Air Force One ၊ မန္တလေးနှင့် Dayton တက္ကသိုလ် (၂)
Myo Myint Cho @ National Museum of United States Air Force

ချက်ခြင်းပင် ဒီ (The Mandalay Banquet and Catering, Co.) အကြောင်း အွန်လိုင်းတွင် ရှာကြည့်မိ၏။ သူတို့ ဝက်ဘ်ဆိုက် (http://www.mandalaycatering.com/) တွင် ရှာကြည့်တော့လည်း ထိုကုမ္ဗဏီနှင့်စပ်၍ နောက်ခံအကြောင်းအရာ များများစားစား မတွေ့ရ။ ကျနော်သိချင်တာတွေက ဒီကုမ္ဗဏီကို ဘယ်သူက၊ ဘယ်တုန်းက ဘယ်လို စ၊ ဘာလို့ မန္တလေးဆိုသည့် အမည်ကိုမှ တခုတ်တရ ရွေးခဲ့ရ၊ စတာမျိုးတွေ ဖြစ်၏။ သို့သော်မတွေ့။ အခြား ကြော်ငြာဝန်ဆောင်မှုဝက်ဘ်ဆိုက်များတွင်လည်း မတွေ့ရ ပြန်။ တွေ့ရသည်က နေရာညွှန်းလိပ်စာ၊ ပေးသည့် ဝန်ဆောင်မှု၊ ယူမည့် ငွေပမာဏ၊ နံမည်ကြီးတချို့၏ ဝန်ဆောင်မှုကောင်းကြောင်း ပေးထားသည့် မှတ်ချက်တချို့၊ စသည်တို့သာ။ ကုမ္ဗဏီ၏ လုပ်ငန်းသဘောကို ပြောရလျှင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာရေး (မင်္ဂလာဆောင်၊ စေ့စပ်ပွဲ) စသည့် လူကုံတန် တည်ခင်းဧည့်ခံပွဲကြီးများအား အခမ်းအနားအလိုက် ကိုက်ညီမည့်အနေအထားဖြင့် ဝှဲချီးကျင်းပပေးရန်သာ ဖြစ်၏။ ဤတွင် သည် မန္တလေးနှင့်စပ်၍ သိလိုစိတ်ကို ဘေးချထားလိုက်ရတော့၏။ သို့သော် မန္တလေးအမည်ကို အမေရိကန်ရနံ့နှင့် တွဲပြီးရသည်ကတော့ ထူးခြားသည် ထင်၏။ အင်္ဂလန်မှာဆိုလျှင်တောင် ဒီလောက် ထူးခြားမှာမဟုတ်ဟုလည်း တွေးမိပြန်၏။ အမေရိကန်တွေထက် ဗြိတိသျှတွေက မြန်မာ့အကြောင်းကို ပိုပြီး စီးစီးပိုးပိုးနှင့် လက်ပွန်းတတည်း ရှိခဲ့ဖူး၏။ ဒါတင်မက အင်္ဂလန်က ပြတိုက်ကြီးတွေမှာက မြန်မာ့သမိုင်းဝင်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ ထီးသုံးနန်းသုံးထည်များလည်း ရှိသေး၏။ သီပေါမင်း ဖင်နွေးအောင်ပင် မထိုင်လိုက်ရသည့် သီဟာသနပလ္လင်တောင် မနည်း ပြန်တောင်းမှ ရခဲ့သည် မဟုတ်လား။ စုလစ်မွန်းချွန်၊ ကျုံး၊ ပြဿဒ်၊ မြို့ရိုးနှင့် ထီးကျိုးစည်ပေါက်ခဲ့သည့် မန္တလေး၊ အချုပ်တန်းဆရာဖေ၊ နန်းရှေ့တင်၊ မြို့မငြိမ်းနှင့် ငွေငန်းဖြူ၊ ရွှေခြေကျဉ်း၊ ဈေးချိုတော်နှင့် ကျနော် ကျနော်နဲ့ပြောတဲ့ မြို့သူတွေရဲ့ မန္တလေး၊ ယခင်က နန်းဆန်ဆန် နန်းဟန်နှင့် မူပိုခဲ့ရာ မန္တလေး။ ခုတော့ ဂန္ဓာလရာဇ်တို့၏ ဘုံရိပ်သာဆန်ဆန် မန္တလေး။ အတွေးတွေက မန္တလေးမှ အဝေးပြေး အမြန်လမ်းမကြီး I-75 ပေါ် ပြန် ရောက်လာ၏။

သည်လိုနှင့် နာရီဝက်သာသာ မောင်းလာခဲ့ကြပြီးနောက် Ohio လေတပ်အခြေစိုက်စခန်း ပင်မဂိတ်ကြီးသို့ ရောက်လာ၏။ လုံခြုံရေးတာဝန်ရှိသူတွေက မှတ်ပုံတင်တို့ဘာတို့ တောင်းယူကြည့်ပြီးနောက် ပြတိုက်ကြီးရှိရာ လမ်းညွှန်ပေးလိုက်သဖြင့် ဆက်မောင်းလာရင်း (National Museum of United States Air Force) ကို ရောက်လာ၏။ ပြတိုက်ဝင်းကြီး၏အဝင်ဂိတ်က ဖွင့်ရက်သား။ လုံခြုံရေးဝန်ထမ်း မရှိ။ ဝင်ကြေး မရှိ။ အစစ်အဆေး မရှိ။ တံခါးမရှိ ဓါးမရှိ ဟု ဆိုရမည်လား မပြောတတ်။ ကားပေါ်က ဆင်းဆင်းခြင်း ရှေ့တည့်တည့်ပလက်ဖေါင်းပေါ်က ကျောက်သားထိုင်ခုံလေးတွင် ထွင်းထားသည့် စာများဆီသို့ မျက်စေ့ရောက်သွား၏။ စာသားက (20TH TAC RECON SQDN 1942 - CHINA - BURMA - INDIA 1992) ဆိုပါလား။ ဘာပါလိမ့်ဆိုပြီး သိချင်လာပြန်၏။ အထဲရောက်ရင်တော့ မေးမြန်းကြည့်ဦးမှဟု တွေးမိသော်လည်း မေးမလာ ဖြစ်ခဲ့။ ကြည့်စရာနှင့် သိစရာတွေ များပြီး မေ့သွားခြင်း ပင်။ ပြတိုက်ဧည့်ကြိုနေရာရောက်တော့ မှတ်ပုံတင် ပြ၊ ဧည့်မှတ်တမ်းလက်မှတ် ထိုးနေတုန်း အနောက်တိုင်းဝတ်စုံ သပ်သပ်ရပ်ရပ်နှင့် ရင်ဘတ်တွင် လေတပ်တံဆိပ်များ တပ်ထားသည့် အသက် ၆၀ ခန့် ပုဂ္ဂိုလ်တဦးက အနားလာကာ ဖော်ဖော်ရွေရွေဖြင့် "Sir, how are you doing ?" "You are welcome" တွေ ဘာတွေနှင့် နှုတ်ဆက်ရင်း ကျနော့်ရင်ဘတ်ကိုလည်း ကြည့်၏။ ဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ပြန် သတိထားမိ၏။ ကျနော် ထိုနေ့က အပေါ်ဝတ်အနွေးထည်သဘော ဝတ်သွားသည်က အမေရိကန်လေတပ် (U.S. Air Force) ပြောက်ကျား စစ်ဂျက်ကက်။ လက်မောင်းမှာက အရစ် သုံးရစ်နှင့်။ သူက ကျနော့်ကို အမေရိကန်လေတပ်မှ တပ်ထွက်ဟုထင်ပြီး တရင်းတနှီး နှုတ်ဆက်ခြင်း ပင်။ ချက်ခြင်း ပြန်၍ "ကျနော် အမေရိကန်လေတပ်က တပ်ထွက် မဟုတ်ကြောင်း၊ သည်ဂျက်ကက်ကို အမှတ်မထင် ဝတ်လာဖြစ်ခဲ့ကြောင်း၊ ဗမာ့တပ်မတော် စစ်အင်္ဂျင်နီယာတပ်မှ တပ်ထွက်ဖြစ်ကြောင်း၊ ရှေ့တန်းတွင် ဒဏ်ရာရခဲ့တာဖြစ်ကြောင်း၊ အမေရိကားသို့ နိုင်ငံရေးဒုက္ခသည်အဖြစ် လွန်ခဲ့သည့် ၄ နှစ်ခန့်က ရောက်လာသူဖြစ်ကြောင်း တွေ” တသီကြီး ရှင်းပြရ၏။ စိတ်ထဲတွင်လည်း သည်ဂျက်ကက် ဝတ်လာမိတာကို ရှက်ကိုးရှက်ကန်း ဖြစ်မိ၏။ ကျနော် ကမန်းကတမ်း ပြန် ရှင်းပြနေတာတွေ နားထောင်ရင်း ဇနီးသည်က ပြုံးစေ့စေ့ လုပ်နေ၏။ ထိုပုဂ္ဂိုလ်က "ဘာပဲဖြစ်ဖြစ် ဘယ်နိုင်ငံက စစ်သားဖြစ်ဖြစ် ပါ၊ စစ်သားဟောင်းချင်း ခုလို မထင်မှတ်ပဲ တွေ့ဆုံရလို့ ဝမ်းသာကြောင်း” ဖက်လှဲတကင်း ဆို၏။ နောက်တော့ ပြတိုက်ထဲ လှည့်ပတ်ကြည့်ရန် လျှပ်စစ်ဘီးတပ်ကုလား ထိုင်လိုမလားဟု မေး၏။ ဒီက ပြတိုက်တိုင်းတွင် မသန်မစွမ်းသူတွေအတွက် ထိုအတိုင်း စီစဉ်ထားကြသည်ချည်းသာ ဖြစ်၏။ ဇနီးက ကိုယ်လက်လေ့ကျင့်ခန်း အညောင်းပြေအညာပြေသဘောမို့ လက်တွန်းဘီးတပ် ကုလားထိုင်သာ ယူမည်ဖြစ်ကြောင်း ပြောတော့ သူတို့က ပြုံးကြပြန်၏။ သို့ဖြင့် ကျနော်တို့ လှည့်ပတ်ကြည့်ကြ၏။

ပြတိုက်ဆိုသော်လည်း ဒီ ပြတိုက်က ထူးခြား၏။ နေရာတကာ မှန်တွေ ဘာတွေ ကာ ထား၊ ဖုံးထားတာ မရှိ။ နေရာ အချို့လောက်ကိုသာ "မထိရ၊ မကိုင်ရ" ရေးထားသော်လည်း အများစုကို ကိုင်ကြည့် ထိကြည့်လို့ ရ၏။ ဓါတ်ပုံ မရိုက်ရ နေရာ မရှိ။ နေရာတိုင်းတွင် ဓါတ်ပုံရိုက်လို့ ရ၏။ အခြားပြတိုက်ကြီးတွေလို အထပ်အမြင့်ကြီးတွေနှင့် ဓါတ်လှေကားတွေဖြင့် တက်ရ ဆင်းရတာ မရှိ။ ပေါင်မုန့်ရှည်ကြီးတွေလို ခတ်ခုံးခုံး မြေစိုက်လေယာဉ်ရုံ အကြီးစားကြီးတွေသာ ဖြစ်၏။ အဆောက်အဦးတွေက အတော့်ကို ကြီး၏။ ကြမ်းပြင်ပေါ်တွင် ဧရာမ ဗုံးကြဲလေယာဉ်အစစ်ကြီးတွေ ဆယ့်လေးငါးစင်း ချ ပြထားရုံမက ခေါင်မိုးမှနေ၍ သံမဏိကြိုးတွေနှင့် လေယာဉ်အကြီးအသေးတွေ တို့လို့တွဲလောင်း ချိတ်ထားသေး၏။ ခေါင်းပေါ်က တယောက်စီး နှစ်ယောက်စီး ကင်းထောက်၊ ဗုံးကြဲ၊ စက်သေနတ်တင်လေယာဉ်လေးတွေ အပြင်၊ အခြား ဘာမှန်းမသိသည့် လေယာဉ်လေးတွေကို မြင်တော့ အခုနေများ ပြုတ်ကျလို့ကတော့ ပြဿနာဆိုပြီး ကြံဖန်တွေးမိသေး၏။ အောက်က လေယာဉ်ကြီးတွေနှင့် ယှဉ်တော့ အဲဒါလေးတွေက အရုပ်ကလေးတွေလိုပင် ချစ်စရာကောင်းနေသေးသလို။ နေရာတိုင်းတွင် လေတပ်စစ်သည်ဟောင်းတွေက မေးလာလျှင် ရှင်းပြရန် အသင့်ရှိနေ၏။ ရှင်းပြပေးဖို့လိုမလားဟုလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် မေး၏။ လိုသည့်အခါ ကျနော်တို့လည်း မေး၏။ စိတ်ရှည်လက်ရှည် ရှင်းပြပေး၏။

ဤပြတိုက်တွင် ကျနော် အဓိက ထားကြည့်ချင်သည်များတွင် နာဂါဆားကီးပေါ် အနုမြူဗုံးကြဲချခဲ့သည့် B - 29 လေယာဉ်ကြီးလည်း ပါ၏။ တနေရာရောက်တော့ တွေ့ရ၏။ လေယာဉ်အစစ်ကြီးသာမက ကြဲချခဲ့သည့် Fat Man Atomic ဗုံး (အရွယ်အစား အတိအကျအတိုင်း သရုပ်ပြဗုံး) ပါ ချပြထားသေး၏။ ဓါတ်ပုံရိုက်ယူ၊ ကပ်ထားသည့်စာတွေ လိုက်ဖတ်ရင်း စိတ်က အနုမြူဗုံးဒဏ်ခံ ဂျပန်ပြည်သူတွေဆီရောက်ကာ စိတ် ထိခိုက်မိ၏။ ဖက်ဆစ်စနစ် ကျင့်သုံးပြီး ကမ္ဘာမြေကို ဗိုလ်ကျကြ၊ ဝေစုခွဲကြသူချင်းအတူတူ သည်ဗုံးတွေက ဂျာမနီပေါ် မကျပဲ၊ ဂျပန်ပေါ်မှ ရွေးကျခဲ့၏။ ဒီဗုံးတွေကြောင့် ဂျပန်ဖက်ဆစ် ဘယ်နှစ်ယောက် ဘာဖြစ်ခဲ့သလဲတော့မသိ၊ ဂျပန်ပြည်သူတွေကတော့ ကျောကော့အောင် ခံလိုက်ရ၏။ မချိမဆန့်။ သေသူတွေ သေခဲ့သလို၊ ရှင်ကျန်သူတွေထဲမှာ အနုမြူဆိပ်သင့်သည့် ဒဏ်က ယခုတိုင် အကင်းမသေနိုင်သေး။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဗမာပြည်အပါအဝင် ကမ္ဘာတလွှားက အနုမြူဗုံး ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း ပြန် ကြားယောင်မိ၏။ ဆန့်ကျင်သူက ဆန့်ကျင်နေသည့်တိုင် သူ့ထက်ငါ အပြိုင်အဆိုင် အလုအယက် အနုမြူလက်နက်တွေ တိုးထုတ်သူက ထုတ်၏။ ပိုင်ပြီးသူကလည်း မပိုင်သေးသည့်သူတွေ ပိုင်မလာအောင် နည်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံသုံးကာ နှိပ်ကွပ်၏။ နှိပ်ကွပ်လို့ မရသည့်အဆုံး ပိုင်လာရင်တော့ အိုးစားတူက အနုမြူလက်နက် မပြန့်ပွားရေးစာချုပ်နှင့် ဆွဲစေ့ရ၏။ စေ့မရလျှင် ရန်ရှာ၏။ မပိုင်စေလိုသူတို့အား ပိုင်မရအောင် လုပ်သည့်ကြားက ပိုင်သူတို့ ပိုင်သွားကြ၏။ သည်တော့ ချော့လိုက်ခြောက်လိုက်တွေ လုပ်ကြပြန်၏။ ကိုယ်နှင့် အလွမ်းသင့်သူကျတော့ ထိုလက်နက်တွေကို လက်သိပ်ထိုးပင် ပေးထားလိုက်သေး၏။ တခါ ဆိုဗီယက်ယူနီယံကြီး ပြိုကျသွားတော့ အနုမြူပစ္စည်းနှင့် နည်းပညာတွေ ပြန့်ကျဲကုန်၏။ ထိန်းလို့ရသလောက် ထိန်းနိုင်သော်လည်း စုပ်စမြုတ်စ ပျောက်သွားတာတွေကလည်း မနည်းလှ။ ဘယ်သူတွေလက်ထဲ ရောက်လို့ ဘာတွေဖြစ်လာဦးမည်ကလဲ ဘယ်သူမှ မပြောနိုင်။ လက်ဆွဲအိပ်ထဲ ထည့်သယ်နိုင်သည့်အရွယ် ဗုံးလေးတွေတောင် ပေါ်နေသလိုလိုတွေလည်း ကြားရ၏။ ၉ /၁၁ အရေးအခင်းကြီးအပြီး အမေရိကန်တွေဘဝက နေရာတကာမှာ ကင်မရာတွေ၊ လျှပ်စစ်ထောက်လှမ်းရေးကိရိယာတွေနှင့်မို့ အရင်လို မလွတ်လပ်တော့။ တဦးချင်းဆိုင်ရာ နိုင်ငံသားလွတ်လပ်ခွင့် အဖွဲ့အစည်းတွေကလည်း ဒါတွေ လုပ်လို့ အစိုးရကို မကျေနပ်။ ပူညံပူညံတွေ လုပ်ကြ၏။ အစိုးရကလည်း တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်ဖြင့် တစက်မှ မလျှော့။ တခါတခါ လှန့်လုံးတွေများ ထွက်လာပလားဆိုရင် လူတွေဘဝက ကျီးလန့်စာစား။ မီဒီယာတွေမှာလည်း အကြမ်းဖက်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တန်ပြန် အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုဆိုသည့်အသံတွေ မကြားချင် တဆုံး။ အနုမြူလက်နက်နှင့် အကြမ်းဖက်မှုသံသရာသည် နိုင်ငံများအဖို့ ကိုယ်မွေးသည့် မျောက် ကိုယ့်ပြန် ချောက်တာလိုလို သရဲမွေးမိတာလိုလိုတွေ ဖြစ်နေသလားဟုတောင် ထင်ချင်စရာ ဖြစ်လာ၏။

မျိုးမြင့်ချို
ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၁၂
Myo Myint Cho @ National Museum of United States Air Force

Myo Myint Cho @ National Museum of United States Air Force

Myo Myint Cho @ National Museum of United States Air Force

ဗဟုသုတ - Air Force One ၊ မန္တလေးနှင့် Dayton တက္ကသိုလ် (၂) မျိုးမြင့်ချို - Feb 20 2012 03:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005