Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (၁)
Group Photo @ Dayton University (Photo - Myo Myint Cho)

ဟောပြောပွဲအပြီး အမှတ်တရ ဓါတ်ပုံ (၀ဲ မှ ယာ) ဒေါက်တာသီဟ၊ ဒေါက်တာ ဟယ်လ်သာ၊ ကက်သရီးနား၊ မမင်းမင်းပြုံး၊ မျိုးမြင့်ချို (ဓါတ်ပုံ - မျိုးမြင့်ချို)

၂၀၀၉ နှစ်ကုန်ပိုင်းလောက်က ဖို့ဝိန်းမြို့ကလေးသို့ ကနေဒါသူ Dr. Heather Marciniec လာတုန်းက မိတ်ဆွေ အချို့နှင့်အတူ ကျနော်လည်း တွေ့ဖြစ်လိုက်၏။ သူ ရောက်ခိုက် နိုင်ငံရေးနှင့်ဆက်စပ်သည့် အခမ်းအနားတခုကို တက်လာပြီး ဗမာလို ပြောသွား၏။ သူက မြန်မာ့ဂီတအကြောင်း ပြုစုပြီး ပါရဂူဘွဲ့ယူထားသူ။ Ohio ပြည်နယ်ရှိ Dayton University ရှိ Music Department တွင် Professor လုပ်နေ၏။ သူ့အမျိုးသား Christ က ကနေဒါအခြေစိုက် ကွန်ပြူတာအပျော့ထည်လုပ်ငန်းကုမ္ဗဏီက ပညာရှင်။ သူတို့ဇနီးမောင်နှံတွင် သားလေးတယောက်ရှိ၏။ အထက်တန်း ကျောင်းသား။

Dr. Heather က အရပ် မနိမ့်မမြင့်၊ ကိုယ်လုံးကိုယ်ထည် ထွားထွား၊ ဆံပင်တိုတိုနှင့် အမြဲလိုလို ပြုံးနေတတ်သူ။ ပါရဂူဘွဲ့ယူစာတမ်းအတွက် ဗမာပြည်သို့ အကြိမ်ကြိမ် သွားရောက်ပြီး ဗမာ့ဂီတပညာရှင်အချို့၊ အဆိုတော် အချို့ အပါအဝင် လူအတော်များများနှင့် တွေ့ခဲ့သူ ဖြစ်၏။ ဗမာလို အထိုက်အလျှောက် ပြောတတ်သည့်အပြင် ဗမာ့ယဉ်ကျေးမှုကိုလည်း တီးမိခေါက်မိ ရှိသူ။ ဗမာ့ဂီတတူရိယာပစ္စည်းအချို့ကိုလည်း တီးတတ် မှုတ်တတ်သေး၏။ အခမ်းအနားအပြီး နောက်တရက်တွင် မိတ်ဆွေတဦး၏ စီစဉ်ပေးမှုဖြင့် သူနှင့် ကျနော် စကားနည်းနည်း ပြောဖြစ်ပြန်၏။ ဖို့ဝိန်းရှိ ဒုက္ခသည်အနေဖြင့်ရောက်လာသူ မြန်မာမိသားစုတချို့နှင့် တွေ့ချင်၊ စကားပြောချင်၊ နားထောင်ကြည့်ချင်သည်ဆိုသဖြင့် ကျနော် ကူညီစီစဉ်ကာ စကားပြန်ပါ လုပ်ပေးခဲ့ဖူး၏။ ပြန်ခါနီးတွင် နောက်ကြိမ်လောက်တော့ ထပ် လာပါဦးမည်၊ စကားတွေလည်း ပြောချင်ပါသေးသည်ဆိုကာ နှုတ်ဆက်ပြီး ပြန်သွား၏။ ပြန်သွားပြီးနောက် သူလည်း သူ့အလုပ်နှင့် သူ။ ကျနော်လည်း အခြားကိစ္စတွေဖြင့် မေ့မေ့ပျောက်ပျောက်။ တခါတရံ အီးမေးလ်ဖြင့် "နေကောင်းလား၊ သတိရပါတယ်၊ ဘာတွေလုပ်နေသလဲ၊ ဘယ်သူ့ကို နှုတ်ဆက်တယ် ပြောလိုက်ပါ" လောက်သာ အပြန်အလှန် အဆက်အသွယ် ရတတ်၏။

သည်လိုနှင့် ၂၀၁၁ နှစ်လည်ပိုင်းလောက်တွင် သူ့ထံမှ အီးမေးလ်အရှည်ကြီးတစောင် ရောက်လာ၏။ သူ့ အီးမေးလ်တွင် သူတို့တက္ကသိုလ်အကြောင်း၊ အမေရိကန် Human Rights Week (လူ့အခွင့်အရေး ရက်သတ္တပတ်) ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၃ မှ ၁၇ အတွင်း ကျနော်၊ မမင်းမြင့်နန်းတင်နှင့် ကိုသီဟတို့ သုံးဦးအား ကျောင်းသို့လာကာ ဗမာပြည် လူ့အခွင့်အရေးအခြေအနေနှင့် ဗမာပြည်အကြောင်း လာရောက် ဟောပြောပေးပါဟု ဖိတ်၏။ ပြီးတော့ ကျနော့်မှတ်တမ်းရုပ်ရှင် Burma Soldier အင်္ဂလိပ်လိုအပိုင်းကိုလည်း ပြပေးစေလိုကြောင်း စသည်များပါပြီး ထိုကျောင်းမှ လူ့အခွင့်အရေးဘာသာရပ်ယူထားသည့် ဘွဲ့ကြိုကျောင်းသူ Katarina Lucas နှင့်မိတ်ဆက်ပေး၏။ ကျနော်က မှတ်တမ်းကား ပြလိုခြင်းနှင့် ကျနော့်အား ဖိတ်ကြားခြင်းအတွက် ဝမ်းသာကြောင်း၊ ကျနော်လာပြီး ဟောပြောပေးမည် ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာဖြင့် မှတ်တမ်းကားကို ပြသဖို့ ကျနော့်ထုတ်လုပ်သူနှင့် စကားပြောစေလိုကြောင်း အကြောင်းပြန်လိုက်ပြီးနောက် အဆက်ပြတ်သွားပြန်၏။ နောက်တော့ နိုဝင်ဘာလဆန်းပိုင်းတွင် ရုပ်ရှင်ကား ပြသရန် အခက်အခဲများ ရှိနေပြီး မပြဖြစ်တော့သော်လည်း ကျနော် ဒေါက်တာသီဟနှင့် မမင်းမြင့်နန်းတင်တို့အား ကျောင်းသို့လာ၍ ဟောပြောကြမည်ဆိုလျှင် စီစဉ်လိုကြောင်း ပြောလာ၏။ သို့ဖြင့် ကျနော်တို့ သုံးဦးသား ဖေဖေါ်ဝါရီ ၁၃ ရက်က Ohio ပြည်နယ် Dayton University သို့ ချီတက်ကြတော့၏။ ပထမတော့ ကျနော်တို့အားလုံး ကားတစီးထဲဖြင့် အတူ သွားကြမလား စိတ်ကူးမိသေး၏။ နောက်တော့ ကျနော်က Dayton ရောက်ခိုက် အမေရိကန်လေတပ်ပြတိုက်ကြီးကိုလည်း သွားကြည့်ချင်၏။ ဇနီးကလည်း အလုပ်မှ ခွင့်တရက်ယူလို့ ရ၏။ ဤသို့ဖြင့် ကျနော်တို့ သပ်သပ်စီ ခွဲသွားကြပြီး Dayton မြို့ရှိ တက္ကသိုလ်နှင့်အနီးဆုံး Courtyard Marriot တွင် ဆုံကြရန် ကျောင်းကပဲ အချိန်းအချက် လုပ်ပေး၏။ ဒီလိုနှင့် မမင်းမြင့်နန်းတင်နှင့် အဖော်မိန်းကလေးတယောက်၊ ကိုသီဟနှင့်ဇနီး မမင်းမင်းပြုံး၊ ကျနော်တို့တသိုက် Dayton သို့ ဆိုက်ဆိုက်မြိုက်မြိုက်။ လာကြိုသည့် Heather နှင့် Katarina Lucas တို့က အစီအစဉ်များ အတိုချုပ် ရှင်းပြရင်း နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ။

သည်တက္ကသိုလ်က ၁၈၅၀ ပြည့်နှစ်တွင် ထူထောင်ခဲ့သည်မို့ သက်တမ်းနုသည့်အထဲတွင်တော့ မပါ။ သို့သော်လည်း တက္ကသိုလ်ကြီး စာရင်းဝင်တော့ မဟုတ်။ ခေတ်ပေါ်ပုံစံ အဆောက်အဦးတချို့မှလွဲ၍ အများစုမှာ အုတ်ခဲရောင် နီစွေးစွေးနှင့် အုတ်ကြွပ်မိုး ညိုမောင်းမောင်းတွေမို့ ထိုခေတ်ကလက်ရာတွေကို မပျက်စီးအောင် ထိန်းသိမ်းထားမှန်း သိသာနေ၏။ ကျောင်းတည်နှစ်ကိုကြည့်ရင်း အဲဒီအချိန်က ဒို့တိုင်းပြည်မှာ ကုန်းဘောင်ဆက်က ပုဂံမင်း (၁၈၄၆-၁၈၅၃) လက်ထက်ပါလားဟု တွေးမိလိုက်၏။ ဤတက္ကသိုလ်ကို ဤနေရာ၌တည်အပြီး နှစ်နှစ်အကြာ (၁၈၅၂) တွင် အင်္ဂလိပ်လူမျိုး အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက ကွန်မိုဒို ဂျော့ခ်ျလမ်းဘတ်အား ရန္တပိုစာချုပ်ပါ အချက်အလက်တွေ ပြန် ပြင်ရန်ဟုဆိုကာ ရေတပ်နှင့်တကွ မြန်မာပြည်သို့ လွှတ်လိုက်၏။ မြန်မာဘက်က သူတို့ တောင်းဆိုသမျှ အသာတကြည် လိုက်လျောခဲ့သည့်တိုင် မကျေနပ်သေးဟုဆိုပြီး ရန်ကုန်ဆိပ်ကမ်းကို ပိတ်ဆို့ကာ မြန်မာဘုရင်ပိုင် တော်ဝင်သင်္ဘောကိုပါ သိမ်းယူလိုက်၏။ ဤသို့ဖြင့် ဧပြီလ ၅ ရက် ၁၈၅၂ တွင် စလိုက်သည့် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲသည် ရန်ကုန်၊ ပဲခူး၊ ပြည် အပါအဝင် အောက်ဗမာပြည်တခုလုံး သူတို့လက်ရောက်ကာ ဒီဇင်ဘာ ၁၈၅၂ နှစ်တွင် အဆုံးသတ်သွား၏။ အသစ် ဖြစ်ထွန်းလာသည့် စက်မှုအရင်းရှင်စနစ်နှင့် ပဒေသရာဇ်စနစ်တို့ ထိပ်တိုက်တိုးကာ၊ စစ် နှစ်ပွဲဖြင့် ကုန်းဘောင်ဆက် အသရေ ညှိုးရော်စပြုချိန် ဖြစ်နေ၏။ ထိုအချိန်က ဤကျောင်းသည် ကျောင်းအသစ်။ တက္ကသိုလ် အသစ်ကျပ်ချွတ်။ ခုတော့ ဘာသာရပ်စုံကျောင်းသား တသောင်းဝန်းကျင်ခန့် တက်နေပြီး နိုင်ငံတကာတက္ကသိုလ်တွေနှင့် ချိတ်ဆက်ကာ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေနှင့်အတူ စည်စည်ပင်ပင် ဖွံ့ဖွံ့ဖြိုးဖြိုး။ ခေတ်မီနည်းပညာတွေနှင့် အဆင့်မြင့်ပညာတွေ သင်ကြားနေသည့်ကျောင်းလည်း ဖြစ်၏။ ကျောင်းပရဝုဏ် ဖွဲ့စည်းပုံကတော့ နည်းနည်းဆန်းသည်ဟု စိတ်တွင် ထင်မိ၏။ ကျောင်းဝင်းကြီး ဘယ်လောက်ကျယ်သလဲတော့ အသေအချာ မသိခဲ့ရ။ သို့သော် ကျောင်းသားများအတွက် ဖွင့်ထားသည့် ပင်မစားသောက်ခန်းနေရာနှင့် ကျနော်တို့ ဟောပြောပွဲလေး လုပ်ခဲ့သည့် နေရာကတော့ ကားနှင့် ၁၀ မိနစ်ခန့် မောင်းရသေး၏။ ကျောင်းဝင်းဆိုသော်လည်း လူနေအိမ်ခြေတွေရပ်ကွက်တွေနှင့်မို့ Dr. Heather အား မေးကြည့်တော့မှ "အရင်ကတော့ ဒီနေရာတွေက လူနေရပ်ကွက်ကြီးတွေ ပေါ့ လေ။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီရပ်ကွက်တွေ အကုန်လုံးကို ကျောင်းက ဝယ်ယူလိုက်ပြီး ကျောင်းသားတွေနေဖို့ လုံးခြင်းအိမ်ယာအဆောင်တွေနဲ့ ကျောင်းက အမှုထမ်းတွေနေဖို့ ပြန် ပြင်လိုက်တာပါ။ ဒါ့ကြောင့် ဒီရပ်ကွက်တွေအကုန်လုံးက ကျောင်းပရဝုဏ်ထဲပါပြီး ကျောင်းပိုင်ရပ်ကွက်ကြီး ဖြစ်သွားတာပေါ့"ဟု ပြန် ဖြေ၏။ အမေရိကန်မြို့တချို့က ကျနော် ရောက်ဖူးသည့်တက္ကသိုလ်တွေနှင့် အမြင်ပိုင်းအရ နည်းနည်းတော့ ကွာနေ၏။ ကျောင်းစားသောက်ခန်းက ကျယ်ပြန့်သပ်ရပ်ပြီး သန့်ရှင်းတာကတော့ ပြောစရာမရှိ။ ဂျပန်ဆူရှီး၊ မွန်ဂိုလီးယားအကင်နှင့် အမေရိကန်စာတွေလည်း စုံ၏။ ကျနော်တို့ဇနီးမောင်နှံက မွန်ဂိုလီယားအကင်စုံ မှာပြီး အခြားသူတွေက ဆူရှီးမှာသူ မှာ၊ အမေရိကန်စာမှာသူ မှာ ကြ၏။ ဆူရှီးဘားကလေးရှေ့က ဖြတ်ရင်း ဗမာစကားသံလို ကြားမိလိုက်သဖြင့် လှည့်ကြည့်လိုက်တော့ ဆူရှီးသမား လေးယောက်စလုံးက မြန်မာတွေ ဖြစ်နေ၏။ သိတ်တော့ တအံ့တသြကြီး မဖြစ်မိ။ အမေရိကန်တလွှားက ဆူရှီးဘားများတွင် မြန်မာတွေ အလုပ်လုပ်ကြသည် မဟုတ်လား။ တလောကပဲ ဆူရှီးလုပ်ငန်းဖြင့် စီးပွားရေးအောင်မြင်နေသူ မြန်မာပြည်သားတဦးအား အမေရိကန် သမ္မတက အိမ်ဖြူတော်ခေါ်ပြီး ဂုဏ်ပြုလိုက်သေးကြောင်း သတင်းများတွင် တွေ့လိုက်ရသေး၏။ ဆရာတင်မိုး ပြောခဲ့ဖူးသည့် "ဆူရှီမျိုးဟေ့ ဒို့ဗမာ" ဆိုသည်လေးကိုလည်း ဖြတ်ကနဲ သတိရမိလိုက်သေး၏။ ကျနော် စကားလှမ်းပြောမည် အလုပ် သူတို့ထဲက တယောက်က ကျနော့်နံမည်ခေါ်ပြီး နှုတ်ဆက်လိုက်သဖြင့် ဘယ်သူများပါလိမ့်ဟု ဇဝေဇဝါ ဖြစ်ရသော်လည်း အမေရိကန်တက္ကသိုလ်တွင် ဗမာလို နှုတ်ဆက်ရတာ အရသာရှိသည်ကတော့ အမှန်ပင်။ နောက်မှ တန်းစီနေသူတွေကြောင့် ရပ်ပြီး စကားပြောလို့ မဖြစ်။ ဒါနှင့် ဆက်လျှောက်လာတော့ သူ ကျနော့်နောက်က လိုက်လာပြီး "ကိုမျိုးမြင့်၊ ရော့၊ ယူသွားပါ။ စပါယ်ရှယ် ပဲ၊ အမှတ်တရလက်ဆောင်ပေါ့ ဗျာ။ စားကြည့်ပါဦး" ဆိုကာ ဆူရှီးတဗူးပေးပြီး သူလည်း သူ့နေရာသူ ပြန် ပြေး၏။ ကျေးဇူးတင်စကားပင် လုံးစေ့ပတ်စေ့ ပြောချိန် မရလိုက်။ "စားသုတ်သုတ် သွားသုတ်သုတ်" ဆိုသည့် မင်းသားကြီး ကိုမြတ်လေးကိုပင် အမှတ်ရချင်စရာ ကောင်းသေးတော့။ စားသောက်နေကြတုန်း ကိုသီဟက ဆူရှီးနှင့်စပ်၍ အတည်ပေါက်နှင့် ဟာသဖေါက်တော့ ကျနော့်စိတ်က တပ်ထဲနေတုန်းက ရှေ့တန်းဆီ ခဏ ရောက်လိုက်သေး၏။ တရုပ်ပြည်နယ်စပ်ရောက်တော့ ကြံသွေး၊ ကျောက်သွေး၊ ဆတ်ချိုနု၊ ဆေးမြင်းခွာ၊ ခမ်းတောက်မြစ်၊ ရှဥ့်မတက်ဥ စသည်တို့သည် အမျိုးသားများအတွက် ဘာညာ ကောင်းတယ်ဆိုခြင်းအား ပြန် အမှတ်ရပြီး ပြုံးမိ၏။

ညနေစာစားအပြီး ဟောပြောပွဲခန်းမထဲရောက်တော့ စက်တွေ ဘာတွေ ဆင်၊ ကွန်ပြူတာ Set up လုပ်နေတုန်း ကျောင်းသားတွေ တဖြည်းဖြည်း စုံလာ၏။ ကျောင်းက တတန်းထဲစာမို့ ကျောင်းသားက လေးဆယ်ဝန်းကျင်ခန့်သာ ရှိမည်။ အချိန်စေ့တော့ Heather က ကျနော်တို့အား ကျောင်းသားတွေနှင့် အတိုချုပ် မိတ်ဆက်ပေး၏။ ပြီးတော့ ကျနော့်တို့ဆီ ပါလာသည့် ငါးမိနစ်စာ မှတ်တမ်းကားတိုလေးကို ပြပေး၏။ ထို မှတ်တမ်းတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေး ကော်မရှင် (Commission of Inquiry - C O I) ဖွဲ့စည်းရန် နိုင်ငံတကာမိသားစုသို့ တိုက်တွန်း တောင်းဆိုသည့်အကြောင်း ဖြစ်၏။ ဒီ့နောက် ကျနော်တို့တဦးချင်းက ကျောင်းသားများအား ဗမာပြည် လက်ရှိအခြေအနေနှင့်စပ်ပြီး စကားအနည်းငယ်စီ ပြောကြ၏။ ကျနော်တို့ ပြောပြီးနောက် ကျောင်းသားတွေက သူတို့ သိလိုသည့်အရာများ မေးကြ၏။ အဓိက မေးကြသည့်မေးခွန်းတွေက နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ဗမာပြည်ပြန်လို့ ဖြစ်နိုင်/မဖြစ်နိုင်၊ ဒီကို ရောက်လာသည့် မြန်မာပြည်သား ဒုက္ခသည်များ ရင်ဆိုင်ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအပြင် (C O I) ကိစ္စအထိ ပါ၏။ မေးခွန်းများလည်း ကောင်းသလို သူတို့ စိတ်ကျေနပ်အောင် ပြန်ဖြေနိုင်ခဲ့သည်ဟုလည်း ထင်၏။

အခမ်းအနားအပြီး အမှတ်တရဓါတ်ပုံ နည်းနည်းပါးပါး ရိုက်ကြသေး၏။ ကိုသီဟတို့ ဇနီးမောင်နှံ၊ မမင်းမြင့်နန်းတင်နှင့် အဖော်မိန်းကလေးတို့က ဟော်တယ်လ် သွားကြပြီး ကျနော်တို့စုံတွဲကတော့ Dr. Heather အိမ်မှာ ညအိပ်ဖို့ လမ်းခွဲလိုက်ကြ၏။ ထိုညက ကိုသီဟနှင့် သူ့ဆူရှီးတော့ ဘယ်လိုနေသည် မပြောတတ်။ ကျနော်တို့ကတော့ Dr. Heather အမျိုးသားနှင့် စကားပြောရင်း ညဥ့်နက်သွား၏။ သူလည်း ဗမာပြည်သို့ ရောက်ဖူးသူ။ အင်းလေးအကြောင်း၊ ပဒေါင်လူမျိုးစုအကြောင်း၊ ရန်ကုန်က တက္ကစီသမားတွေအကြောင်း၊ ဘဏ်စနစ်နှင့် ဘဏ်ကဒ်များ သုံးမရသဖြင့် နေရာတကာ ပိုက်ဆံကိုင် သုံးရသည့်အကြောင်း အတော် စုံ၏။ မနက် ၇ နာရီခွဲတော့ Dr. Heather, Katarina တို့နှင့်အတူ ကျောင်းထဲက စားသောက်ခန်းမှာ မနက်စာ စားကြ၊ စကားစမြည် ပြောကြ၊ ကျေးဇူးတင်ကြောင်း ဝမ်းသာကြောင်းတွေ အပြန်အလှန် ပြောပြီးနောက် လမ်းခွဲကြ၏။ ကိုသီဟတို့ မမင်းမြင့်နန်းတင်တို့က ဖို့ဝိန်း ပြန်ပြီး ကျနော်နှင့်ဇနီးက Dayton ရှိ National Museum of United States Air Force သို့ ဆက် ထွက်လာကြ၏။

Dayton မှအထွက် အဝေးပြေးအမြန်လမ်းမကြီး I-75 ပေါ် ဆယ်မိနစ်ခန့် မောင်းလာပြီး တနေရာအရောက် ဇနီးက "ဟိုမှာ၊ ဟိုမှာ" ဟုဆိုသဖြင့် ဘာများ ဘာလိမ့်ဆိုကာ ကားအပြင်လက်ယာဘက်ကို ကြည့်လိုက်တော့ အတော်ကြီးသည့် အဆောက်အဦးကြီး တခု။ တောက်တောက်ပပ။ ခန့်ခန့်ငြားငြား။ ကားရပ်ရမည့်နေရာတွင် ကားများ ရပ်လျှက်။ လူတချို့ကလည်း လုပ်စရာများ လုပ်လျှက်။ ဇနီးက "ကြည့်၊ ကြည့်၊ ဆိုင်းဘုတ်ကို" ဆိုတော့မှ အပေါ်ကို မော့ကြည့်လိုက်မိ၏။ (Mandalay Banquet and Catering, Co.) ဆိုပါလား။ မြန်မာလိုတော့ ရေးမထား။ (မန္တလေး - ခမ်းနားကြီးကျယ် စားဖွယ် ဧည့်ခံကျွေးမွေးရေး ကုမ္ဗဏီ) ဆိုပြီး ဘာသာပြန်ရမည် ထင်၏။ ဘယ့်နှယ်ပါလိမ့်။ Ohio ပြည်နယ်က ဤ Dayton ဆိုသည့်မြို့ကလေးတွင် မန္တလေးအမည်နှင့် ဒီကုမ္ဗဏီကြီး ဘယ်က ဘယ်လို ရောက်လာတာပါလိမ့်။ အမြန်လမ်းပေါ် ရောက်နေချိန်မို့ ကားအရှိန်လျှော့ပြီး ဓါတ်ပုံရိုက်ချိန်တော့ မရ။ ထားလိုက်တော့၊ ဘာပဲဖြစ်ဖြစ် သည်နေရာတွင် မန္တလေးကိုမြင်တော့ မင်သက်မိ၏။ ကြည်နူးတာလား၊ အောက်မေ့တာလား၊ ဘာလားညာလား မပြောနိုင်သည့် ခံစားမှုတခုတော့ အသေအချာ့ကို ဖြစ်မိ၏။

(ဆက်ပါဦးမယ်။)
မျိုးမြင့်ချို
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၂
အတွေ့အကြုံ - Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (၁) မျိုးမြင့်ချို - Feb 16 2012 11:02 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005