အတိတ်မှ အရိပ်များ (၄)

ခင်စန်းနွယ် - အတိတ်ကအရိပ်များ
ကျမတို့ ဆန္ဒပြအဖွဲ့နဲ့ တပ်ဦးအဖွဲ့ဝင်တွေက ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့လာမယ်ဆိုလို့ အင်ဗွိုင်းခန်းမမှာ သွား စောင့်နေကြတော့ ဦးတင်အောင်ဟိန်း လာသွားပြီး ပြည်သူ့သဘောထားကို ကျနော် သိသွားခဲ့ပါပြီဆိုပြီး လက်ပြပြီး ချက်ခြင်း ကားပေါ်တက်ပြီး မောင်းထွက်သွားခဲ့ကြောင်း သိရတယ်။
သြဂုတ်လ ၂၄ ရက်နေ့မှာ ဒေါက်တာမောင်မောင်က ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပေးမယ်လို့ ဂတိပေးလိုက်တယ်။ ည မထွက်ရ (မာရှယ်လော) အမိန့်လည်း ရုတ်သိမ်းပေးလိုက်တယ်။
ကျမနဲ့ ကိုမျိုးသန့်၊ ထွန်းထွန်းဦး၊ ကျော်ဝဏ္ဏတို့ လေးဦးဟာ သန်လျှင်ဖက်မှာ ဆန်တွေ သွားဝယ်ပြီး ဗဟန်း ၂ဂ ရပ်ကွက်က ဆင်းရဲသားတွေကို ဝေလိုက်ကြတယ်။ ပိုက်ဆံကိုတော့ ဦးနု က ပေးတာပါ။ နောက်ပြီး ခရမ်းက ဦးကိုလေး (ဗိုလ်ကြီးဟောင်း)၊ သန်လျှင်က ကိုဇေယျာအေးတို့နဲ့ ကံသစ်ဘုန်းကြီးကျောင်းမှာ တွေ့ဆုံကြပြီး နယ်မြေအခြေအနေတွေ အားလုံးကို စုံစမ်း ဆွေးနွေးတဲ့အပြင် ရဲစခန်း (သုံးခွ) ကို ၀င်ပြီး စီးနင်းလို့ရတဲ့ လက်နက်အခြေအနေတွေအားလုံးကို စုံစမ်း မှတ်သားပြီး ဘဘနုတို့နဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ တနေ့တနေ့ ကျမတို့တသိုက်ဟာ ၄ မြို့နယ်ကို ပြေးလွှားနေရပါတယ်။ ဥက္ကဋ္ဌ ဘိုဘိုနဲ့ စိုးထက်ခိုင် (စည်းကမ်း ထိန်းသိမ်းရေး) တို့က GSC နှင့် အထက (၁) ဗဟန်း သပိတ်အဖွဲ့တွေကို ဦးဆောင်ပြီး လှုပ်ရှား နေကြရပါတယ်။ ကိုထွန်းဝင်းသန်း (အတွင်းရေးမှူး) နဲ့ တူးမာတို့ကတော့ လူကြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေဆီက ညွှန်ကြားချက်တွေကို ရယူပြီး တဆင့် ပြန်လည် ဖြန့်ဝေပါတယ်။ ကျမတို့ ဗဟန်းမြို့နယ် ဒီမိုကရေစီတပ်ဦးဟာ အလွန်မှ ရှင်သန် တက်ကြွခဲ့တဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ အားလုံးကလည်း အခုအချိန်အထိ သူ့နည်းနဲ့သူ နိုင်ရာမှာ လှုပ်ရှား နေကြဆဲ ပါ။ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြဆဲ ပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြချင်ပါတယ်။ ဘဘ ဦးအုန်းမြင့်၊ ဦးထွေးမြင့်၊ ကိုဇာနည်၊ ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ ဦးခေမာစာရ (ထိုင်းနိုင်ငံ၊ အမေရိကန်) တို့ သွားရောက် ဆက်သွယ်ပြီး အရေးအခင်းကာလမှာ မြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအခြေအနေမှာ
ပါဝင်ဖို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေတဲ့ ကျောင်းသား ပြည်သူတွေကို ကြည့်ပြီး တာဝန်ယူသင့်တယ် လို့ ယူဆပြီး ပါဝင်လာခဲ့ပါတယ်။
နောက်နေ့မှာ ဦးအောင်ကြီးက စမ်းချောင်းမှာ မိန့်ခွန်းပြောမယ်ဆိုလို့ ကျမတို့သူငယ်ချင်းတသိုက် သွားရောက် နားထောင်တော့ “စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှား နဲ့“ ဆိုတဲ့ စကားပြောလို့ ကျမတို့ ဒေါသထွက်လိုက်ရတာ ပြန်လာတော့ လူအုပ်ထဲမှာ ကံကောင်းလို့ မသေတာပါ။ လူညပ်ပြီး မနည်း တိုးထွက်လာခဲ့ရတယ်။ ဇော်မင်း ၂ မင်းက ဂျိုင်းက ဆွဲပြီး ခေါ်လာခဲ့လို့ တော်ပါသေးရဲ့။
ဆက်တိုက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ၂၆ ရက်နေ့မှာ မိန့်ခွန်း ပြောမယ်ဆိုလို့ ကျမတို့ တပ်ဦးအဖွဲ့ဝင်တွေ လုံခြုံရေးတာဝန်ယူဖို့ အစည်းအဝေးလုပ်ပြီး စကားပြောစင်မြင့်ဘေးမှာ တာဝန်ယူခဲ့ကြတယ်။ ရွှေတိဂုံစေတီရဲ့ခြေတော်ရင်းမှာ လူပေါင်း တသိန်းကျော် လာရောက်ခဲ့ကြပါတယ်။
သူ ပြောတာက ညီညွတ်ကြပါ၊ စည်းလုံးကြပါ တဲ့။
၂၇ ရက်နေ့မှာ ကျမတို့အဖွဲ့ဝင်တွေ ဘဘဦးတင်ဦး (ကာကွယ်ရေး ဦးစီးချုပ် ဟောင်း) မိန့်ခွန်းပြောတာကို သွားရောက် နားထောင် ကြပါတယ်။ သား သုံး သား ပါဝင်လာရင် ဒီမိုကရေစီ ရနိုင်မယ်လို့ ပြောပါတယ်။ ဘုရားသားတော်၊ စစ်သား၊ ကျောင်းသားများပဲ ဖြစ်ပါတယ်။
၂၈ ရက်နေ့မှာတော့ ကျမတို့ တပ်ဦးအဖွဲ့ဝင်တွေ တက္ကသိုလ်ကျောင်းဘက်ဆီ သွားခဲ့ကြပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦးနေရာမှာ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုအောင်ဒင်တို့ ဦးဆောင်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင် ခဲ့ကြပါတယ်။ အဲဒီနေ့က မြန်မာပြည်ရဲ့အနာဂတ်ကို ဖန်တီးနိုင်မည့် သူရဲကောင်းတွေကို စတင် မြင်တွေ့ခဲ့ရတာပါ။
ကျမတို့တသိုက်လည်း ရှေ့ဆုံးမှာ ထိုင်ကြပါတယ်။ စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ စကားပြောစင်မြင့်တခုကို တွေ့လိုက်ရတယ်။ စင်ရဲ့ရှေ့ဆုံးတန်းမှာတော့ ကျောင်းသားတွေ ခြေတွဲလောင်းလေးတွေချပြီး လုံခြုံရေး ယူထားကြတယ်။ အဲဒီမှာ စတင်ပြီး ကိုမိုးသီးဇွန်၊ ကိုမင်းကိုနိုင်၊ ကိုအောင်ဒင်၊ သမဂ္ဂ ဥက္ကဋ္ဌ ဦးလှရွှေ (၁၉၆၂) အဲဒီမှာ ဦးလှရွှေရဲ့မိန့်ခွန်းအဆုံးမှာ မဆလစစ်အုပ်စုရဲ့ ရက်စက်မှုကို
ကျမ ကြေကွဲစွာ ခံစားရပြီး မျက်ရည်ဝဲမိပါတယ်။ ဆရာတော်တပါးကလည်း (ဘွဲ့တော် မမှတ်မိတော့ပါ) ဒို့ ဗိုလ်ချုပ် ဆိုတဲ့ ကဗျာကို ရွတ်ဆိုတာ နားထောင်တဲ့သူအပေါင်း ကြက်သီးဖျန်းဖျန်းထစေပါတယ်။ ကျောင်းသားခေါင်းဆောင်တွေရဲ့မိန့်ခွန်းတွေဟာ မြန်မာပြည်ရဲ့ အနာဂတ်အတွက် လင်းလက်တဲ့ ကြယ်လေးတွေပါ ပဲ။ ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းပြီဖြစ်ကြောင်း ကြေညာလိုက်တော့ ကျမလက်တွေ နာကျင်လာတဲ့အထိ လက်ခုပ်တီးပြီး အားပေးခဲ့မိပါတယ်။
ခပ်လှမ်းလှမ်းမှာတော့ လုံထိန်းကားတွေကို မြင်နေရတဲ့အပြင် စစ်ကားသုံးစီးကိုလည်း တွေ့နေရတယ်။ အဲဒီနေ့မှာ တကြိမ် မြန်မာပြည် ရန်ကုန်မြို့ရဲ့ တက္ကသိုလ်ဝင်းထဲမှာ ခွပ်ဒေါင်းအလံ စိုက်ထူနိုင်ခဲ့တဲ့နေ့ဆိုရင်လည်း မမှားနိုင်ပါဘူး။ အဲဒီ အခမ်းအနားအပြီးမှာ ကျမတို့ လက်တွေတွဲပြီး မြို့ထဲကို ချီတက်ခဲ့ကြပါတယ်။ ကျမတို့ သူငယ်ချင်းတသိုက် လက်တွဲမဖြုတ်ကြဖို့ သတိပေးပြီး ကိုင်ထားတာ ဖြစ်တယ်။ ဟံသာဝတီအဝိုင်းအနီးက မြန်မာ့အသံ ရှေ့ရောက်တော့ မြန်မာ့အသံက ဝန်ထမ်းတွေက လက်ခုပ်လက်ဝါးတီးပြီး ကြိုဆို အားပေးတာကို
တွေ့ကြုံခဲ့ရတယ်။ ကျမ မှတ်မိသမျှတော့ ဒေါ်သန်းနှစ်၊ စန္ဒယားအောင်ခင်၊ ဦးအောင်သောင်း၊ ဒေါ်ဝင်းမေ၊ ဦးညီညီ (RFA) ၊ ရွှေကူမေနှင်းနှင့် အများကြီးပါပဲ လေ။ နောင်မှာ သူတို့တဖွဲ့လုံး မြန်မာ့အသံက အလုပ် ထုတ်ပစ်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုနဲ့ မြို့ထဲကို ရောက်ပါပြီ။ တချို့နေရာတွေမှာ ပြည်သူအချို့လည်း ပါဝင်လာကြတယ်။ ဆူးလေဘုရားကို ပတ်ပြီးတဲ့နောက်မှာ မှောင်လာပြီဖြစ်လို့ အားလုံး ပြန်လာခဲ့ကြပါတယ်။
လုံထိန်းကားတွေ လှည့်နေပေမယ့် ဘာမှတော့ အနှောက်အယှက် မပေးခဲ့ပါဘူး။
မေလခန့်မှာ ဦးအောင်ကြီးမှ ဦးနေ၀င်းထံပေးစာမှာ မတ်လအတွင်း ပြည်သူ ၂၈၂ ဦးကို သတ်ဖြတ် သုတ်သင်ခဲ့တာတွေ၊ တံတားဖြူ အဖြစ်အပျက်တွေကို အိတ်ဖွင့်ပေးစာအဖြစ် ပြည်သူတွေကြားမှာ ဖြန့်လိုက်တယ်။ ကျမတို့ဖတ်ပြီး မဆလခေတ်ဆိုးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ချွတ်ခြုံကျမှုတွေကို သိလာရလို့ ဗိုလ်ချုပ်အောင်ကြီးရဲ့စာဟာ ဘာပဲပြောပြော ကျမတို့ အသိဉာဏ်တွေကို အလင်းရောင် ပေးခဲ့တာ အမှန်ပါ။
ကျမတို့လည်း အခြေအနေကို စောင့်ကြည့်နေခဲ့ကြရာက မတ်လတုန်းက ဆန္ဒပြပွဲတွေမှာ အဖမ်းခံရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြမယ်ဆိုပြီး ကျောင်းသားတွေ ပြန်လည် စုစည်းနေကြတယ်။ ဒီအချိန်မှာ ကျမကို ကိုဇာနည်က တာဝန်ပေးပါတယ်။ “မနွယ်ရေ၊ ဘဘဦးတင်ဦးက သား သုံး သား ပါဝင်သင့်တယ်လို့ ပြောတယ်။ ကိုမင်းကိုနိုင် စည်းရုံးတာ လေတပ်က ဆန္ဒပြတဲ့အထဲ ၅၀၁ လေတပ်စခန်းက ပါဝင်လာလိမ့်မယ်လို့ သိရတယ်။ ရေတပ်ကို မနွယ် သွား စည်းရုံးပါ၊ နောက်ပြီး အောင်ဆန်းကွင်းမှာ စခန်းဝင် လေ့ကျင့်နေတဲ့ ဂျူဒိုဘုန်းကျော်ကိုလည်း မနွယ် သွား တွေ့ပါ၊” လို့ ပြောပါတယ်။ ပြီးတော့ သူနဲ့ပါလာတဲ့ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌ ဦးခေမာစာရ နဲ့လည်း မိတ်ဆက်ပေးပါတယ်။
ဒီလိုနဲ့ ကျမ ကိုထွန်းထွန်းဦးကို ခေါ်ပြီး အောင်ဆန်းကွင်းကို သွားတယ်။ ကိုဘုန်းကျော်နဲ့ တွေ့ဆုံ စည်းရုံး ဆွေးနွေးတော့ ကိုဘုန်းကျော်က ကျမ ပြောတာကို လက်ခံပြီး နောက်နှစ်ရက်မှာ ရန်ကြီးအောင် စစ်သင်္ဘောက ရေတပ်သားစိုးပိုင်နဲ့ကျော်နိုင်တို့ကို မိတ်ဆက်ပေးပါတယ်။ ကျန်တဲ့လူတွေကို မင်းတို့ အချင်းချင်းပဲ ဆက်သွယ်တော့လို့ ပြောပြီးသူက အောင်ဆန်းကွင်းကို ပြန်သွားခဲ့တယ်။ ကျမတို့က ရေတပ်က ရဲဘော်နှစ်ယောက်နဲ့အသေးစိပ် ဆွေးနွေးပြီး ကိုဇာနည်ဆီကို ကျမက သတင်းပို့လိုက်တယ်။ ကိုဇာနည်က “ဒါဆို မနွယ်၊ ဘဘဦးသော်ကနဲ့ စပါယ်ဦးတေးသံသွင်း အပေါ်ထပ်မှာ သွားတွေ့ပါ။ ကျန်တာကိုတော့ မနွယ်ဘဲ ဆက် လုပ်ပါ၊“ လို့ တာဝန်ပေးတာကြောင့် ကျမက ကိုစိုးပိုင်နဲ့ကိုကျော်နိုင်ကို ခေါ်ပြီး ဘဘဦးသော်ကနဲ့ သွားတွေ့ခဲ့တယ်။
ဘဘ ဦးသော်က က “မင်းတို့နဲ့ တွေ့ရတာ ၀မ်းသာတယ်။ တိုင်းပြည်ကောင်းဖို့နဲ့ ရေတပ်က ခြေလျင်တပ်ရဲ့လက်အောက်ခံ ဖြစ်နေတာကို ဒို့က လွတ်အောင် လုပ်ရမယ်။ မင်းတို့တပ်က ဘယ်နှစ်ယောက် ထွက်လာမလဲ၊“ လို့ မေးတော့ တပ်ကြပ်ကြည်လှိုင်၊ တပ်ကြပ်လှထွန်း ဦးဆောင်ပြီး ၇၅ ယောက် ထွက်လာခဲ့မယ်။ လက်နက်အပြည့်အစုံ ယူလာခဲ့မယ်လို့ ပြောတော့ ဘဘက “မင်းတို့လက်နက်တွေ မယူလာခဲ့နဲ့၊ ရှုပ်ထွေး ကုန်မယ်။ မင်းတို့နှစ်ယောက်လည်း ထွက်မလာနဲ့၊ စစ်သင်္ဘောမှာဘဲ ဟန်မပျက် ဆက်နေပါ၊ ဒါမှ သတင်းတွေ ရမယ်၊“ လို့ ဆွေးနွေး သဘောတူခဲ့ကြတယ်။
ဒီနောက်မှာ ကျမလည်း သရက်တောကျောင်းတိုက်ရှိ နှစ်ကျိပ်ရှစ်ဆူကျောင်း၊ နိမ္မိတာရုံကျောင်း၊ အင်းဝကျောင်း၊ ကျောက်ပန်းတောင်း ကျောင်း၊ မြန်အောင်ကျောင်းများရှိ သံဃာတော်များနှင့် ချိတ်ဆက်မိသွားခဲ့ရတယ်။ ရေတပ်မှ ထွက်လာမည့် ရဲဘော်များအတွက် နေရေး စားရေး အဆင်ပြေစေဖို့ ကိုဇာနည်နဲ့အတူ စီစဉ်ခဲ့ပါတယ်။
ကျမအနေနဲ့ ဘဘဦးနုနဲ့ သိကျွမ်းခဲ့ရပုံလေးကိုလည်း ပြောပြချင်ပါသေးတယ်။ ကျမရဲ့အဖွားဒေါ်ပု က ဂျပန်တော်လှန်ရေးမှာကာလက တော်လှန်ရေးတပ်များကို ကူညီခဲ့သူဖြစ်တဲ့အပြင် မြစ်ဝကျွန်းပေါ်ဒေသမှ ပြန်လာတဲ့ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်လာတဲ့ တပ်ရင်း ၄ နဲ့ ၅ ကို အဖွားက ကြည့်မြင်တိုင် တရုပ်ကျောင်းလမ်းမှာရှိတဲ့ သူ့ရဲ့အိမ်မှာ ဧည့်ခံ ကျွေးမွေးဖူးခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီး အပါအ၀င် အခြား အရာရှိတွေလည်း ပါဝင်ခဲ့တာ ဖြစ်တယ်။ အဖွားက ဗိုလ်မှူးအောင်နှင့် အလွန် ရင်းနှီးခင်မင်သူလည်းဖြစ်တော့ စစ်တပ်က အရာရှိပါမကျန် ကျမကို ကြီးကြီးပု မြေးလေးဆိုပြီး ခင်မင် ယုံကြည်ကြတာ ပေါ့။ ကျမ ပြောစရာတခု ကျန်သွားတယ်။ အဲဒီနေ့ကဆွေးနွေးပွဲမှာ ကိုကိုကြီး (KQ) နဲ့ ဇော်ဇော်အောင်တို့လည်း ပါဝင်ပါတယ်။
ဒီအချိန်မှာပဲ ကုန်သွယ်ရေးရုံးမှာ ဆန္ဒပြတဲ့လူအုပ်ထဲကို ကုန်သွယ်ရေးရုံးပေါ်ကနေ သေနတ်နဲ့ပစ်လို့ တယောက်ထိ သွားပြီး လူအုပ်ကြီးက ကုန်သွယ်ရေးရုံးရှေ့မှာ တဖြည်းဖြည်း များလာပါတယ်။ ဦးအောင်ကြီး၊ ဦးတင်ဦးတို့ ရောက်လာပြီးေ ဖြရှင်းကြပေမယ့် လူအုပ်က ဒေါသဖြစ်နေတဲ့အတွက် ထိန်းရခက်နေတဲ့အချိန်မှာ ဦးခေမာစာရ၊ ကိုဇာနည်နဲ့ ဗကသ ကျောင်းသားတွေ ရောက်လာပြီး စစ်သားတွေကို သင်္ကန်းတွေ ခြုံပေးပြီး အပြင်ထုတ်လိုက်ရတယ်။ ကျောင်းသားတွေက လုံခြုံရေး တာဝန်ယူပေးခဲ့ကြတယ်။ အဲဒီနေ့က ပစ်တဲ့သူကတော့ စီကျူ (တပ်ခွဲတပ်ထောက် တပ်ကြပ်ကြီး) မြင့်လွင်ဆိုတာ နောက်ပိုင်း ဗိုလ်ချုပ်စောမောင် တီဗွီက ရှင်းတော့ သိရတယ်။ သေနတ်တွေကိုတော့ ကျမတို့ရယ်၊ ဘွဲ့ရကျောင်းသားဟောင်းများရယ်၊ ရကသ ရယ်၊ NIDF အဖွဲ့ရယ် ပေါင်းပြီး ဖွက်သယ်ပေးခဲ့ကြတယ်။ နှစ်ကျပ်ရှစ်ဆူကျောင်းနဲ့ စိန်မောင် ရုပ်ရှင်ခြံနဲ့ အခြား တနေရာရယ်မှာ ပေါ့။ နှစ်ကျပ်ရှစ်ဆူကျောင်းနဲ့ စိန်မောင်ခြံက လက်နက်တွေကိုတော့ အစိုးရက မိသွားခဲ့ပါတယ်။ တနေရာမှာတော့ ခုချိန်ထိ( စာရေးတဲ့အချိန်ထိ) ရှိနေဆဲပါပဲ။ ဒီနေရာကိုတော့ ကျမနဲ့ ဆရာတော် ဦးခေမာစာရ နှစ်ယောက်သာ သိပါတယ်။ ကျန်တဲ့သူတွေ မသိပါဘူး။ ကိုယ့်အဖွဲ့နဲ့ ကိုယ် ခွဲဝေပြီး လုံခြုံရေး ယူပြီး ဆောင်ရွက်ခဲ့ရတာကြောင့် ပါ။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ (၄) ခင်စန်းနွယ် - Sep 28 2012 09:12 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ခင်စန်းနွယ် ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012