတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာ သိတဲ့သူတွေ နည်းနေပြီ။ နောက်ထပ် မျိုးဆက်သစ်တွေအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာတွေနဲ့ အလှမ်းကွာနေတယ်။ မြန်မာနိုင်ငံအတွက် ကြိုးပမ်းခဲ့၊ အနစ်နာခံခဲ့တဲ့သူတဦးကို မမေ့သင့်ဘူး။ မြန်မာနိုင်ငံသား တယောက်အနေနဲ့ရော သဘင်လောက လူတဦးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာ ရင်ထဲမှာရှိတာ တန်ဖိုးထားတာတွေကို သိစေချင်တယ်။ ကျွန်တော်တယောက်တည်း လှူတာထက် ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်၊ မိသားစုတွေက လှူတာပါ” လို့ ဖိုးချစ်က ဆိုပါတယ်။

ဖိုးချစ်ရဲ့မွေးနေ့က ဖေဖော်ဝါရီ ၁၅ ရက် ပါ။ လှူဒါန်းမှုက ဖိုးချစ်ရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ ဖြစ်သွားနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ”ကျွန်တော့် မွေးနေ့ထက်စာရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကိုပဲ တန်ဖိုးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို တန်ဖိုးထားပြီး လှူတယ် ဆိုတာပါ။ ကျွန်တော့်ရဲ့မွေးနေ့ကိုတော့ တောင်ဒဂုံမှာ ဇာတ်ကရင်းပဲ ဖြတ်သန်းမှာပါ” လို့ ဖိုးချစ်က ဆိုပါတယ်။ မြန်မာပြည်သူပြည်သား အားလုံးရဲ့ စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ရင် ဂုဏ်ယူတဲ့သူချည်းပါ ပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက ရင်ထဲမှာ ရှိပြီးသားဖြစ်တာကြောင့် အခြားသူတွေကို အထူးပြောစရာ မလိုဘဲ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင် ကူညီခွင့်ရတာကို ကျေနပ်ပါတယ်လို့ ဖိုးချစ်က ဆိုပါတယ်။ သဘင်အဖွဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားဖို့ ပါဝင်ကြမလားဆိုပြီး ဖိုးချစ်က စောင့်နေပေမဲ့ ဘယ်သူမှ ပါဝင်လာခြင်း မရှိသေးတာကြောင့် အခုလို တဦးတည်း ပါဝင် လှူဒါန်းဖို့ စီစဉ်လိုက်တာလို့ သိရပါတယ်။ ဖိုးချစ်က ပါဝင်လှူဒါန်းမှုအနေနဲ့ ဒီတကြိမ်တည်းနဲ့ မပြီးသေးဘဲ အဆင်ပြေရင် ပြေသလို အနုပညာတင်ဆင်မှုများနဲ့ ဆက်လက် လှူဒါန်းဦးမှာ ဖြစ်တယ်လို့ ဖိုးချစ်က ဆိုပါတယ်။ ဖိုးချစ်က ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး ရုံးခန်း ဖွင့်လှစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက် ကွမ်းခြံကုန်းမှာ ဇာတ်ကရင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မစေတီလမ်း၊ အမှတ် ၁၀၁ (B) ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားမှာ လာရောက် လှူဒါန်းမှာ ဖြစ်ပါတယ်။ ဖိုးချစ်ရဲ့အလှူကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံရယူမယ်လို့ သိရှိရပါတယ်။ သဘင် အနုပညာသမား တယောက်အနေနဲ့ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားရေး တာဝန်တွေနဲ့ ဖိုးချစ်က စတင် လှူဒါန်းတာ ဖြစ်ပါတယ်။
The Light of Rays Journal No. 693, Page 1

အလင်းတန်းဂျာနယ် အမှတ် ၆၉၃ စာမျက်နှာ (၁) မှ

ဇာတ်သဘင် - ဗိုလ်ချုပ်အောင်ဆန်း ဖိုးချစ် ဇာတ်သဘင် ဇာတ်မင်းသား - Feb 18 2012 02:10 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005