မြန်မာလူငယ်များအတွက် ဦးအောင်သင်းရဲ့ ပြောစကား

စင်ကာပူနိုင်ငံတွင် ၂၀၁၁ ဧပြီ ၂၄ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မြန်မာစာပေဟောပြောပွဲကို တက်ရောက် ဟောပြောခဲ့တဲ့ မြန်မာစာရေးဆရာကြီး ဦးအောင်သင်းနဲ့ ယနေ့မြန်မာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ၂၀၁၁ ဧပြီ ၂၈ ရက်နေ့က စကားပြောခွင့် ရခဲ့ကြပါတယ်။ စင်ကာပူက တတိယအကြိမ် မြန်မာစာပေဟောပြောပွဲကို ပရိသတ် ခုနှစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး ခုနှစ်နာရီကြာအောင် မနားတမ်း ကျင်းပခဲ့ကြောင်း၊ ပရိသတ်ကို စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံခဲ့ပြီး အထူး စည်ကား သိုက်မြိုက်ကြောင်း စင်ကာပူ အခြေစိုက် Thazin Singapore Success Magazine မှ ဦးကောင်းမြတ်နွယ်က ယနေ့မြန်မာကို ပြောပြပါတယ်။ ဦးအောင်သင်းနဲ့ မေးမြန်းခြင်း အစီအစဉ်မှာ တတိယအကြိမ်မြောက် စင်ကာပူ မြန်မာစာပေဟောပြောပွဲ အတွေ့အကြုံနဲ့ မြန်မာလူငယ်များအတွက် ပြောစကားများကို စာရေးဆရာကြီး ဦးအောင်သင်းက မိန့်ကြားသွားခဲ့ပါတယ်။ အခုလို ဦးအောင်သင်းအား မေးမြန်းနိုင်အောင် စီစဉ်ပေးတဲ့ Thazin Singapore Success Magazine မှ ဦးကောင်းမြတ်နွယ်နဲ့ အချိန်ပေး ဖြေကြားပေးသူ ဆရာ ဦးအောင်သင်းအား ယနေ့မြန်မာအဖွဲ့က အထူး ကျေးဇူးတင်ရှိပါကြောင်း။