အတိတ်မှ အရိပ်များ (၃)
While Ko Zar Ni meets Daw Aung San Suu Kyi

ကိုဇာနည်ကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်နေစဉ်

ဒီအချိန်မှာ ၀င်ဒါမီယာဘက်ကို ပြေးတဲ့လူတွေအားလုံး အဖမ်းခံကြရပါတယ်။ ၀င်ဒါမီယာမှာ ချမ်းသာတဲ့သူတွေ ရာထူးကြီးတဲ့သူတွေက တိုက်ကြီး ခြံဝင်းကြီးတွေနဲ့နေကြတာပါ။ ပြေးလာတဲ့ကျောင်းသားတွေကိုတံခါးဖွင့်မပေးရဲကြဘူးလေ ဒါကြောင့် အားလုံးအဖမ်းဆီးခံခဲ့ကြရပါတယ်။

ရွှေဂုံတိုင်နဲ့ လမ်းသစ်ဘက် ပြေးတဲ့သူတွေကတော့ အိမ်တွေကအားလုံးကို ဖွက်ပေးထားကြတော့ လွတ်ကြပါတယ်။ ချီတက်နေတဲ့ သူတွေကလည်း ချီတက်နေကြဆဲ ပါ။ တယောက်ပြီးတယောက် ရောက်လာကြပါတယ်။ မျိုးသန့်နဲ့အချို့လည်း ရောက်လာကြပါပြီ။ သူကတော့ လူပုသလောက် စကားပြောရင် လူကြီးဆန်ဆန်ပြောတတ်တယ်။ ကျမတို့အားလုံး ဗိုက်ဆာလာတော့ ကျမတို့ဆိုင်နဲ့က အနီးဆုံးဆိုတော့ ဆိုင်ကိုလိုက်ပြီး အားလုံး ထမင်းစားကြပါတယ်။ စားပြီး ကျမတို့အုပ်စု မြို့ထဲဘက်ကိုဆက်သွားခဲ့ကြတယ်။ မြို့ထဲမှာလည်း ညက မြို့တော်ခန်းမရှေ့မှာ ပစ်ထားတဲ့အကြောင်းကို သံဃာတော်က ပြောပြကြပါတယ်။ ဒါနဲ့ကျမတို့အုပ်စုလည်း ငါးထပ်ကြီး ဘုရားက ရေလည်ကျောင်းမှာ လူပြန်စုဖို့ ပြောပြီး လူစုခွဲခဲ့ကြတယ်။

ညပိုင်း တွေ့ဆုံကြတော့ နောက်ရက်တွေမှာ ဆက်ပြီး ဆန္ဒပြကြဖို့ စည်းဝေးခဲ့ကြပါတယ်။ ဒီအချိန်မှာ နိုင်ငံရေးသမားဟောင်းတွေ ဖြစ်ကြတဲ့ ဘဘဦးနု (၀န်ကြီးချုပ်)၊ ဘဘဦးသန်းစိန် တို့နဲ့ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်ဝင်) တို့တွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြပြီး သပိတ်ထဲမှာ ပူးပေါင်းမယ်လို့ သတင်းရနေပါတယ်။ တပြိုင်နက်ထဲမှာဘဲ ကျမရဲ့မိတ်ဆွေလည်းဖြစ် ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုဇာနည်က ဆက်သွယ်လာခဲ့ပါတယ်။ “မနွယ်၊ အခု ဆန္ဒပြလှုပ်ရှားနေတယ်လို့ ကြားရတယ်။“ လို့ ပြောပါတယ်။ ကျမလည်း ဟုတ်မှန်ကြောင်းပြောပြီး သူနဲ့တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုဇာနည်ဆိုတာ တခြားလူ မဟုတ်ပါဘူး။ မြို့မ အမျိုးသား အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ဦးစောလွင်ရဲ့သား ပါ။ အင်မတန်မှ ထက်မြက်ပြီး တက္ကသိုလ်မှာ လက်ထောက်ကထိက ၀င် လုပ်နေတယ်။ လယ်ကတုံးအင်္ကျီ ကချင်ပုဆိုးနဲ့မဟာနဖူးနဲ့ နှာတံပေါ်ပေါ် စူးရှ ထက်မြက်တဲ့ မျက်လုံးနှစ်လုံး ပိုင်စိုးထားသူ ပါ။ ဒီ အရေးအခင်းကြီးကို စတင်နိုင်အောင် ကျောင်းသား ခေါင်းဆောင်တွေကို အကြံပေးပြီး နိုင်ငံရေးမှာ ဦးဆောင် ပါဝင်ခဲ့တဲ့အပြင် ဦးထွေးမြင့်၊ ဦးအုန်းမြင့်၊ ဦးခေမာစာရ (ရဟန်းပျိုသမဂ္ဂ) တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး စည်းရုံးခဲ့တဲ့သူ ပါ။ တက္ကသိုလ်အရံတပ်ရင်း မှာ သင်တန်းတက်ခဲ့ပြီး သင်တန်း ပြန် ပို့ချနိုင်ခဲ့ပါတယ်။ အင်မတန်မှတော်ပြီး ထက်မြက်လှပါတယ်။ ဦးနု၊ ဦးသန်းစိန် (သီရိပျံချီ)၊ ဗိုလ်မှူးအောင်တို့အပြင် ဂျပန်၊ အိန္ဒိယ၊ အမေရိကန်သံမှူးများနဲ့ပါ အဆက်အသွယ် ရှိပါတယ်။ နိုင်ငံတကာ ဗဟုသုတအပြင် ပြည်တွင်းရဲ့နိုင်ငံရေးကိုလည်း သေချာ လေ့လာထားတဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်။

ဦးစန်းယု နှုတ်ထွက်ကြောင်း ကြေငြာတာသိခဲ့ရတယ်။ ဦးအောင်ကြီး၊ ဦးစိန်ဝင်း နဲ့ အခြားသူတွေလည်း ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ဒီအချိန်မှာ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်လည်း ပေါ်ပေါက်လာပါပြီ။ ပင်နီအကျိံနဲ့ လှည့်လည် တရားဟောနေပါပြီ။ ကိုမင်းကိုနိုင်နဲ့ အခြား ကျောင်းးသားခေါင်းဆောင်များလည်း ပါဝင်လာပါပြီ။ ကိုဇာနည်လည်း ချိတ်ဆက်ပြီး အခြား ကျောင်းသားခေါင်းဆောင် များလည်း ပါဝင်လာကြတယ်။ ကိုဇာနည်က တက္ကသိုလ် အရံတပ်ရင်းမှာ သင်တန်း တက်ခဲ့ဖူးတော့ လက်နက်အကြောင်း အနည်းငယ် သိရှိပါတယ်။ ဆိပ်ကမ်းမြို့နယ်က အလုပ် သမား ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနဲ့ ဦးမောင်ကိုတို့က နဂိုကတည်းက ခင်မင်ရင်းစွဲ ရှိခဲ့ပါတယ်။သူတို့က အစောဆုံး သပိတ်ထဲကို ပါဝင်လာသူတွေ ပါ။ ဦးအောင်လွင်နဲ့ ဒေါ်သန်းရွှေတို့လို ရုပ်ရှင်အနုပညာရှင်များစွာလည်း ပါဝင်လာခဲ့ကြပါပြီ။ စိုင်းထီးဆိုင်ကလည်း တက်ကြွသူတယောက် ပါ။

ကျမတို့တွေက နေ့စဉ်ဆန္ဒပြ လှည့်လည်စဉ် နေ့စဉ်ဆိုတဲ့ သီချင်းကတော့ ရဲရဲတောက် ဒို့ဗမာတွေ။ ကြွေးကြော်သံတွေကတော့ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ We want Democracy ။ စိန်လွင် ခြောက်တန်း တဇောက်ကမ်း၊ ဆန်တပြည် ၁၆ ကျပ် စိန်လွင်ခေါင်းကို ဖြတ်။ ဘဲဥတလုံး နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကို ခွဲ၊ ရူးကြောင် မူးကြောင် ဦးမောင်မောင် အရူးထောင်ကို ပို့လိုက်ပါလား၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ဒို့ တောင်းတာက ဒီမိုကရေစီ၊ သူတို့ပေးတာက ဂျီသရီး ဂျီဖိုး၊စသည်ဖြင့် ကြွေးကြော်ခဲ့ကြပါသည်။

အဲဒီထဲမှာ ရယ်စရာတခုကတော့ ကျမတို့တပ်ဦးနောက်မှာ တနေ့မှာတော့ မာမီစိန် ဦးဆောင်တဲ့မိန်းမလျာအဖွဲ့ဆန္ဒပြကြတယ်။ သူတို့ကလည်း ဒို့အရေးလို့ ဆို၊ ဒို့အရေးလို့ ဆို လို့ အော်ပြီး ကနွဲ့ကလျနဲ့ ခြေထောက်ကိုလည်း ဆောင့်လိုက်ကြသေးတယ်။ ကျမတို့အဖွဲ့ ချွေးဒီးဒီးကျနေတဲ့အထဲက မအောင့်နိုင်ဘဲ ရယ်မိကြတယ် လေ။ မြို့တိုင်းနယ်တိုင်းက သပိတ်အဖွဲ့ခေါင်းဆောင်တွေ ရောက်လာကြတယ်။ ရန်ကုန်က အခြေအနေနဲ့ အထွေထွေ သပိတ်ကော်မတီအဖွဲ့က ဆုံးဖြတ်ချက်တွေ သိချင်လို့ ရောက်လာကြတာပါ။ နောက်ပြီး နယ်မြို့အတော်တော်များများမှာ သပိတ်ပြပွဲတွေ အင်အားကောင်းနေပြီး အစစအရာရာ အဆင်သင့် ဖြစ်နေကြောင်း၊ အထွေထွေ သပိတ်ကောင်မတီရဲ့ ညွှန်ကြားချက်ကို စောင့်နေကြောင်း ပြောပြကြပါတယ်။ ရှေ့ဆက်လုပ်ရမယ့် အစီအစဉ်တွေ ဆွဲရန်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြဖို့ ဦးဆောင်အဖွဲ့တခု လိုနေကြောင်း ပြောပြကြပါတယ်။ နယ်က ရောက်လာတဲ့ သပိတ်အဖွဲ့တွေကို တောင်ဥက္ကလာက ပဒေသာကွင်းထဲမှာ စုပြီး စခန်းဖွင့်ထားပါတယ်။ စခန်းဖွင့်ပွဲမှာ စာရေးဆရာမ (ဒေါ်) ကြည်ဦး (ဇာဂနာရဲ့ မိခင်)၊ မင်းသိင်္ခ၊ ကျော့မောင်မောင်ညွန့်၊ ကျော်လင်းနိုင်၊ သန်းမြင့်အောင်စတဲ့ စာပေသမားတွေက တရားဟောကြပါတယ်။

ထိုအချိန်မှာတော့ ဘားကောင်စီလို့ ခေါ်တဲ့ ရှေ့နေများအဖွဲ့တွင် ဦးသန်းမြင့် ဦးဆောင် ဖွဲ့စည်းခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီး ၁၉/၂၀ တွင် အထွေထွေသပိတ်ကော်မတီကို စတင် ဖွင့်လှစ်ခဲ့ကြပါတယ်။ ကျမတို့ ဗဟန်းတွင် ဘရင်းကယ်ရီယာကားများဖြင့် လှည့်လည်နေတယ်။ တပ်ရင်းကတော့ တပ်မ ၂၂ လက်အောက်ခံ ချင်းသေနတ်ကိုင်တပ်ရင်းနဲ့ အမှတ် (၂) တင့်ကားတပ်ရင်း (မှော်ဘီ)တို့ ပူးပေါင်းလာခြင်း ဖြစ်ပါတယ်။

သြဂုတ်လ (၁၀) ရက်နေ့၊ အဲဒီနေ့မနက် ၈ နာရီမှာ ကျမတို့အိမ်က မထွက်ခွါသေးခင် တောင်ဥက္ကလာပမှာ ရှိတဲ့ သံဃာတော်တွေနဲ့ လူထုတွေ ပါဝင်တဲ့ စစ်ကြောင်းအလိုက် ချီတက်လာတာကို ဘရင်းကယ်ရီယာတွေပေါ်က ပစ်တာကြောင့် ထွက်ပြေးကြရာမှာ ကျမတို့ ဗဟန်းဈေးဘက်ကို ထွက်ပြေးလာခဲ့ကြတယ်။ ရိန်းဂျားကားပေါ်က စစ်သားတွေ ခုန်ဆင်းပြီး တအိမ်ဝင် တအိမ်ထွက်နဲ့ ဆန္ဒပြသူတွေကို လိုက်လံ ရှာဖွေနေတာ သရဲသဘက်လိုပါ ပဲ။ ကျမတို့အိမ်ကို ၀င် စစ်တော့ ကျမရဲ့ဦးလေး ဦးစံဝင်းကို မေးမြန်းတယ်။ ဦးလေးက ဘာမှ ပြန်မပြောတာကြောင့် ဦးလေးရဲ့ဗိုက်ကို သေနတ်နဲ့ထိုးပြီး ချိန်ထားတယ်။ ကျန်တဲ့ စစ်သားတယောက်က လှေခါးဘက်ကို ကြည့်ပြီး ရေစက်တွေ တွေ့တော့ အပေါ်ကိုတက်ကြည့်တာ ကျောင်းသား လေးယောက်ကို တွေ့သွားပါရော၊ အတင်းဆွဲချပြီး မျက်နှာကို သေနတ်ဒင်နဲ့ ရိုက်လိုက်တာ သွေးတွေ စီးကျလာတာ တွေ့ရတယ်။ ရက်စက် ကြမ်းကြုတ်တဲ့ စစ်ကျွန်တွေကို မျက်ဝါးထင်ထင် တွေ့ရတာ အလွန်ပဲ ရွံစရာကောင်းပါလားလို့ မှတ်ချက်ချမိပါတယ်။ အဲဒီ ကျောင်းသား လေးယောက်ကို ကားပေါ် အတင်းဆွဲတင်သွားတယ်လေ။ ရင်ထဲမှာ ဆို့ကြပ်ပြီး တကိုယ်လုံး နတ်ပူးသလို တုန်လာတယ်။ ဒေါသကြောင့်လား ၊ မခံချင်စိတ်ကြောင့်လားဆိုတာ ဝေခွဲမရလောက်အောင်ပါပဲ။ ကျန်တဲ့ ကျောင်းသားလေတွေက အနောက်ဘက် အိမ်ပေါက်ကနေပြီး နောက်ဖေးမှာ ပုန်းနေကြတော့ လွတ်မြောက်ခဲ့ကြတယ်။ ကျမ တို့လည်း အပြင်ဘက်ကို ထွက်လာခဲ့ရာ လမ်းထိပ်မှာ အောင်ကျော်ဦးက စစ်သားကို ဒါးနဲ့ ၀င် ခုတ်တာ စစ်သားက သေနတ်နဲ့ ပစ်လိုက်တော့ လည်ပင်းမှာ ရှပ်ထိသွားပြီး ဆေးရုံကို ပို့လိုက်ကြတယ်။

ညမထွက်ရ အမိန့်ကြေငြာလိုက်တာ သိရတယ်။ မဆလပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ကျမတို့ ဆက်လက် တိုက်ပွဲဝင်ဆဲ ဖြစ်ပါတယ်။

ဆေးရုံကြီးမှာ ကိုဇာနည်နဲ့ တွေ့ဆုံခဲ့တယ်။ကိုဇာနည်က ကျမကို ညနေမှာ ဘန်းကြီးကျောင်းဘက် (သရက်တောကျောင်းတိုက်ဘက်) ကို လာဖို့ ချိန်းခဲ့တယ်။ ညနေပိုင်းမှာ ကိုထွန်းထွန်းဦးနဲ့ ကျမတို့ သွားပြီးတွေ့ဆုံခဲ့ပါတယ်။ ကိုဇာနည်က “မနွယ်က ကျနော်နဲ့ သိကျွမ်းခဲ့တာ ကြာပြီဖြစ်လို့ ယုံကြည်ပါကြောင်း၊ ကျနော်တို့ မြန်မာနိုင်ငံအတွက် လှုပ်ရှားမှုတွေလုပ်ကြမယ်၊ အရေးကြီးတဲ့ ကိစ္စရပ်တွေ ဖြစ်လို့ နှုတ်လုံဖို့ လိုအပ်ကြောင်း။“ ပြောပြပါတယ်။ ထို့နောက် သူက နောက်ကွယ်ကသာ ဆောင်ရွက်မှာ ဖြစ်လို့ အိမ်မှာမနေတော့ကြောင်း။ သူ နေထိုင်မည့်နေရာနှင့် ဆက်သွယ်ဖို့ ဖုန်းနံပါတ်များ ပေးထားခဲ့ပါတယ်။

နောက်ထပ် သူက ပြောပြတာကတော့ ဦးထွေးမြင့်၊ သခင်အုန်းမြင့်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ သွားရောက်ပြီး ရှင်းလင်း စည်းရုံးမှာဖြစ်ကြောင်း ကျမကို ပြောပြခဲ့ပါတယ်။ သြဂုတ် ၂၂ ရက်နေ့မှာ ဆန္ဒပြသူတွေ မထွက်ရဲအောင် မာရှယ်လောအမိန့် ထုတ်လိုက်ပါတယ်။ ကျမတို့လည်း လက်ကိုင်ပုဝါ နှစ်ဒါဇင် ၀ယ်ပြီး မြို့ထဲကို ထွက်လာခဲ့ရာ ဆေးရုံကြီးရောက်တော့ ကိုဇာဂနာ (ကိုသူရ) က “ကျနော်တို့ ဒီနေ့ ဆန္ဒပြ ထွက်မယ်၊ သတ္တိရှိရင် လိုက်ခဲ့ကြ၊ သေမယ်၊ ထောင်ကျမယ်။“ လို့ မိန့်ခွန်းပြောလိုက်တော့ ဆေးရုံကြီးက ဆရာဝန်တွေနဲ့ ဆရာဝန်လောင်းတွေက “We Want Democracy” ဆိုပြီး လူပေါင်း နှစ်ရာခန့် ဆင်းလာကြပြီး လူအုပ်နဲ့အတူ ပူးပေါင်းလိုက်တယ်။ ကျမတို့လဲ တပ်ဦးအလံကိုင်ပြီး ရှေ့ဆုံးက ထွက်ခဲ့ကြပါတယ်။ လေဟာပြင်ရောက်တော့ ရိန်းဂျားကားပေါ်မှာ ကျည်ကပ်တွေ သောင်းချီတင်ပြီး သေနတ်နဲ့ ချိန်ထားတဲ့ ကားတွေကို တွေ့ပေမယ့် တက္ကသိုလ်ကျောင်းသား ၂၀ ခန့် ရှိမယ်၊ ခွပ်ဒေါင်းအလံကို ကိုင်ပြီး ချီတက်နေကြတာ တွေ့ရတော့ ကျမလည်း မနေနိုင်တော့ဘူး။ လေဟာပြင်မီးပွိုင့်နားမှာ ရပ်စောင့်နေပြီး လက်ထဲက လက်ကိုင်ပုဝါတွေ တထည်စီ ယူပြီး လက်မောင်းတွေမှာ ချည်ပေးပြီး ကျမ ဂုဏ်ပြုမိပါတယ်။

ဒီအချိန်မှာ ပစ်လိုက်ရင် ကျမသေမယ်ဆိုတာ သိပေမယ့် ကြောက်စိတ် လုံးဝမရှိပါဘူး။ ကျောင်းသားတွေကို ဂုဏ်ပြု ချီးကျူးတဲ့စိတ်က ရင်ထဲမှာ ရိုက်ခတ်နေပါတယ်။ ကျမတို့အဖွဲ့နဲ့ ပေါင်းမိပြီး ကီလီလမ်းဘက်ကို ချီတက်ကြပါတယ်။ ကိုဇာဂနာ၊ ဦးသန်းမြင့် (ရှေ့နေချုပ်)၊ ဒေါ်စန်းစန်း၊ ဦးမောင်ကို၊ ဦးအောင်လွင် (တခြားသူတွေတော့ နံမည် မသိပါ) တို့ ဦးဆောင်ပြီး ချီတက်လာတာ စစ်သားတွေက ပစ်မယ် လုပ်လိုက်၊ သွား ဆွေးနွေးလိုက်နဲ့ တဖြေးဖြေး တိုးသွားကြနဲ့ ဗိုလ်ချုပ်ဈေးနဲ့ လဟာပြင်ဒေါင့်ကျတော့ စစ်သားတွေ ပိတ်မိနေလို့ လူကြီးတွေက ဆွေးနွေးကြတယ်။ ခင်ဗျားတို့လည်း မပစ်နဲ့တော့၊ ကျနောာ်တို့လည်း ဘာမှ ရန်မရှာဘူးဆိုပြီး လမ်းဖွင့်ပေးလိုက်ရပါတယ်။ အဲဒီအချိန်မှာဘဲ ဆေးရုံကြီးဝင်းထဲမှာ ပစ်ခတ်မှုတွေ ဖြစ်တာကြောင့် သူနာပြုဆရာမနဲ့ ဆေးရုံဝန်ထမ်းအချို့ ထိမှန်ကြောင်း သိရတော့ လူထုက ဒေါသထွက်ခဲ့ကြတယ်။

နောက် သတင်းတခုကတော့ မြောက်ဥက္ကလာပဘက်မှာ ရောင်ကြီးဗွေ ဆိုသူက (နားကုတ်) လို့ခေါ်တဲ့ရဲသားတယောက်ကို ခေါင်းဖြတ်သတ်လိုက်ကြောင်း သိခဲ့ရပြန်တယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Sep 25 2012 08:20 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005