Top Advertisement
သူငယ်ချင်းတွေ ပါပဲ
Examplez (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

Example ဆိုတဲ့ အဖွဲ့က ၂၀၀၁ ခုနှစ်က စပြီး ပရိသတ်ကြားထဲ ရောက်ရှိခဲ့တာပါ။ အသက် ၁၅ နှစ်ကျော်ကျော် အရွယ်မှာ ညီအစ်ကိုဝမ်းကွဲ တော်စပ်ကြတဲ့ သက်အောင်၊ ထွန်းထွန်း၊ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ဖြိုးမောင်နဲ့ ထူးကျော်တို့ လေးယောက် ပေါင်းစည်းမိပြီး Example အဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့တာပါ။

သီချင်း ဆိုချင်တဲ့ စိတ်၊ ဂီတကို ၀ါသနာပါတဲ့ စိတ်တွေနဲ့ သူငယ်ချင်းလေးယောက် စုစည်းလုပ်ခဲ့တဲ့ ဒီအဖွဲ့က ၂၀၁၁ ဒီဇင်ဘာမှာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ ၁၀ နှစ်တာကာလအတွင်းမှာ ဥပမာပြောရရင်၊ တမ်းတမ်းတတ ဆိုတဲ့ တကိုယ်တော်စီးရီး နှစ်ခွေ ထွက်ဖြစ်ခဲ့သလို CMP ၁၀ နှစ်ပြည့် Examplez Live Show လည်း ထွက်ခဲ့ပါတယ်။ အတွဲခွေ တော်တော်များများမှာလည်း ပါဝင် သီဆိုဖြစ်ခဲ့တဲ့ Examplez အဖွဲ့က လွန်ခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်းမှာတော့ စီးရီးသစ် မထွက်ဖြစ်ပါဘူး။ Show တွေမှာဆိုတာ မတွေ့ရတဲ့ Examplez အဖွဲ့ကွဲသွားပြီလို့ ပရိသတ်တွေက ထင်ထားခဲ့ပါတယ်။ ဒီအဖွဲ့မှာပါတဲ့ ထွန်းထွန်းက သရုပ်ဆောင်လည်း လုပ်တာကြောင့် Examplez အဖွဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်ခဲ့သလို သက်အောင်၊ ဖြိုးမောင်တို့ကလည်း စင်ကာပူမှာ ကျောင်းသွားတက်ကြတာကြောင့် Examplez အဖွဲ့ ပရိသတ်ကြားထဲ ရောက်မလာခဲ့တာပါ။ ၁၀ နှစ်ပြည့်တဲ့ကာလမှာတော့ Examplez အဖွဲ့သားတွေ စုစည်းပြီး ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။

၁၀ နှစ်ပြည့် အမှတ်တရ အဖြစ်ရယ်၊ ပရိသတ်ကြားထဲ မရောက်တာကြာပြီဖြစ်တာရယ်ကြောင့် Examplez အဖွဲ့ကို ရွှေအမြုတေမျက်နှာဖုံး ရိုက်ဖို့ စဉ်းစားခဲ့တာပါ။ Examplez အဖွဲ့ ကွဲသွားပြီလား၊ ဆက်လက် လှုပ်ရှားဦးမှာလား၊ အရင်တုန်းကလို စိတ်တွေနဲ့ပဲ ဂီတကို လုပ်မှာလား ဆိုတာတွေကို Example အဖွဲ့သား လေးယောက်က မျက်နှာစုံညီစွာနဲ့ ပြောပြခဲ့ကြတာပါ။

အခွေမထွက်၊ Show မဆိုကြတော့ Examplez အဖွဲ့ကွဲသွားပြီလို့ ပြောကြတယ်။ အဲဒါကိုရော ဘာများ ပြောချင်လဲ။

သက်အောင်။ ။ ကျွန်တော် ထွက်သွားပြီးတဲ့အချိန် နောက်ပိုင်း ပေါ့။ ဒါပေမဲ့ Romanson Live Show မှာ ကျွန်တော် ပြန်လာတဲ့အချိန် ဆိုဖြစ်ကြသေးတယ်။ အသံမှာ လေးယောက် ပါတယ်။ အရုပ်က မပါဘူး။ ဒီမှာ ရှိနေတဲ့သူတွေကလည်း အကြောင်းကြောင်းကြောင့် ပေါ့နော်။ Examplez အဖွဲ့က ကွဲစရာ မရှိဘူး။ သူငယ်ချင်းတွေ ဒီအတိုင်းပဲ ရှိနေမှာပဲ။ သူငယ်ချင်းတွေ ရန်ဖြစ်၊ စိတ်ကောက် ဒီလောက်ပဲ ရှိမှာပါ။

ဖြိုးမောင်။ ။ Examplez အဖွဲ့ကွဲတာ မဟုတ်ဘူး။ မဆုံဖြစ်ကြတာပါ။ ဒီ အနုပညာအလုပ် ဆိုတာကလည်း အမြဲ တမ်းလုပ်နေမှ။ ဝေးသွား၊ ပျောက်သွားရင် ဒီနာမည်က တဖြည်းဖြည်း ပျောက်သွားတာ။ ရှင်းရှင်းပြောရရင် အလုပ်တခုက ကိုယ်ပိုင်တယောက်တည်းလုပ်တာ အကောင်းဆုံးပဲ။ ဘယ်အလုပ်မဆို ပေါ့။ ဒါက ကျွန်တော် ခံယူထားတာ။ အဖွဲ့ဆိုကတည်းက ကိုယ် ထ လုပ်လို့ မရဘူး။ ကျန်တဲ့သူတွေလည်း ပါနိုင်မှ။ လူများလေ ပိုပြီး မဖြစ်နိုင်ဘူး။ ငယ်ငယ်တုန်းကကျတော့ အချိန် ပေးနိုင်တယ်။ စိတ်ကလည်း မြန်တယ်။ အခုကျတော့ အသက်ကလည်း ကြီး၊ အသိဉာဏ်ကလည်း ဖွံ့ဖြိုးလာတော့ သိချင်တတ်ချင်တာတွေက များတယ်။ လေးယောက်ဆိုတော့ သိတဲ့တတ်တဲ့ဟာတွေ ဖလှယ်ရင်း အဲဒီမှာ ရှုပ်ကုန်ရော။ အဲဒီတော့ နည်းနည်း စုစည်းရဖို့ ခက်သွားပြီ။ အဲဒါကြောင့်ပါ။ ကွဲတာတော့ မဟုတ်ဘူး။ လူတွေက အမြဲ ဆုံချင်တယ်။ အနုပညာလုပ်ငန်း မလုပ်ဖြစ်တာ၊ လူတွေကတော့ မကွဲဘူး။

ထူးကျော်။ ။ ကျွန်တော်တို့တွေက တတိယစီးရီးထွက်မှ Show ဆိုမယ်ဆိုပြီး လုပ်ထားကြတယ်။ အဲဒါနဲ့ မဆိုဖြစ်သွားကြတာ။ ကျွန်တော်ကလည်း ရှမ်းပြည်ဘက်မှာ တနှစ်ခွဲလောက် သွားနေတာလည်း ပါတယ်။ အဖွဲ့က ကွဲတယ်လို့ မဟုတ်ဘဲ အကုန်လုံးနဲ့ အဆက်အသွယ် ရှိတယ်။

ထွန်းထွန်း။ ။ အစကတည်းက ကျွန်တော်တို့အဖွဲ့က နာမည်တွေကို ကြည့်ရင် သိတယ်။ ထွန်းထွန်း၊ သက်အောင်၊ ဖြိုးမောင်၊ ထူးကျော် တဲ့၊ ဘယ် ဗေဒင်ဆရာနဲ့ မှလည်း မတွက်ဘူး၊ ဘယ် ဘုန်းကြီးနဲ့မှလည်း မမေးဘူး။ ကိုယ့်ဘာသာ လုပ်ချင်တာ လုပ်ထားတာ။ အောင်မြင်ဖို့လည်း မရည်ရွယ်ဘူး။ အောင်လည်း မအောင်မြင်ချင်ဘူး၊ သိလည်း မသိချင်ဘူး။ ကိုယ်ကြိုက်တာကို ကိုယ် လုပ်တာ။ အဲဒါနဲ့ အသက်တွေ ကြီးလာတယ်။ အလုပ်တခုကို စေတနာထားပြီး လုပ်တယ်။ အဲဒီအတွက် အကျိုးအမြတ် ပြန် ခံစားရတယ်လို့ မျှော်လင့်တယ်။ ခုနက သူတို့သုံးယောက် ပြောသလို အလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေကြတယ်။ ကျွန်တော် တယောက်တည်းပဲ ဒီလောကထဲမှာ ယောင်လည်လည်နဲ့ ကျန်ခဲ့တယ်။ အရင်က အဖွဲ့ကွဲတယ်၊ မကွဲဘူး ဆိုတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် တယောက်တည်း စင်ပေါ်တက်ရတာတွေလည်း ရှိတယ်။ ကျွန်တော့် နာမည်နောက်မှာ Examplez နာမည် မတပ်ရင် စိတ်ဆိုးတယ်။ အဲဒီလိုမျိုး မကွဲဘူး ဆိုတာပဲ သိစေချင်တယ်။ ကျွန်တော် နယ်တွေ သွားတယ်။ တခြားနိုင်ငံတွေမှာ ဖျော်ဖြေတဲ့အခါမှာလည်း Examplez သီချင်းတွေ ထည့်ဆိုရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်တော့်ဘ၀၊ ဆိုလိုချင်တာက အဓိက Examplez အဖွဲ့ မကွဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အဖွဲ့က ကွဲစရာအကြောင်း မရှိဘူး။ တကယ်ပဲ စည်းလုံးပြီး၊ တကယ် ချစ်လို့ပဲ။ အဖွဲ့တဖွဲ့ကို တကယ် လုပ်ခဲ့ကြတာ။ ဒါပေမဲ့ အခြေအနေ၊ အသက်အရွယ်တွေ ပြောင်းလဲလာလို့ ကိုယ့်အလုပ်နဲ့ ကိုယ်၊ သူ့အလုပ်နဲ့သူ ရှုပ်သွားတဲ့ အချိန်မှာ ကျွန်တော် ရွေးချယ်လိုက်တာက ဒီအထဲမှာပဲ ဖြစ်နေတယ်။ သူတို့ ရွေးချယ်တာက အနုပညာလောကထဲ မဟုတ်ဘူး။ အဖွဲ့ ကွဲသွားတယ် ဆိုတာ မရှိပါဘူး။ အခုလည်း မရှိသလို နောက်လည်း ရှိမှာ မဟုတ်ဘူး။ ကျွန်တော်က စံပြပဲ ဖြစ်ချင်တာ။

လွန်ခဲ့တဲ့ လေးနှစ်တာကာလမှာ အဖွဲ့တွေ မဆုံဖြစ်တာက ထွန်းထွန်းဘက်က သရုပ်ဆောင်အလုပ်ကို ပိုပြီး ဦးစားပေး လုပ်နေတာကြောင့်လို့ ကျန်တဲ့ သုံးယောက်က ပြောမယ်ဆိုရင် ထွန်းထွန်း ဘာပြောချင်လဲ။

ထွန်းထွန်း။ ။ ၅၀ ရာခိုင်နှုန်းထက်ကျော်စွာ မှန်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာလောကထဲမှာ ရေရှည်ရပ်တည်ရမှာ ဖြစ်တဲ့အတွက်၊ ကျွန်တော်ကိုယ်တိုင်က သရုပ်ဆောင်ဘက်ကို ကူးနေတဲ့အချိန်မှာ ဂျာနယ်တွေထဲမှာသာ နှစ်ခုစလုံးကို ခွလုပ်နေတယ်လို့ ကျွန်တော် ဖြေတာပါ။ ကျွန်တော် မလုပ်နိုင်ပါဘူး။ တခုကိုပဲ တော်တော် အားစိုက်ပြီး လုပ်ရပါတယ်။ အဲဒါလည်း မခံချင်စိတ်တွေကြောင့် ပါ။ ဒါပေမဲ့ သဘောတရားတခုက တခါတခါကျတော့ လောကကြီးက ကိုယ်တွေကို ပြန် ရွေးချယ်သွားတာ ရှိတယ်။ အဲဒါ အရမ်း ပြောရခက်တယ်။

သက်အောင် စင်ကာပူကို ထွက်သွားတာကလည်း ထွန်းထွန်းက သရုပ်ဆောင်ဘက်ကို အာရုံစိုက်ပြီး ဂီတဘက်ကို အချိန်မပေးနိုင်တော့လို့လား။

သက်အောင်။ ။ အရင်ကတည်းက ကျွန်တော် ဖြေဖူးပါတယ်။ အနုပညာအလုပ်က အသက်မွေးဝမ်းကျောင်းအလုပ် မဟုတ်ဘူး။ ၀ါသနာပါလို့ လုပ်တာ။ အသက်မွေးဝမ်းကျောင်းအနေနဲ့ ပညာ သွား သင်တယ်၊ အလုပ်လုပ်တယ်။ အခု ပြန်လာပြီး အမေတို့ အလုပ်ကို လုပ်ကြည့်မယ်။ ပြန်လာတယ်။ သူငယ်ချင်းတွေ ပြန် စုတယ်။ အငြင်းအခုံတွေလည်း ဖြစ်တုန်းပဲ။ အကုန်လုံးက မအားကြဘူး။ ကိုယ့် အသက်မွေးဝမ်းကျောင်း တခုကို လုပ်လိုက်ပြီဆိုရင် အနုပညာဘက်ကို မလှည့်နိုင်ဘူး။ စင်ကာပူမှာနေတုန်းက ဆိုရင် သီချင်းတောင် နားမထောင်ဖြစ်ဘူး။ အလုပ်သွားတဲ့အချိန် ဘတ်စ်ကားပေါ်မှာလောက်သာ နားထောင်ဖြစ်တယ်။ သီချင်းဆိုဖို့ အချိန်လည်း မရှိဘူး။ ဖြိုးမောင်ကလည်း ဟိုတယ်မှာ ထိုင်ပြီး လုပ်ရတယ်။ ထူးကျော်ကလည်း ညဘက် ဆိုင်ဖွင့်တဲ့သူ၊ ထွန်းထွန်းကလည်း ဇာတ်ကားရိုက်နဲ့၊ ထွန်းထွန်းဆိုရင် ပိုဆိုးတာက အသက်မွေးဝမ်းကျောင်းအနေနဲ့ အနုပညာကို ရွေးချယ်လိုက်တာ အဲဒီတော့ ကျွန်တော်တို့ဘက်ကို မကြည့်နိုင်ဘူး။ သူ့မှာ သူ့မိသားစု ရှိတယ်။ သူက တဦးတည်းသော သား ဖြစ်တယ်။ ကျွန်တော့်မှာက အစ်မ ရှိတယ်။ ထူးကျော်ဆိုလည်း မောင်နှမတွေ ရှိတယ်။ ထွန်းထွန်းရဲ့မိသားစုက ထွန်းထွန်းအပေါ်မှာပဲ မူတည်နေတယ်။ အပြစ် ပြောစရာ မရှိဘူး။ ကျွန်တော်တို့ စုစည်းလို့ ရတဲ့အချိန် သူငယ်ချင်းတွေ အနေနဲ့ တွေ့ကြတယ်။ အမှန်တကယ်က ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ များနေတယ်။ အခုထွက်မယ့် တတိယစီးရီးကလည်း နောက်ဆုံးအခွေ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့ သူငယ်ချင်းအနေနဲ့ ဆက်ပြီး ရှိနေဦး မှာပါ။

သက်အောင်က စင်ကာပူကို သွားသလို ထွန်းထွန်းက သရုပ်ဆောင်ဘက် အာရုံစိုက်တယ်။ အဲဒါကြောင့် ဖြိုးမောင်ကလည်း ဟိုတယ်လုပ်ငန်းဘက်ကို ဦးစားပေး လုပ်ဖြစ်သွားတာလား။

ဖြိုးမောင်။ ။ သူများနိုင်ငံက အဆိုတော်တွေက အောင်မြင်ရင် ထိုက်သင့်တဲ့ ၀မ်းစာ၊ အသက်မွေးဝမ်းကျောင်း လုပ်လို့ရတဲ့ ငွေကြေး ရတယ်။ ဘယ်သူမဆို လူရယ်လို့ ဖြစ်လာပြီဆိုရင် ပိုက်ဆံ ရှာရတာပဲ။ ပိုက်ဆံရတဲ့အလုပ် လူတိုင်း လုပ်နေရတာပဲ။ ကျွန်တော်တို့မှာက ကိုယ် ၀ါသနာပါတဲ့ အလုပ်နဲ့ ပိုက်ဆံရှာလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ သူများတွေက ဘယ်လို ထင်လဲတော့ မသိဘူး။ ကျွန်တော်ကတော့ အဲဒီလို ထင်တယ်။ ကျွန်တော်တို့ရှေ့က အဆိုတော်ကြီးတွေကလည်း ရှင်းရှင်းပြောရရင် သူဋ္ဌေး မဖြစ်ဘူး။ ကျွန်တော်က အဲဒါကို စိတ်မကောင်း ဖြစ်တာ။ တခြားနိုင်ငံတွေမှာ ဘာပဲလုပ်လုပ် ကိုယ်ဝါသနာပါတဲ့ Dance ပဲဖြစ်ဖြစ်၊ Singer ပဲ ဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်လို့ ရတယ်။ ကျွန်တော်တို့တွေ သီချင်းဆိုလို့ အတိုင်းအတာတခုထိ ထိုက်သင့်သလောက် ရမယ်ဆိုရင် ဘာအလုပ်မှ မလုပ်တော့ဘူး။ သီချင်းပဲ ဆိုမှာ။ အဲဒီတော့ ကိုယ့်လမ်းကြောင်း ကိုယ် ရွေးတယ်။ သီချင်းဆိုရင် ပို ဆိုးသွားမယ်။ မိဘအလုပ်အကိုင်လည်း ရှိတော့ ကူညီရင်း ပိုက်ဆံရှာတယ်။ အနုပညာဆိုရင် ကျွန်တော် အရမ်း ရူးတယ်။ စန္ဒရားတီးတာ ၀ါသနာပါတယ်။ တခြားနိုင်ငံမှာဆိုရင် တကယ့် စန္ဒရားသမားတွေဆို ပိုက်ဆံ အများကြီး ရတယ်။

CMP ၁၀ နှစ်ပြည့် Live Show မှာကတည်းက ဖြိုးမောင် မပါခဲ့တာနော်။ အဲဒီအချိန်ကတည်းက အနုပညာဘက် ဦးစား မပေးတော့ဖို့ ဆုံးဖြတ်ထားတာပေါ့။

အဲဒီအချိန်က ဆုံးဖြတ်တယ်ဆိုတာကလည်း အသက်အရွယ်အရ ပါ။ အခုအချိန်မှ ပညာသင်လို့လည်း ဦးဏှောက်က မရတော့ဘူး။ ကျောင်းသွားတက်မှပဲ မျက်စိအမြင် ပိုပြီး ပွင့်ခဲ့တာပါ။ ဒီမှာနေရင် ဘာမှ မသိခဲ့ဘူး။

ကျန်တဲ့ သုံးယောက်ကလည်း လမ်းတစ်ခုစီမှာ လျှောက်နေပြီ ဆိုတော့ ထူးကျော်ကလည်း စီးပွားရေးဘက်ကို လှည့်လိုက်တာပဲပေါ့။

သီချင်းဆိုတာနဲ့ စားလို့မှ မရတာ။ အလုပ်တော့ လုပ်ရမှာပေါ့။ မိသားစု စားဖို့ အတွက်က လုပ်မှ ရမှာပေါ့။

Examplez အဖွဲ့ စဖွဲ့တုန်းက သီချင်းတွေ အတူတူ ဆိုကြမယ်။ ဂီတအလုပ်တွေ လုပ်မယ်ဆိုပြီး ဖွဲ့ခဲ့ကြတာ မဟုတ်ဘူးလား။ အခုတော့ အဲဒီ ရည်ရွယ်ချက်တွေ မရှိတော့ဘူးပေါ့။

သက်အောင်။ ။ ကြိုက်တဲ့သူကို မေးလို့ရတယ်။ ကျွန်တော်တို့ လေးယောက်ထဲမှာ အနုပညာ ၀မ်းစာ အပြည့်ဆုံးက ထွန်းထွန်း ပဲ။ ကျွန်တော်တို့ဆီမှာ အနုပညာဝမ်းစာ အဲဒီလောက် မရှိဘူး။ ၀ါသနာ ပါတယ်၊ လုပ်ချင်စိတ် ရှိတယ်။ ထွန်းထွန်းက ပိုး ရှိတယ်။ ကျွန်တော်တို့ဆီမှာက ပါရမီ မပါဘူး ပေါ့နော်။ စဖွဲ့တုန်းက ရည်ရွယ်ချက်က ကျွန်တော်တို့ လုပ်ချင်တာပဲ ရှိတယ်။

ဘာမှ မတတ်ဘူး။ အဲဒီအချိန်မှာ အားအကျဆုံးက ကိုမျိုးကျော့မြိုင်၊ Acid, သူငယ်ချင်းတွေနဲ့ နီးစပ်ရာတွေ အကြောင်းပြုပြီး Teens အဖွဲ့နဲ့ ဆက်သွယ်မိတယ်။ အဲဒီအဖွဲ့မှာ ကိုဟဲလေး ပါတယ်။ လုပ်ချင်တာပဲ သိတယ်။ အခွေထွက်ရင် ပြီးရော၊ ဥပမာပြောရရင် တုန်းက တိပ်ပဲ ထွက်တယ်၊ စီဒီတောင် မထွက်ဘူး။ နောက်ပိုင်းမှာမှ ပွဲစီစဉ်သူ တယောက်က တမ်းတခြင်းမှာ ဆိုဖို့ လာခေါ်တယ်။ နောက်ပြီး လသာတေးသံသွင်းက ကိုအံ့ကူက လာခေါ်တယ်။ အဓိက ကတော့ ကျွန်တော်တို့ စန်းကြောင့် ပရိသတ်က လက်ခံခဲ့တယ်။ ၀ါသနာပါလို့ လုပ်ခဲ့တယ်။

ဖြိုးမောင်။ ။ ၀ါသနာ အရဆိုမယ်ဆိုပြီး အဖွဲ့နာမည် ပေးဖွဲ့ခဲ့ကြတာ။ အဲဒီလို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ကိုယ်လုပ်လိုက်တဲ့ဟာ ကိုယ့်ဘာသာ ကြိုက်နေတယ်။ အဲဒီတော့ ဆက် လုပ်တာပေါ့။ အခြေအနေနဲ့ အခွင့်အလမ်းနဲ့ ကြုံသွား၊ တိုက်ဆိုင်သွားတယ်။ ၀ါသနာတွေ တူသွားတော့ လုပ်ဖြစ်သွား ကြတယ်။ သက်အောင်ရဲ့ မိဘတွေက အားပေးပေမဲ့ ကျွန်တော့် မိဘတွေက အားမပေးဘူး။ အိုအေစစ်မှာ ညပိုင်း အသံသွင်းတာဆိုတော့ ခိုးထွက်ရတယ်။ အိမ်က အခွေထွက်မှ သိတာ။ ၀ါသနာအရ ခိုးလုပ်ကြတာ။ အခုအချိန်မှ ဆိုရင်တော့ ခိုးမလုပ်ကြဘူး။

ထူးကျော်။ ။ ကျွန်တော်တို့က ပိုက်ဆံရပါစေ ဆိုပြီး လုပ်တာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူတွေဆိုတော့ ပျော်ပျော်ပါးပါး လုပ်ကြတာ။ မှတ်မှတ်ရရဆိုရင် မုန့်ဖိုးတွေ စုပြီး Studio မှာ အသံသွင်းဖို့ အခွေ သွား ၀ယ်တယ်။ ၀ယ်ပြီး ပြန်လာတော့ ပိုက်ဆံ ၁၅၀ ပိုတယ်။ ကျွန်တော်နဲ့ ထွန်းထွန်း နှစ်ယောက်က ခေါက်ဆွဲသုပ် တပွဲကို နှစ်ယောက် စားတယ်။ ပြီးတော့ ဖာလူဒါ သောက်တယ်။ ပြန်စရာစရိတ် မရှိတော့ ဘတ်စ်ကား ခိုးစီးပြီး ပြန်တယ်။ အဲဒီလိုလုပ်ပြီး အောင်မြင်ပါစေ လုပ်တာ မဟုတ်ဘူး။ ဒုက္ခခံရတာတွေတော့ အကျိုး ခံစား ရတာပေါ့။ အောင်မြင်တယ်လို့ ပြောပေမဲ့ ငွေရေး ကြေးရေးအရ မရတာတွေ အများကြီး ပါပဲ။

ထွန်းထွန်း။ ။ ကျွန်တော်က ဘောလုံးကန်တုန်းကလည်း ကန်တတ်ရုံနဲ့ မကျေနပ်ဘူး။ ကန်တတ်ရုံထက် သာရမယ်။ အဲဒီလိုပဲ ဂစ်တာတီးပြီ ဆိုရင်လည်း ဒီ တပုဒ်ကို ရအောင် တီးနိုင်ရမယ်။ သီချင်းဆိုတော့လည်း ကျွန်တော်တို့က ဂီတမျိုးရိုးရှိတဲ့သူတွေဆိုတော့ မျက်နှာ အိုးမည်းသုတ်မယ့် အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး။ ကျွန်တော်က တခုခုဆို တဆုံးအထိ သွားတယ်။ ဘယ်တော့မှ လှည့်ပြန် မလာဘူး။

Examplez အဖွဲ့ရဲ့ တတိယ စီးရီး လုပ်လက်စလည်းရှိတော့ ဘယ်တော့ ထွက်နိုင်ကြမလဲ။

ထွန်းထွန်း။ ။ အချိန်ပေးပြီး တကယ်လုပ်မယ်ဆိုရင် ကျွန်တော့်စိတ်ထင် သင်္ကြန်ပြီးပြီးချင်း ထွက်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကြားထဲမှာ လုပ်စရာက ကျွန်တော့် တကိုယ်တော်ခွေပဲ ရှိတယ်။ ဘာမှ မရှိဘူး။

ထူးကျော်။ ။ သုံးယောက်စလုံး သေချာ ပြန်တိုင်ပင်ပြီး လုပ်မယ်။ သေချာတာက ၂၀၁၂ ထဲမှာတော့ ထွက်မယ်။

သက်အောင်။ ။ ကျွန်တော်က ဘယ်တော့ ထွက်မလဲ ဆိုတာ မမျှော်လင့်တော့ဘူး။ တချိန်ချိန်တော့ ထွက်ကို ထွက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် စင်ကာပူ မသွားခင်က သီချင်းတွေ အချော ဆိုခဲ့တာ။ ဒီအတိုင်းက ဒီအတိုင်းပဲ ရှိနေသေးတာဆိုတော့ လုပ်ချင်စိတ်ရှိရင် ကိုယ်တိုင်က စုစုစည်းစည်း ရှိရင် ဖြစ်ပါတယ်။ အဓိကက ဘယ်သူ့ ဘယ်သူမှ အချိန် မပေးနိုင်ကြတာ။ အဓိကက ကျွန်တော်တို့အတွက် Organizer တယောက် လိုတယ်။ Arrangement လုပ်ပေးမယ့် သူတယောက် ကျွန်တော်တို့ကြားမှာ လိုတယ်။ ကျွန်တော်တို့အချင်းချင်းကလည်း ဖြစ်ချင်တာတွေ များနေတယ်။ ပရိသတ်ကို ကောင်းကောင်းလေးလည်း ပေးချင်တယ်။

ဖြိုးမောင်။ ။ ၂၀၁၂ ထဲမှာ ထွက်ဖြစ်မယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ လည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ပထမ ရည်ရွယ်ထားတာက တတိယအခွေအတွက် သီချင်း ၁၂ ပုဒ်။ ဒါပေမဲ့ အခု ပြန်ရွေးလိုက်ရင် ၆ ပုဒ်လောက် ပေါ့။ ကျွန်တော် တကိုယ်တော် ထွက်မယ်ဆိုပြီး သီချင်းတွေ လုပ်ထားတာ ရှိတယ်။ အဲဒါနဲ့ ပေါင်းပြီး ထွက်ဖို့ စီစဉ်လိုက်ရင် မြန်မြန် ထွက်သွားလိမ့်မယ်။ သက်အောင်က တယောက်ကို သီချင်းသစ် နှစ်ပုဒ်စီ ထပ်လုပ်ပြီး ရှိတဲ့ သီချင်းတွေနဲ့ ပေါင်းလုပ် တဲ့။ အဲဒီ အစီအစဉ်လည်း ကောင်းတယ်။ ဒါပေမဲ့ အချိန်တွေ အများကြီး ယူရမယ်။ ၂၀၁၂ ထဲမှာတော့ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲ မသိတာ။ ထွက်တော့ ထွက်လာမယ်။

Examplez အဖွဲ့အတွက် တတိယ စီးရီးက နောက်ဆုံး အခွေလား။

ဖြိုးမောင်။ ။ နောက်ဆုံးလို့ ပြောလို့ မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မသေသေး လို့ပါ။ သေမှသာ နောက်ဆုံးဖြစ်မှာ။ အသက်ကြီးမှ ပြန်ဆိုချင်လည်း ပြန်ဆိုမှာပေါ့။ နောက်ဆုံးဆိုတာတော့ ဘယ်တော့မှ မရှိဘူး။ စီးရီးထွက်ဖို့ကတော့ လောလောဆယ် မရှိကြသေးတာပေါ့။

ထွန်းထွန်း။ ။ ငယ်ငယ်တုန်းကလို အချိန်တွေနဲ့ ငယ်ငယ်တုန်းကလို ဘာမှ မသိတဲ့ စိတ်တွေ ပြန်ရဖို့ ခက်တယ်။ ဖြိုးမောင်ဆို စင်ကာပူမှာ သုံးလ ကျောင်းသွားတက်တယ်။ ကျွန်တော်တို့ သုံးယောက် ကျန်ခဲ့တယ်။ ဖြိုးမောင် ပြန်လာတယ်။ သူ စီးပွားရေးတွေ လုပ်နေတယ်။ ကျွန်တော်က ရုပ်ရှင်၊ ဗီဒီယိုတွေ ရိုက်ပြီး ကျင်လည်နေတယ်။ ထူးကျော် မိန်းမယူတယ်။ သုံးနှစ်လောက် ပျောက်သွားတယ်။ သက်အောင် နိုင်ငံခြား ရောက်နေတယ်။ သေချာတာတခုက ကျွန်တော် ဒီအထဲမှာ တော်တော်လေး ကျင်လည်နေတာ။ ကျွန်တော်ကတော့ ကျွန်တော့်ဘာသာ လုပ်နေမှာပဲ။ ကျွန်တော် လုပ်ချင်တဲ့ အထဲမှာ Examplez ပါနေတယ်။ အသက်တွေ ကြီးလာတာနဲ့ အမျှ သီချင်းကြိုက်တဲ့ ပုံစံတွေ ကွဲသွားတယ်။ သက်အောင်ကြိုက်တဲ့ သီချင်းပုံစံ၊ ထူးကျော်၊ ဖြိုးမောင်ကြိုက်တဲ့ ပုံစံတွေ ကွဲသွားတယ်။ အဲဒါတွေ ညှိစရာ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေကလည်း အရမ်း ပုံကြီးချဲ့စရာ မလိုဘူး။ အရင်တုန်းက ကျွန်တော်တို့ တယောက်ကိုတယောက် အပြစ်မတင်ကြဘူး။ အပြစ်တင်တာ အရမ်း နည်းတယ်။ အပြစ်တွေ ဘာလို့ တင်ကြလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်လုပ်ထားတဲ့ အပြစ် လူတွေမြင်မှာစိုးလို့ လူတဖက်သားကို အပြစ်တင်ဖို့ ၀န်မလေးဘူး။ အဲဒီ ပြဿနာက စ,တယ်လို့ ထင်တယ်။ ထူးကျော် အဆင်မပြေတဲ့ ကိစ္စတခုကို ဒီကောင်က အလုပ်လည်း မလုပ်ဘူးလို့ ပြောနေမယ့်အစား တခုခုကောင်းသွားအောင် သူ ဘာများ အဆင်မပြေ ဖြစ်နေမလဲ တွေးပေးရမှာ၊ ကျွန်တော်တို့ရဲ့ ဒီလောက က ကြမ်းတယ်။ အတက်အကျ ပေါ့။ အဲဒီ အတက်အကျ ဒဏ်တွေကို လှိမ့်ခံရတယ်။ ကျွန်တော်က ဒီအထဲမှာ အကြာဆုံး နေရတော့ ပို သိတယ်။ သူတို့ကို အဲဒီလို မဖြစ်စေချင်ဘူး။ လုပ်မယ်ဆိုလည်း ကိုယ့်ဘက်က သေချာမှ လုပ်စေချင်တယ်။ သူတို့လည်း အသက်ကြီးနေပြီ၊ ကိုယ့်စီးပွားနဲ့ ကိုယ်ဖြစ်နေတော့ ထိုင်နေကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဖြစ်နေမယ်။ ထလိုက်မှ သူတို့ကို ဘာမှ မဖြစ်စေချင်ဘူး။

ထူးကျော်။ ။ Examplez ဆိုတာ မသေမချင်း ရှိနေမှာပါ။ ကျွန်တော်တို့ လေးယောက်စလုံးက ငယ်ငယ်ကတည်းက ပေါင်းလာတာ ဆိုတော့ တယောက်အကြောင်း တယောက်က မပြောဘဲနဲ့ သိနေတယ်။ ဒီတခွေ ပြီးတော့မှပဲ နောက် ဘာ ဆက်လုပ်မလဲ ဆိုတာ ကျွန်တော်တို့ စဉ်းစားကြမှာပေါ့။ ဒီတခွေကို ကြည့် ကြည့် လိုက် ဦးမယ်ပေါ့။

သက်အောင်။ ။ “ကျွန်တော်ကတော့ လုပ်နိုင်တဲ့အင်အား ရှိပါစေလို့ ဆုတောင်းပါတယ်။ အချိန် ပေးနိုင်ပြီး လုပ်ချင်တဲ့စိတ်၊ အဓိက လိုအပ်တာက လုပ်ချင်တဲ့ စိတ်ရယ်၊ လုပ်ဖို့ပေးမယ့် အချိန်၊ စုစုစည်းစည်း လုပ်ပေးမယ့် Organizer တယောက် အဲဒီ သုံးခု ရှိရင် ဒီတခွေမှ မဟုတ်ဘူး။ နောက်ထပ် အခွေပေါင်းများစွာလည်း ထွက်လာမယ်။ သေချာတာ တခုက ကျွန်တော်တို့ လေးယောက် သီချင်း မဆိုဖြစ်ပေမဲ့ တွေ့နေကြမှာပဲ” လို့ Examplez အဖွဲ့သားတွေက ပွင့်ပွင့်လင်းလင်း ဖြေပေးကြပါတယ်။ မျက်နှာစုံညီစွာနဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ဖြေကြားပေးကြတဲ့ Examplez အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်။

ရွှေအမြုတေ ဓာတ်ပုံ ရိုက်ကူးမှုမှာ ဓာတ်ပုံကိုလင်း (Studio-K) က ကူညီပေးခဲ့တာပါ။ ရိုက်ကူးရေးနေရာကိုတော့ ဖြိုးမောင်က ဟိုတယ် ရွှေဂုံတိုင်မှာ ရှိတဲ့ မိုနာလီဇာ ကော်ဖီဆိုင်မှာ စီစဉ်ပေးခဲ့တာကြောင့် ပါဝင်ကူညီကြသူအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။
Examplez (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

Examplez (Shwe Amyutay Magazine - 2012)

၂၀၁၂၊ ဖေဖေါ်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း မှ

ဂီတ - Examplez ထွန်းထွန်း ဖိုးမောင် သက်အောင် ထူးကျော် - Feb 14 2012 12:36 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005