Top Advertisement
နေပြည်တော် ရောက်ပြီးမှ အကယ်ဒမီပေးပွဲ မတက်ဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
The Light of Rays Journal 2011 Academy Special Edition

အလင်းတန်းဂျာနယ် အကယ်ဒမီ အထူးထုတ် မှ

၂၀၁၀ ပြည့်နှစ်အတွက် ချီးမြှင့်တဲ့ အကယ်ဒမီပေးပွဲကို အနုပညာရှင်များစွာ တက်ရောက်ကြပါတယ်။ အချို့သော အနုပညာရှင်များက အခြား အလုပ်ကိစ္စများနဲ့ တိုက်ဆိုင်နေလို့ မတက်ရောက်နိုင်သူလည်း ရှိပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကတော့ သူ့ရဲ့မိသားစုတွေနဲ့ နေပြည်တော်ရှိ ရတနာသိင်္ဃ ဟိုတယ်မှာ တည်းပေမဲ့ အကယ်ဒမီပွဲကို မတက်ရောက်ခဲ့ပါဘူး။ ရန်ကုန်ကနေ တကူးတက အချိန်ကုန်ခံပြီး နေပြည်တော်ကို သွားပေမဲ့ အကယ်ဒမီပေးပွဲ မတက်ရောက်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပြပါတယ်။

”စိတ်မကောင်းလို့ မတက်တာ၊ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ဗီဒီယိုတွေကို နယ်ကိုယ်စားလှယ်တွေက မယူတော့ဘူး၊ မြို့ထဲမှာ ခိုးကူးခွေတွေ ပြန်ရောင်းနေပြီ။ လမ်းဘေးက လူတွေက ခိုးကူးကို ပေါ်တင်ရောင်းနေကြပြီ။ ပေါ်တင်ရောင်းတဲ့နောက် ပေါ်တင် ခိုးကြတယ်။ အခုဆိုရင် လပ်ကီးဆဲဗင်းလို ထုတ်လုပ်ရေးတွေ ရပ်ကုန်ပြီ။ တကယ့် နာမည်ကြီး သရုပ်ဆောင်တွေကို စာချုပ် ချုပ်ထားပါတယ်ဆိုတဲ့ ကိုဝင်းကြည်တို့လို လူမျိုးတွေ တဖြည်းဖြည်း လျှော့ပြီး အကုန် ရပ်တော့မယ်။ အဲဒီတော့ ဗီဒီယိုလောက ပျက်သွားပြီ။ နောက်ထပ် မရှိတော့ဘူး။ အဲဒီတော့ ရုပ်ရှင်နဲ့ မရပ်တည်နိုင်တာ ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက ပါ။ ဗီဒီယိုနဲ့ သက်တမ်းရှည်လာရတာ ဒီနေ့အထိပဲ။ ရုပ်ရှင်က တနှစ်ကို ၁၅ ကား လောက်ပဲ ထွက်တာ။ အဲဒီ ၁၅ကားနဲ့ ဒီတလောကလုံး ရပ်တည်လို့ မရတော့ဘူး။ မကြခင် အကုန် ဒုက္ခရောက်တော့မယ့် ကိစ္စကို ကျွန်တော်တို့ မြင်နေရတယ်။ အဲဒီလိုအကြောင်းကို ကျွန်တော်တို့ သေသေချာချာ တင်ပြတယ်။ ပုံစံမျိုးစုံနဲ့ ပေါ့။ မသမာမှုရှိရင် တိုင်ကြားနိုင်ပါတယ်ဆိုပြီး သတင်းစာထဲမှာ ပြောတယ်။ အဲဒီ မသမာမှုကို ကျွန်တော်တို့က ဂျာနယ်ထဲကနေ တိုင်းသိ၊ ပြည်သိ ပြောတယ်။ အဲဒီဟာတွေ ပြောထားရဲ့သားနဲ့ ကျွန်တော်တို့ ပြောတဲ့ဟာကို ဘာ တခုမှ ဂရုတစိုက် မရှိဘူး။ ဥပေက္ခာ ပြုကြတယ်။ အဲဒါကြောင့် စိတ်မကောင်း ဖြစ်ရတယ်။ တကယ်တမ်းက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး လုပ်ရမယ့် အနုပညာ လုပ်ငန်းတွေ အများကြီး ရှိတယ်။ တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုကို သိချင်ရင် သူ့ရဲ့အနုပညာ အဆင့်အတန်းကို ကြည်ရတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဖတ်ခဲ့ဖူးတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနုပညာအဆင့်အတန်းကို ကြည့်လိုက်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေကို သိကြစတမ်းဆိုရင် ကျွန်တော်တို့ စုတ်ပြတ်သတ်နေပြီ။ တိုးတက်မှုတွေ တော်တော်များများ မြင်နေရပြီ။ နေရာတကာမှာ ပေါ့။ နိုင်ငံခြားငွေ ကိစ္စ၊ မြစ်ဆုံ ကိစ္စ၊ စတဲ့စတဲ့ ကိစ္စတွေကို တိုးတက်လာပြီ။ မတိုးတက်ဘဲ ကျန်နေတာ ကျွန်တော်တို့ အနုပညာ အဆင့်အတန်း ပဲ။ တိုးတက်အောင် ဘယ်လို လုပ်ရမလဲဆိုတာလည်း အကြံဉာဏ်တွေ ပေးခဲ့တယ်။ အဲဒါတွေကို ဥပေက္ခာပြုပြီး ဒီပွဲကြီးကို ကြီးကြီးကျယ်ကျယ် လုပ်တယ်။ ဒီ ရုပ်ရှင် ၁၅ ကားနဲ့ ရုပ်ရှင်တလောကလုံး အရမ်း ကွာလွန်းအားကြီးပါတယ်။ ဒီအချိန်က အဲဒါကို ဂရုစိုက်ရမယ့် အချိန်လည်း မဟုတ်ပါဘူး။ အဲဒါကို သိနေတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ အဲဒီပွဲကို တက်ဖို့ တော်တော် အခက်အခဲ ရှိတယ်။ သွားဖို့ ကြိုးစားကြည့်တယ်။ ဘယ်လိုမှ ခြေလှမ်း လှမ်းလို့ မရဘူး။ ခြေမလှမ်းဘဲ နေပြန်တော့လည်း နေမကောင်းလို့ မလာတာလေဆိုပြီး ထင်နေဦးမယ်။ အဲဒါကြောင့် နေပြည်တော်ထိ ရောက်တယ်။ သွားဖို့ ခြေထောက်တွေက ခွင့်မပြုဘူး။ ကျွန်တော်တို့ကို စပွန်ဆာပေးတဲ့ ၀ါရွှေစင် ပိုးထည်၊ ရတနာသိင်္ဃ ဟိုတယ်တို့ ရှိတော့ ကျွန်တော် ရောက်အောင် လာတယ်လို့ သူတို့ကို ပြောပြတယ်။ သွားဖို့ အင်အား မရှိဘူး။ မကြာခင်မှာ လုံးလုံး ပျက်စီးတော့မယ့် အခြေအနေကို သိနေရဲ့သားနဲ့ လုံးဝ မပျော်နိုင်ဘူး။ အဲဒါကြောင့် မသွားတာ” လို့ ဆိုပါတယ်။

အကယ်ဒမီရရှိသူများကိုတော့ သူတို့ရှိတဲ့ ဟိုတယ်များကို သွားပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဂုဏ်ပြုခဲ့ပါတယ်။ နေပြည်တော်မှာ ရှိနေတဲ့ ကာလအတွင်း မတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် နှင်းဆီ အဖွဲ့သားများရဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး ရန်ပုံငွေ အငြိမ့်အတွက် ပြက်လုံးများ၊ အစီအစဉ်များ ရေးပြီးတယ်လို့ သိရပါတယ်။
ရုပ်ရှင် - မောင်မျိုးမင်း ၂၀၁၀ အကယ်ဒမီ ရုပ်ရှင် - Feb 14 2012 12:38 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005