ဒုက္ခသစ် သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ

ဘယ်အစွန် ကျနော့်ဘေးက Mr. Claude Mabudu ပါ။ သူ့တိုင်းပြည်က အာဏာရှင်ကို ဆန့်ကျင်လို့ မိသားစုလိုက်ကြီး မာလီနိုင်ငံကို ထွက်ပြေးခဲ့ရပြီး အဲဒီမှာ ၇ နှစ်ကျော် ရင်တမမနဲ့ ပုန်းအောင်းနေခဲ့ရတယ်။ ၂ဝဝ၈ ခုနှစ်မှာ ယူအင်န်ဒုက္ခသည်ရုံးအစီအစဉ်နဲ့ တွန်ဂိုကနေ အမေရိကားကို ရောက်လာတယ်။ အခုတော့ Land of the midnight sun သန်းကောင်ယံသူရိယမြေလို့ဆိုတဲ့ Alaska အလက်စကာမှာ နေနေတယ်။ သူလည်း အကြံပေးဘုတ်အဖွဲ့ဝင် (၉) ဦးထဲက တစ်ဦး ပါ။ သူ ကိုယ်စားပြုတဲ့ပြည်နယ်တွေက အလက်စကာ၊ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ နယူး မက္ကဆီကို၊ ဟာဝိုင်ယီနဲ့ ကော်လိုရာဒိုတို့ ဖြစ်ပါတယ်။ ကျနော့်ကို “မယိုးမယင့် ရာ၊ မင်းနံမည်က ခေါ်ရခက်တယ် ကွ၊ ဒီတော့ ဘားမားဆိုးလ်ဂျားလို့ပဲ ခေါ်မယ်“ ဆိုပြီး ဘယ်တော့မှ ကျနော့်အမည်ကို မခေါ်သူပါ ပဲ။ ကျနော်ကလည်း နောက်တဲ့သဘောနဲ့ သူ့ကို “မင်းနံမည်မျိုးတော့ ဒို့ဆီလည်း မှည့်တတ်ပါတယ်“ ဆိုပြီး ပြောတော့ မျက်ခုံးကြီးပင့်ပြီး “ဟုတ်လား“ တဲ့။ ကျနော်က “အေးပေါ့၊ အသံထွက်လေးပဲ နည်းနည်းကွာတာပါ“ လို့ ပြောပြတယ်။ သူက “ဘယ်လို ထွက်သလဲကွ၊ မင်းတို့စကားနဲ့“ ဆိုပြီး မေးတယ်လေ။ ကျနော်က “မပူတူး လို့ ထွက်တယ်“ ပြောပြီး ရီတော့ သူလည်း လိုက်ရီ လေ။ မပူတူးဆိုတာ ဘာမှန်းသိလို့တော မဟုတ်ပါဘူး။ ဘုမသိဘမသိ လိုက်ရီတဲ့သဘော နေမှာပါ။ ဒီလူက စာကြည့်တိုက်မှူးနဲ့ ကျောင်းဆရာပီပီ သူတစ်ပါး ခံသာအောင် ဆရာလုပ်တတ်ပေမယ့် လူတတ်ကြီးပုံတော့ ဘယ်တော့မှ မဖမ်းဘူးဗျ။ မပြန်ခင် ညနေမှာ “မင်း၊ အာဖရိကန်အစားအစာတွေ ကြိုက်လား“ လို့မေးတော့ ကျနော်က “ကြိုက်တာပေါ့၊ စားလည်းစားတယ်။ တခါတလေ ပေါ့“ ဆိုတော့ “ငါလည်း ဗမာစာတွေ စမ်းစားချင်ပါတယ်။ ဒါပေမယ့် အလက်စကာမှာ ဗမာစာမရဘူး ကွ“ တဲ့။

ဟုတ်သားပဲ။ ဒီလောက်အေးခဲပြီး လူနေကျဲလှတဲ့အရပ်မှာ ဗမာပြည်သားဒုက္ခသည်တွေလည်း ရှိမယ်တော့ မထင်ပါဘူး။

ကျနော့်ညာဘက်က Mr. Vincent Cochetel ပါ။ သူက ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အမေရိကန်ပြည်ထောင်စုတခုလုံးရဲ့ ဒေသဆိုင်ရာ အကြီးအကဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များအရေးကို နှစ်ပေါင်းများစွာကတည်းက နိုင်ငံပေါင်းများစွာမှာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူစကားပြောရင် သူ့မိခင်ဘာသာစကား (ပြင်သစ်သံ) နဲ့မို့ စတွေ့တွေ့ခြင်းမှာ (မနှစ်တုန်းက) မနည်း နားစိုက်ထောင်ရပါတယ်။ သူ Something လို့ပြောရင် ကျနော့်နားထဲ Somesings လို့ချည်း ကြားတယ် ဗျ။ ခုတော့ နား နည်းနည်း ယဉ်လာတာမို့ သိတ် မခက်တော့ဘူးလို့ ဆိုရမှာပဲ။ ကျနော့် နံမည်ကို အပီဆုံးထွက်နိုင်တာ သူတစ်ယောက်ပဲ ရှိတယ်။ သူကတော့ အမေရိကန်တစ်ပြည်လုံးကိုကိုယ်စားပြုရတဲ့ ကုလ ဒုက္ခသည်ဆိုင်ရာဝန်ထမ်းတွေထဲက အကြီးဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံနေရသူမို့လို့လား မပြောတတ်ဘူး ဗျ။ ဘာသံဝဲဝဲနဲ့ အင်္ဂလိပ်လိုပြောပြော အကုန် နားလည်တယ်ဗျာ။ အံ့ရောပဲ ကျနော်ဖြင့်။ နောက်ပြီး မနှစ်တုန်းက ကျင်းပခဲ့တဲ့ ကုလဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်စာချုပ် ချုပ်ဆိုခြင်း နှစ်ခြောက်ဆယ်ပြည့်မြောက်ခြင်းနဲ့ ဒုက္ခသည်များ ညီလာခံ ကျင်းပတော့ တစ်ပြည်နယ် တစ်ယောက်နှုန်းနဲ့ လူ (၅ဝ) ရယ်၊ ဒီရောက်ပြီး နယ်ပယ်တစ်ခုခုမှာ အောင်မြင်နေတဲ့ ဒုက္ခသည် (၁ဝ) ဦး ရယ်၊ ပေါင်း လူ (၆ဝ) ကို ဖိတ်တော့ ကျနော်လည်း သွားတက်ရပါတယ်။ ညီလာခံမှာ သူက အဖွင့်စကားအမှာနဲ့ အပိတ် ကျေးဇူးတင်စကားတွေ ပြောတယ်ဗျ။ ညီလာခံ နောက်ဆုံးနေ့ ညနေပိုင်းမှာ ကျနော်တို့ လူ (၆ဝ) ကွန်ဂရက်စ်အဆောက်အဦးကြီးထဲသွားပြီး ကြည့်ရှုလေ့လာရေး လုပ်တော့လည်း သူပဲ ဦးဆောင်တာပါ။ သူ့လက်ထောက်တွေနဲ့ ကွန်ဂရက်စ်ဝန်ထမ်းတွေက လိုက် ရှင်းပြ ပြောပြ၊ ကျနော်တို့ကလည်း မေးကြမြန်းကြပေါ့ လေ။ အပြန်ကျတော့ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ် ဗျ။ လူတိုင်းလိုလို ကင်မရာပါတော့ တယောက်က ဒိုင်ခံပြီး ကင်မရာတွေ အကုန်ရိုက်ရတာဆိုတော့ အကြာကြီး မတ်တပ်ရပ်ပေးရတာ လေ။ အဲဒါကို ကျနော်က “ဒါမှ တကယ့်ဒုက္ခ“ လို့ တွေးမိပြီး ပြုံးတာကို (၄)ေ ယာက်ကျော်ကနေ သူ မြင်တော့ လက်မလေး လှမ်းထောင်ပြီး “တောင့်ထား“ ဆိုတဲ့သဘော အချက်ပြခဲ့တာလေး မှတ်မိနေတယ်။ သူလည်း မှတ်မိတယ်ဗျာ၊ အဲဒီ အခိုက်အတန့်လေးကို။ ခု တနှစ်ကြာပြီး ပြန်တွေ့ချိန်မှာ အဲဒါ ပြန်ပြောပြီး ကျနော်တို့ ရီမောဖြစ်သေးတယ် လေ။

ရှေ့က အမျိုးသမီးက Hadidja Nyiransekuye ဖြစ်ပါတယ်။ ရဝမ်ဒါကနေ ရောက်လာပြီး (၂ဝဝဝ) ခုနှစ်မှာ နိုင်ငံရေးခိုလှုံခွင့်ရသူ ဖြစ်ပါတယ်။ (၁၉၉၄) ရဝမ်ဒါမှာ ဟူတူနဲ့တွတ်ဆီတွေ လူမျိုးတုံးသုတ်သင်ပွဲဖြစ်ချိန်က မျက်မြင်သက်သေဖြစ်ခဲ့ပြီး The lances were looking down အမည်ရှိ အောက်မေ့ဖွယ်အဖြစ်ဆိုးတွေအကြောင်း စာအုပ်ပြုစုရေးသားခဲ့သူ ပါ။ သူက ဟူတူ၊ သူ့အမျိုးသားက တွတ်ဆီ။ ခုတော့ ကွယ်လွန် ရှာပါပြီ။ အဲဒီတုန်းက လူမျိုးစု (၂) ဘက်စလုံးက သူတို့မောင်နှံကို ရန်သူလို့ သတ်မှတ်ပြီး အပြတ်ရှင်းမယ် ကြံနေကြတုန်း အမေရိကန်က အထူးပညာသင်ဆုပေးပြီး သူတို့ကို ခေါ်ထုတ်လိုက်ပါတယ်။ ဆွာဟီလိ၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ရဝမ်ဒါဘာသာစကား (၄) မျိုးစလုံးကို အပီအပြင် ပြောနိုင် ရေးနိုင်ဖတ်နိုင်သူပါ ပဲ။ ခု သူက ဒုက္ခသည်အမျိုးသမီး အရေးအရာများ ဘာသာရပ်နဲ့ ပါရဂူတန်း တက်နေပါတယ်။ ခြေတစ်ဖက်မသန် ရှာတော့ လမ်းလျှောက်အားပြုကိရိယာ တပ်ပြီး တုတ်ထောက်နဲ့ လမ်းလျှောက်ရတယ်။ ကျနော်က ဂျိုင်းထောက်နဲ့ ဆိုပေမယ့် သူ့ထက် မြန်မြန် လျှောက်နိုင် ရွှေ့နိုင်တော့ သူက ပြောတယ် ဗျ။ “မျိုး၊ ငါက ခြေလက်အပြည့်အစုံ ရှိပေမယ့် မင်းလောက် မြန်မြန် မသွားနိုင်တော့ ခက်တာပဲ နော“ တဲ့။ တနေ့ သူနဲ့ကျနော် တက္ကစီတစင်းနဲ့ ဟော်တယ်လ်ကို အတူပြန်တယ်။ ကားပေါ်ကဆင်းချိန်မှာ ကျနော်က နောက်ခန်းက အရင်ထွက်ပြီး ရှေ့ခန်းတံခါးကို သွား ဖွင့်ပေးတော့ မျက်လုံးနှစ်ဖက်လုံး မျက်ရည်တွေအပြည့်နဲ့ “မျိုးရေ၊ ရုပ်ပိုင်းအရ မသန်သူ Handicap ဖြစ်ရုံနဲ့ အဲဒီသူကို မသန်မစွမ်းသူ Disable ပြောရင် မမှန်နိုင်ဘူးဆိုတာ ဒို့လို လူတွေက သက်သေပြနိုင်အောင် ကြိုးစားကြရမှာပဲ“ တဲ့။ ခု လောလောဆယ် ကော်လိုရာဒိုပြည်နယ်၊ ဒင်န်ဗာမြို့မှာ နေပြီး ရာဇဝတ်မှု အကျူးလွန်ခံရသူတွေကို အကာအကွယ်ပေးတဲ့ အေဂျင်စီမှာ အလုပ်လုပ်ရင်း လိုသူတွေကို အကူအညီ ပေးနေပါတယ်။ တရားရုံး၊ အကျဉ်းထောင်၊ ရဲစခန်း၊ ဆေးရုံဆေးခန်းတွေမှာ စကားပြန် ဘာသာပြန်နဲ့ လူမှုလုပ်သား အဖြစ် ပေါ့ ဗျာ။ သူက အရံဘုတ်အဖွဲ့ဝင်အဖြစ်နဲ့ ကော်လိုရာဒိုပြည်နယ်ကို ကိုယ်စားပြုပါတယ်။

အဲဒီ အမျိုးသမီး အနောက်တည့်တည့်က ရပ်နေသူက Omar Bah တဲ့။ ကျနော်က သူ့ကို အိုမာလို့ မခေါ်ပဲ ဥမ္မာလို့ ခေါ်တော့ “ဘာ အဓိပ္ပါယ်လဲ“ လို့ မေးတယ် လေ။ ကျနော်က “ယဉ်ယဉ်လေး ပြောရရင် အလွန် ချောမောလှပပြီး တွေ့သမျှ ပုရိဿတွေကို ရူးသွပ်သွားစေနိုင်တဲ့ အလှပိုင်ရှင် အိန္ဒိယတိုက်ဖွား ရာဇဝင်ထဲက မိန်းမလှတယောက် ပေါ့ လေ“ ဆိုတော့ သူက ထပ် မေးတယ်၊ “ရိုင်းရိုင်းလေး ပြောရင် ရော“ တဲ့။ ကျနော်က “ပုထုဇနော၊ ဥမ္မတကော“ လို့ ဘုရားဟောရှိတဲ့ အကြောင်း၊ ဒါပေမယ့် အဲသလိုဆိုတာနဲ့ လူတိုင်းဟာ သွက်သွက်ခါ ရူးနေကြတဲ့ အရူးကြီးတွေလို့တော့ မှတ်ယူဖို့ မဟုတ်ကြောင်း၊ လူသားဟာ သူ စူးစိုက်ပျော်ဝင်ရာ တစ်ခုခုမှာ ရူးသွပ်နေကြတာ ဆိုတာကို မြတ်ဗုဒ္ဓက ဥဒဟာရုံသဘော ဆောင်တာဖြစ်ကြောင်း ရှင်းပြတော့ အားရပါးရ ရီပြီး “ဟုတ်တယ်၊ ငါက ကမ္ဘာကျော် ဂျာနယ်လစ်ကြီးဖြစ်ချင်လို့ ရူးနေ Crazy ဖြစ်နေတာကွ၊ ဗုဒ္ဓဝါဒကို အလွန် သဘောကျပေမယ့် ထဲထဲဝင်ဝင်တော့ ငါ မလေ့လာခဲ့ဖူးဘူး။ ခု မင်းပြောတော့ ငါ့ လေ့လာချင်စိတ်ကို ပြန် ဆွပေးလိုက် သလိုပဲ“ လို့ ပြောတယ်လေ။ သူလည်း ဂမ်ဘီယာနိုင်ငံ (Gambia) မှ အမေရိကားကို (၂ဝဝ၇) ခုနှစ်တုန်းက ရောက်လာတာပါ။ အသက်က အခုမှ (၃၃) နှစ်သား၊ ဒါပေမယ့် Rhode Island ပြည်နယ်မှာ နိုင်ငံတကာ ဒုက္ခသည်များ အကျိုးဆောင်နဲ့ ကူညီ ထောက်ပံ့ရေး အေဂျင်စီကို စ ထူထောင်ခဲ့သူပါ ပဲ။ သူ့ တိုင်းပြည်ဟောင်းမှာ နေတုန်းက အာဏာရှင်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်တာ၊ အကျင့်ပျက် ခြစားတာ၊ တိုင်းပြည်နဲ့ လူထုအပေါ် နှိပ်ကွပ်တာတွေကို ကမ္ဘာသိအောင် ဖွင့်ချ ဖော်ထုတ်ခဲ့လို့ အစိုးရက အသေရရ အရှင်ရရ ဖမ်းဝရမ်း ထုတ်တာနဲ့ အိမ်နီးခြင်း ဆီနီဂေါလ်နိုင်ငံကို ထွက်ပြေး၊ အဲဒီမှာ ကုလအကူအညီနဲ့ (၁၁) လလောက် နေခဲ့၊ နောက်ဆုံး ဒီကို ဒုက္ခသည်အဖြစ်နဲ့ ရောက်လာတာပါ။ အခု လောလောဆယ်မှာ အိမ်ခြံမြေ အပေါင်ခံ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်၊ ကျောင်းလည်း တက်နေတယ်၊ လူမှုကူညီရေးတွေ လုပ်တယ်။ ကမ္ဘာကျော် ဂျာနယ်လစ်ကြီးဖြစ်ချင်တဲ့ အိပ်မက်တွေ တပွေ့တပိုက်နဲ့ ဘာသာစကား (၄) မျိုးလောက် ကျွမ်းကျင် တတ်မြောက်သူပါ ပဲ။ ပြန်ခါနီး နှုတ်ဆက်တော့ “မျိုး၊ မင်း ငါ့ကို ဗုဒ္ဓဝါဒနဲ့ ပတ်သက်လို့ လေ့လာစရာ အင်္ဂလိပ်လို ရေးထားတဲ့၊ အွန်လိုင်းကနေ ဝယ်လို့ရမယ့် Sources တွေ ပို့ပေးပါလား“ တဲ့။ သူက ရိုဒ်အိုင်လင်းန်ဒ်၊ ကွန်နက်တီကပ်၊ မက်ဆာချူးဆက်၊ မိန်း Maine၊ နူးဟမ့်ရှိုင်းယား၊ နယူးဂျာစီနဲ့ ဗားမောင့်ပြည်နယ်တွေကို ကိုယ်စားပြုပါတယ်။

သူ့ဘေးက ဝတ်စုံပြည့်နဲ့ မျက်မှန်နဲ့ စတိုင်ကျကျပုဂ္ဂိုလ်ကတော့ Thon Moses Chol တဲ့ ဗျ။ ဆူဒန်သား ဗျ။ ဒီကို (၂ဝဝဝ) ခုနှစ်က ရောက်တာပါ။ သူတို့အကြောင်း “Lost Boys” ဆိုပြီး ရိုက်ထားတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းကားလည်း ရှိသဗျ။ သူက ဝေါ်ရှင်တန်ဒီစီမှာ အမေရိကန်အစိုးရရဲ့ ဒုက္ခသည်များဆိုင်ရာ အကျိုးဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းနဲ့ လူမှုလုပ်သားအဖြစ်လည်း အသက်မွေးဝမ်းကြောင်း ပါတယ်။ လူကောင်ကြီးပြီး အရပ်ကြီးသာ မိုးထိုးနေတာ၊ စကားပြောရင် တိုးတိုးညင်ညင်သာသာ ပြောသူဆိုတော့ ဘုတ်အဖွဲ့အစည်းအဝေးမှာ သူ ပြောတဲ့အခါတိုင်း မနည်း နားစိုက်ထောင်ရပါတယ်။ တစ်ခါမှာတော့ အိုင်ဒါဟိုပြည်နယ်သား (အိုင်ဒါဟို၊ မွန်တာနာ၊ နီဗားဒါး၊ အော်ရီဂွန်၊ ယူတာ့ခ်၊ ဝေါ်ရှင်တန်ပြည်နယ်နဲ့ ဝိုင်ယိုမင်းပြည်နယ်တွေကို ကိုယ်စားပြု ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့) Mr. Fidel Nshombo က သူနဲ့ တစ်ယောက်ကျော်မှာ ထိုင် နားထောင်နေရာက “မစ္စတာသွန်ခင်ဗျား၊ အသံ နည်းနည်းကျယ်ပြီး ပြောပေးပါလား ဗျာ“ လို့ ပြောတော့မှ ခဏလေး နည်းနည်း ကျယ်လာတယ်။ နောက်တော့လည်း နဂိုအတိုင်း ပြန် တိုးသွားတာပါ။

သူ အသက် (၄) နှစ်သားမှာ ဆူဒန်ပြည်တွင်းစစ်ကြီးက သူ့အိမ်ဝ ရောက်ချလာတာ လေ။ ဒီတင် သူနဲ့ သူ့သူငယ်ချင်းတွေလည်း မိတကွဲ ဖတကွဲနဲ့ အုပ်စုလိုက်ကြီး ခြေဦးတည့်ရာ ထွက်ပြေးကြတော့တာပဲ။ ဆူဒန်တပြည်လုံးအနှံ့ ပဲ။ နောက်တော့ ကပ်လျက်က အီသီယိုးပီးယား၊ ကင်န်ညာ စတဲ့နိုင်ငံတွေထဲအထိ ရောက်။ ဒုက္ခတွေ အစုံတွေ့။ အဲသလို နှစ်ပေါင်းများစွာ ဒုက္ခပင်လယ်တွေ ဝေနေခဲ့ပြီး နောက်ဆုံး ယူအင်န်က အဲဒီကလေးအုပ်ကြီးကို ရှာတွေ့၊ အဆက်အသွယ်ရပြီး သူလည်း အမေရိကား ရောက်လာတာပါ။ (ဘားတော့ဘရက်ရဲ့ - ကလေးတွေ အမေပျောက်စဉ်က - ကဗျာတောင် ပြန် သတိရချင်စရာ) အခုတော့ Social Work ဘာသာတွဲနဲ့ ရိုးရိုးဘွဲ့ရပြီးလို့ ဘွဲ့လွန်တန်း ဆက် တက်နေပါတယ်။ သူ့အကြောင်းက ပြောစရာ အများသား ဗျ။ အတော် ကြိုးစားပြီး အတော်လည်း ဒူပေဒဏ်ပေ တုံးပေကပ်သပ် နိုင်သူလို့ ပြောရမှာပဲ။ ဒီလောက် ဘဝဒုက္ခတွေ ရင်စည်းခံခဲ့တာတောင် အခုချိန်ထိ အပြုံးက မပျက်ဘူး။ အစိုးရအလုပ်ထဲမှာတင် မကပါဘူး၊ အပြင်က လူမှုရေးလုပ်ငန်းတွေ မြို့နဲ့ဆိုင်တဲ့ အသင်းအပင်း၊ အဖွဲ့အစည်းတွေမှာလည်း အချိန်ပြည့် စေတနာ့ဝန်ထမ်း လုပ်တာဗျ။ ကျနော်က သူ့ကို နောက်ပြီး “မင်းကို သူများတွေက သွန် Thon လို့ခေါ်ပေမယ့် ငါကတော့ ဖြစ်နိုင်ရင် ချို Cho လို့ ခေါ်ပါရစေ“ ပြောတော့ သူက “မင်း ခေါ်တဲ့ Cho က L အသံ မပါဘူးနော်“ လို့ ဆိုပါတယ်။ ကျနော်က “အေးလေ၊ ငါ့ ကလောင်အမည် က မျိုးမြင့်ချို ဆိုတော့ မင်းနံမည်ကိုလည်း ငါက ဗမာလို ခေါ်တာပေါ့ ကွ“ ဆိုတော့ အသံတိုးတိုးလေးနဲ့ ရီပြီး “ကောင်းသားပဲ“ လို့ ပြောတယ်ဗျ။ သူ့မှာ IPad လေးပါလာတော့ ဓါတ်ပုံတွေလည်း သူပဲ ဒိုင်ခံရိုက်နေသလားတောင် မှတ်ရပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ဧည့်သည် ပါ။ ကျနော်တို့ Refugee Congress Advisory Board (RCAB) လည်း မဟုတ်တာရယ်၊ တွေ့ချိန်က နည်းလွန်းတော့ နံမည်မေး မိတ်ဆက်တာလေးတောင် လုပ်ချိန် မရလိုက်ပါဘူး ဗျာ။

အမှန်တကယ် ဒီ အစည်းအဝေးကို တက်လာရမှာက စုစုပေါင်း ဘုတ်အဖွဲ့ဝင် (၈) ဦး၊ အရံ အဖွဲ့ဝင် (၁) ဦးနဲ့ ကုလသမဂ္ဂ အမေရိကန် ပြည်ထောင်စု ဒေသဆိုင်ရာရုံးက တာဝန်ခံအပါအဝင် အခြား အရာရှိ (၃) ဦး ဖြစ်ပါတယ်။ ကုလတာဝန်ရှိသူတွေ အကုန် တက်ခဲ့ပါတယ်။ ဘုတ်အဖွဲ့ဝင်တွေထဲက (၂) ဦးက ပျက်ကွက်ခွင့် ကြိုတင် တောင်းခံထားပြီးသားဆိုတော့ သူတို့ဆီ အစည်းအဝေးမှတ်တမ်းနဲ့ ဆုံးဖြတ်ချက်တွေကို ပို့ပေးခဲ့ပါတယ်။ အွန်လိုင်းကနေ၊ အီးမေးလ်ကနေ တယ်လီဖုန်း စပီကာဖွင့်ပြီး တဆင့် ဝင် ဆွေးနွေးကြပါတယ်။ ကျနော်တို့ (RCAB Members) တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲဆိုတာ ရယ်၊ အခန်းကဏ္ဍနဲ့ တာဝန်ရှိမှုတွေ Roles and Responsibilities အကြောင်းရယ်၊ ကျနော်တို့ ဘာတွေ လုပ်ခဲ့ကြ ပြောခဲ့ ဆိုခဲ့ ဆွေးနွေးခဲ့ဆိုတာတွေကို နောက်ပိုင်းဆက်ပြီး ပြောပြပေးသွားမယ်လို့ စိတ်ကူးထားပါတယ် ခင်ဗျား။

မျိုးမြင့်ချို
အတွေ့အကြုံ - ဒုက္ခသစ် သောင်းပြောင်းနဲ့ ဒုက္ခသည်ဟောင်းတွေ မျိုးမြင့်ချို - Sep 26 2012 01:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005