ဒုက္ခသစ် သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ (၂)

(၂ဝ၁၁) ခုနှစ် ဧပြီလလယ်လောက်မှာ ကျနော့်ဆီကို အင်ဒီယားနားပြည်နယ်အစိုးရရဲ့ ဒုက္ခသည်နေရာချထားရေးရုံးက အီးမေးလ် ရောက်လာပါတယ်။ စာထဲမှာ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးရုံး (Office of Refugee Resettlement-ORR) က နှစ်စဉ်ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာနှီးနှောဖလှယ်ပွဲ (2011 National Refugee Consultation, Sponsored by ORR) ကို သြဂုတ်လ (၁ - ၂) မှာ ၂ ရက် ကျင်းပရန်ရှိကြောင်းနဲ့ တက်နိုင်မလားလို့ မေးပါတယ်။ အမှန်အတိုင်း ပြောရရင် ကျနော်က Refugee Status နဲ့ ဒီကိုရောက်လာပြီး လိုအပ်ချက်ရှိနေတဲ့ ဗမာပြည်သားတွေကို နိုင်သလောက် ကူနေတာမှန်ပေမယ့် အဲဒီရုံးနဲ့ တိုက်ရိုက် အဆက်အစပ် မရှိလှတော့ ORR အကြောင်း တယ် မသိလှပါဘူး။ ခု မေးလ် လာတော့မှ National Refugee Consultation ဆိုတာ ဘာလဲ သိရတာပါ။

ဒီ့မတိုင်ခင် ဖေဖော်ဝါရီ (၂ဝ၁ဝ) ထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Mitchell E. Daniels Jr., Governor State of Indiana ရုံးနဲ့ ပြည်နယ် အစိုးရဒုက္ခသည်ဆိုင်ရာတာဝန်ခံဆီက စာတစောင် လက်ခံဖူးပါတယ်။ စာက ကျနော် ဒီရောက်လာပြီးကထဲက ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတာတွေကို သိမှတ်ပြု ဂုဏ်ယူကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ဒီလိုစာမျိုးရဖို့ဆိုတာ သိတ်အခက်ကြီးမှ မဟုတ်တော့ကာ ကျနော်လည်း ဒီလိုပဲ ထားလိုက်တာပေါ့လေ။ နောက်တော့မှ သိရတာက အဲ့ စာနဲ့ ခု ဖိတ်ကြားမှုနဲ့ဆိုင်တယ် ဆိုတာပါပဲ။ နောက်တော့ Local Resettlement Agencies ကလည်း မေးလာပါတယ်။ သွားတက်နိုင်မလား ပေါ့။ ကျနော့်လည်း တက်ချင်စိတ် ရှိတယ်၊ အခြေအနေကလည်း ပေးလာတယ်၊ ဒါနဲ့ တက်မယ်ပြောပြီး လက်ခံလိုက်တယ် ဆိုပါတော့ဗျာ။

အဲဒါအပြီး တပတ်လောက်အကြာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကနေ အီးမေးလ် တစောင် ဝင်လာပါတယ်။ စာမှာပါတာက ဒီနှစ် (၂ဝ၁၁) ဟာ UNHCR ဖွဲ့စည်း တည်ထောင်ခြင်း ပဋိညာဉ်စာချုပ်ကို ဂျနီဗာမှာ အတည်ပြုခဲ့တာ နှစ် (၆ဝ) ပြည့်တဲ့နှစ်ပဲ တဲ့။ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ သြဂုတ်လ (၃ - ၄) ၂ ရက်ကို ၀ါရှင်တန်ဒီစီ မှာ အခန်းအနားကြီးတခု ကျင်းပမယ် တဲ့။ အဲဒီကို ကမ္ဘာ့နိုင်ငံစုံကနေ အမေရိကားကို ဒုက္ခသည်အနေအထားနဲ့ ရောက်လာသူတွေထဲက တစ်ပြည်နယ် တစ်ယောက်နှုန်းနဲ့ လူ (၅ဝ) ကို ကိုယ်စားလှယ်အဖြစ် ဖိတ်မယ် တဲ့။ နောက်ပြီး အထူးဖိတ်ကြားသူ (၁ဝ) ဦးလည်း ပါမယ် တဲ့။ ဒါမှ နှစ် (၆ဝ)၊ လူ (၆ဝ) အခန်းအနား ဖြစ်အောင် တဲ့။ ကျနော့်ကို အင်ဒီယားနားကို ကိုယ်စားပြုတဲ့ ပြည်နယ်ကိုယ်စားလှယ်အနေနဲ့ တက်နိုင်မလား တဲ့။ ကျနော် အတော် ဝမ်းသာမိတာပါပဲ။ ဒါနဲ့ (၂) ခုစလုံးကို လက်ခံလိုက်ပြီး တက်မယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ ရက်ကလည်း (၄) ရက်က ဆက်တိုက်ဆိုတော့ ဟိုတစ်ဘက်ကလည်း တစ်ယောက်တည်းနဲ့ ကိစ္စ နှစ်ခုလုံး ပြတ်စေချင်ပုံ ရပါတယ်။ (၂) ယောက်ဆိုရင် စားရိတ်စားခက နှစ်ပြန် ကုန်မှာလည်း တွက်ပုံရပါတယ်။ ဒီလိုနဲ့ ၀ါရှင်တန်သွားဖို့ အထုတ်ပြင်ပါတယ်။

ပထမတော့ ORR ကိစ္စတစ်ခုထဲပါ။ ခုတော့ ORR ရဲ့ 2011 National Refugee Consultation ရော UNHCR နှစ် (၆ဝ) အခန်းအနားရော ဆိုတော့ ကြိုပြင်ရတာ နည်းနည်း များပါတယ်။ ဟိုကျရင် ဘာတွေပြောမလဲ၊ ဘာတွေ ဆွေးနွေးမလဲ၊ ဘယ်ပုံစံနဲ့ တင်ပြရမလဲ၊ ဒီမှာ ကိုယ်နေတဲ့ပြည်နယ်ကို ကိုယ်စားပြုရုံသက်သက်လား၊ ကိုယ် လာခဲ့ရာတိုင်းပြည်ကို ကိုယ်စားပြုရမှာလား၊ ဒီပြည်နယ်က ကိုယ့်တတိုင်းပြည်ထဲသားတွေကိုပဲ ကိုယ်စားပြုရမှာလား၊ နိုင်ငံစုံက ရောက်နေတဲ့သူတွေကိုလား စသည်ဖြင့် လေ။ ပြီးတော့ (၄) ရက် ဆက်တိုက်တက်ရမှာဆိုတော့ နည်းနည်း ပင်ပန်းမှာပဲလို့လည်း ကြိုတွေးထားခဲ့ပါတယ်။ ပြောရရင် ORR နှီးနှောပွဲအခြေခံက ဒီကို ဒုက္ခသည်အနေအထားနဲ့ ရောက်ပြီးသူတွေအရေးကို ဗဟိုပြုတာဖြစ်ပြီး UNHCR ကိစ္စကတော့ ဒီကို ရောက်မလာသေးတဲ့သူတွေနဲ့ UNHCR ကြီးတစ်စုံလုံးရဲ့ အရေးအရာတွေအပေါ် ဦးတည်တာ ဖြစ်ပါတယ်။ ဆိုတော့ Refugees outside and Inside of USA လို ဖြစ်နေတာပေါ့ ဗျာ။

တခြားပြည်နယ်တွေက တက်လာမယ့် ကိုယ်စားလှယ်တွေနဲ့လည်း ဖုံး၊ အီးမေးလ်စတာတွေ ဖလှယ်ကြ၊ မိတ်ဆက်ကြ၊ ဟိုမှာ သူ ပြောမှာ ကိုယ်ပြောမှာတွေ ပြောကြ၊ ဟိုက သက်ဆိုင်သူတွေကလည်း အသေးစိတ်အစဉ်တွေ ချပြကြ၊ ကြိုတင်ပြင်တာဆင်ကြနဲ့ အဲဒီ တလလောက်မှာ အတော်လေး အလုပ်များနေခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုကွန်ဖရင့်စ်လေးတွေ လုပ်တဲ့အခါ လုပ်၊ ဂရုပ်ပုံစံနဲ့ လုပ်ထားတဲ့ ချက်တင်န်းရွမ်းတွေထဲ ဝင်တဲ့အခါဝင် ပြောကြဆိုကြပေါ့ လေ။ အားလုံး အင်္ဂလိပ်စကားပဲ ပြောကြတာပါ။ စကားလုံးအခက်ကြီးတွေ မသုံးကြပဲ သာမန်နေ့စဉ်သုံး နားလည်လွယ်မယ့် ဝေါဟာရတွေပဲ လူတိုင်းက ရွေးသုံးကြတာပါ။ ဒါ့ကြောင့်မို့ ထင်ပါတယ်၊ အဲဒါတွေမှာ ပြောရကြားရတာတွေက ဒီလောက် ခက်လှတယ် မထင်မိပါဘူး။ ဒါပေမယ့် ဖုံးပေါ်ပြောကြတဲ့အခါတော့ နားမလည်လို့ Sorry တို့, Please, again, တို့ ခဏခဏ လုပ်ရတာတော့ တစ်ဖက်သားကို အားနာစရာပါပဲ။ ဒါပေမယ့် အဲသလို ဖြစ်တာက ကိုယ်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး။ အားလုံးပဲ။ လူတွေက အစုံကိုး၊ နိုင်ငံစုံ ကိုး၊ ကိုယ့်မိခင် ဘာသာစကားရဲ့ လေယူလေသိမ်းနဲ့ အသံထွက်တွေက အင်္ဂလိပ်လိုတွေအပေါ် လာ ထင်တာကိုး။ မိခင်စကားရဲ့ အသံထွက်နဲ့ (အမေရိကန်ပြော) အင်္ဂလိပ်နဲ့ တည့်တည့် တိုးနေကြတာ လေ။ ဒီလိုနဲ့ ကြိုးစားပမ်းစားလည်း ပြောကြ၊ ကြိုးစားပမ်းစားလည်း နားထောင်ရမို့ ပျော်စရာလည်း ကောင်းပြီး ရီစရာမောစရာလည်း ဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ စိတ်ထဲကို အတွေးတခုက မပြတ် ဝင် ဝင်နေတယ်လေ။ အင်္ဂလိပ်စကားကို ခုထက် ပို ကျင်လည်ရင် ခုလောက် ပင်ပန်းမှာ မဟုတ်ဘူးလို့ ဆိုတာပါ။ အဲဒီအတွေးကပဲ စေ့ဆော်မှု ဖြစ်လာပြီး အင်္ဂလိပ်စာလည်း ပို လုပ်ဖြစ်သွားတယ်လို့ ဆိုရမယ် ထင်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တတွေ သက်ဆိုင်ရာပြည်နယ်တွေကနေထွက်ပြီး ၀ါရှင်တန်မှာဆုံရမယ့်ရက်က ရောက်လာပါပြီ။ ဟိုကျရင် တတ်နိုင်သမျှ ချွေတာရေး လုပ်ကြဖို့ သက်ဆိုင်ရာတွေကလည်း တိုက်တွန်းတာမို့ အချင်းချင်းတွေ ညှိကြပါတယ်။ နေ့စဉ်အသုံးစားရိတ်က အကန့်အသတ်နဲ့ ကွက်တိဖြစ်အောင်သုံးမှ ဖြစ်မှာကိုး။ ပို သုံးမိရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲ ပြောရမယ် ထင်တာပါရဲ့။ ဒါနဲ့ ဘယ်သူ့လေယာဉ်က ဘယ်အချိန် ဘယ်လေဆိပ်မို့ ဘယ်လေဆိပ်မှာ ဘယ်သူနဲ့ ဘယ်သူတော့ ဆုံမှာပဲ။ တစ်ပြိုင်တည်းဆိုက်မှာတွေနဲ့ နာရီဝက် တနာရီ ရှေ့ဆင့်နောက်ဆင့် ရောက်မယ့်သူတွေ တယောက်ကိုတယောက် စောင့်ပြီး တက္ကစီ တစီးတည်း အတူစီးပြီး ဟိုတယ်ကိုသွားဖို့လည်း လုပ်ရပါသေးတယ်။

ဝါရှင်တန်မြို့ကြီးသားတွေက မြေအောက်ရထားတို့ လိုင်းကားတို့ အစီးများပေမယ့် ကျနော်တို့လို တောသားတွေအတွက်ကျတော့ မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်က ဘယ်လောက် လွယ်အောင် လုပ်ထားထား ခက်တာပါပဲ။ တောသားဆိုတော့ လူကြောက်တာလည်း ပါမှာပေါ့နော။ ဒါပေမယ့် ဗမာတွေ ပြောသလို (တောသားရဲ ဆွဲထုတ်) တွေလည်း ကျနော်တို့ (၆ဝ) ထဲမှာ ပါတယ်ဗျ။ အဲဒီလူတွေ လုပ်ပုံကြောင့် ရီလည်း ရီ ရ၊ ရင်တမမဖြစ်ရတာတွေလည်း ရှိသေးတယ်။ နောက်ပိုင်းမှာ ပြောပါ့မယ် ဒီလူတွေ အကြောင်း။ ကျနော်ကမှ ၀ါရှင်တန်ကို ဒီ့အရင်က (၃) ခေါက်ကြီးတောင် ရောက်ဖူးထားသေး။ တချို့ဆို ဒါ ပထမဆုံးအကြိမ်။ ကျနော်လည်း ရောက်တာက ရောက်တာပါပဲ၊ ကြောက်တာက ကြောက်တာပါပဲ။ ပိုဆိုးတာက ဒီတခေါက်မှာ အဖော်မပါတော့ ဖုန်းမောင် တယောက်တည်း။ ဂျိုင်းထောက်ကြီး တကားကားနဲ့။

မျိုးမြင့်ချို
စက်တင်ဘာ ၂၆၊ ၂ဝ၁၂
အတွေ့အကြုံ - ဒုက္ခသစ်သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ - Sep 28 2012 09:45 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005