အတိတ်မှ အရိပ်များ (၂)
Images from the Past - Khin San Ngwe

ခင်စန်းနွယ် - အတိတ်ကအရိပ်များ

ဇွန်လ (၂၃) ရက်နေ့မှာတော့ သီဟတို့အဖွဲ့နဲ့ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့မူရဲ့ သား ထွန်းထွန်းဆိုလား (နံမည် မမှတ်မိတော့ဘူး) ဘုရားပေါ်မှာ သပိတ်စခန်း ဖွင့်မယ်လို့ သိရတယ်။ ကျောင်းသားတွေလည်း တက်လာပြီလို့ ကြားတာနဲ့ ကျော်လင်း၊ ကိုထွန်းထွန်းဦး၊ ဇော်မင်း (၁) နဲ့ (၂) တို့နဲ့အတူ ဘုရားပေါ် တက်ခဲ့ကြတယ်။ ည ၇ နာရီထိုးနေပါပြီ။ ဘုရားမှာ မုခ်လေးမုခ် တံခါးလေးပေါက် ရှိတယ်၊ အဲဒီ တံခါးပေါက်တွေ ပိတ်ပြီး ဖမ်းသွားရင် ဒုက္ခရောက်လိမ့်မယ်၊ အဲဒီတော့ ပြေးလမ်းကိုပြခဲ့မယ်လို့ ပြောတော့ သူတို့ကလက်ခံပြီး စိတ်ချရတဲ့ လူနှစ်ယောက်ကို ကျမတို့နဲ့ ထည့်လိုက်တယ်။ ကျမတို့က “ရေကြည်တော်ဝတ်အသင်းနဲ့ ဓမ္မစေတီဘုရားနောက်ဖက်ကနေ အလယ်ပစ္စယံကနေပြီး တန်ဆောင်းဘေးက ပတ်ပြီးရင် အရှေ့ ဘက်မုခ် ဓာတ်လှေခါး အောက်ဖက်ကို တွယ်ဆင်းခဲ့ကြ၊ ငါတို့တွေထဲက နှစ်ယောက်က တညလုံး ကင်းစောင့်နေမယ်။“ လို့ ပြောခဲ့ပြီး ပြန်ခဲ့ကြတယ်။ အောက်ကို ရောက်ရောက်ချင်း ဗဟန်းက လူငယ် ၁၈ ယောက်လောက်ကို စုစည်းပြီး ဆွေးနွေးကြတယ်။ မျိုးသန့်နဲ့ ကျော်ဝဏ္ဏက သူတို့ ကင်းစောင့်ပေးမယ် အကယ်၍ တခုခုဖြစ်ခဲ့ရင် အောင်မြေဘုံကျော် ကျောင်းနောက်ဖက်က ဇရပ်မှာ ဖွက်ထားမယ် လို့ ပြောပြီး နက်ဖန် မနက် ၆ နာရီမှာ ဆုံဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျမတို့လူစု မအိပ်နိုင်ကြပါ။ စကားပြောနေကြစဉ်မှာပဲ ညဥ့်နှစ်နာရီလောက်မှာ ကျော်ဝဏ္ဏ ပြေးလာပြီး စစ်သားတွေ ဖိနပ်မချွတ်ပဲ ဘုရားပေါ်တက်လာပြီး ကျောင်းသားတွေကို ဘက်နက်နဲ့ ထိုးတဲ့အပြင် ရိုက်လည်းရိုက်လို့ ဒဏ်ရာရသူ ၁၅ ယောက်ခန့်ရှိကြောင်း ကျန်လူတွေ ထွက်ပြေးကြကြောင်း လာပြောပါတယ်။ ဒဏ်ရာရသူအချို့ကို ကျမတို့ေ ဆးထည့်ပေးပြီး လူခွဲပြီး ဖွက်ထားလိုက်တယ်။

အဲဒီနောက် ရွှေတိဂုံဘုရားမှာ သပိတ်စခန်း မဖွင့်နိုင်တော့ပါဘူး။ မိုးလင်းတော့ ဘုရားပေါ်မှာ ကျမတို့ ပုံမှန်အတိုင်းဝေယျာဝစ္စနဲ့ သန့်ရှင်းရေး ဆောင်ရွက်ကြပါတယ်။ စနေနေ့မှာ ကျမတို့ တန်ဆောင်းတခုမှာ ထိုင်နေကြတုံး အမေကြီးဒေါ်အေးမြင့် စကားပြောနေပါတယ်။ အင်္ဂါဒေါင့်မှာ ပျားစွဲနေတယ်လို့ သိတော့ သွား ကြည့်ကြတယ်။ ပျားအုံးက သုံးပေပတ်လည်ခန့်ရှိတယ်လေ။ ကျမက အမေကြီးဒေါ်အေးမြင့်ကို ဘာဖြစ်တတ်သလဲ မေးကြည့်တော့ အမေကြီးက “လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က အဲဒီနေ့ရာမှာ ပျားစွဲခဲ့ဘူးတယ်။ ဘုရားမှာ ပျားစွဲရင် ကုလားမှာ ဓါး ၀ဲမယ်။“ တဲ့ ကုလားဗမာ အဓိကရုဏ်း ဖြစ်တယ်လို့ ပြောပါတယ်။ ထူးထူးဆန်းဆန်း နောက်အပတ် တနင်္ဂနွေနေ့မှာ အရူးတယောက်က ကိုယ်လုံးတီးနဲ့ ရွှေတိဂုံဘုရားအထက်ပစ္စယံကို သံတိုင်တွေကျော်ပြီး တက်သွားတယ်။ လူတွေ ၀ိုင်းအော်လို့ အစောင့်တွေ လိုက်ဖမ်းတော့ စနေဒေါင့်ကနေ ဆင်းသွားတာ စောင့်ဖမ်းမှ မိသွားတယ်။ ဗေဒင်ဆရာတွေက တိုင်းပြည်မှာ မကောင်းတာတွေဖြစ်ပြီး အရှက်တကွဲ ဖြစ်လိမ့်မယ် တဲ့။

ဒီလိုနဲ့ ခဏ ငြိမ်သက်နေပေမယ့် ရန်ကုန်မြို့ အနှံ့မှာတော့ စစ်ကားတွေ ယှက်သန်းနေကြတယ်။ မကြာပါဘူး။ ပြည်မြို့ ၊ မြေထဲမြို့ နဲ့ တောင်ကြီးမြို့တွေမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္စ ဘာသာဝင်တွေရဲ့ အဓိကရုဏ်းသတင်း ကြားရတာပါပဲ။

ဒီလိုနဲ့ ၀ါဆိုလပြည့်နေ့ကို ရောက်လာပါရော လေ။ သိမ်ကြီးဈေး၊ ကုန်တိုက်အချို့ ၊ မီးပွိုင့်အချို့ နဲ့ ဘဏ် စတာတွေကို မီးရှို့ ကြတယ်လို့ သိရတယ်။ တပတ်လောက်ကြာတော့ တပ်မ ၂၂၊ တပ်မ ၄၄ နဲ့ တပ်မ ၆၆ တို့က ရန်ကုန်မြို့ရဲ့  လုံခြုံရေးကို ယူလိုက်ကြပါတယ်။ ဖမ်းဆီးခံရတဲ့ လူတွေကတော့ အတိအကျ မသိရပေမယ့် ရာပေါင်း များစွာဆိုတာ သိရတယ်။ ရန်ကုန်မြို့ က ခဏတော့ ငြိမ်သက်သွားပြန်ရော။

ရွှေတိဂုံစေတီရင်ပြင်တော်မှာ ၀ါဆိုလပြည့်နေ့မို့ ပရိတ်သတ်တွေနဲ့ စည်ကားနေပါတယ်။ အဲဒီနေ့မှာကျောင်းသားတွေက တရားဟောတာကို ပရိတ်သတ်က လက်ခုတ်သံတွေနဲ့ ထောက်ခံနေကြတယ်။ ဘာကြောင့်လဲဆိုတော့ မဆလ (၂၆) နှစ်တာကာလမှမာ ခေါင်းထောာင်ထဖို့ မလွယ်ဘူး။ နေ့လည် ၂ နာရီလောက်မှာ စနေဒေါင့်က သပိတ်မှောက်ကျောက်တိုင်ကိုသွားပြီး ဂါရ၀ပြုခဲ့ကြတယ်။ ပြီးတော့ ရာဟုဒေါင့်အောင်မြေမှာ မန္တလေး မြတောင်တိုက်က ဦးဣသရိယက တိုင်တည်ပေးပါတယ်။ “မြန်မာနိုင်ငံတော်မှာ မင်းဆိုး မင်းညစ် ဖြုတ်ချပြီး မင်းကောင်းမင်းမြတ် တင်ပါမယ်။ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ရန် ကြိုးစားပါမယ်။ တော်လှန်ရေးကြီး အောင်မြင်ပါစေ။“ လို့ သစ္စာပြုတယ်။ ကျမလည်း ကြက်သီးဖျန်းဖျန်းထပြီး သစ္စာစကားကို လိုက် ဆိုဖြစ်ခဲ့တယ်။

ဒီအချိန်ကစပြီး ကျမရဲ့ ဘ၀ကို အထွေထွေသပိတ်၊ ဒီမိုကရေစီတို့က လွှမ်းမိုးပြီး ပြောင်းလဲခြင်း ခံခဲ့ရတာ ခုချိန်ထိပါပဲ။ ဒါပေမယ့် ကျမရဲ့ ဖြတ်သန်းမှု ရှုဒေါင့်လေးတခုအနေနဲ့ ရေးသားခဲ့တာပါ။ အဲဒီမှာ ဓာတ်ပုံလာရိုက်တဲ့ ထောက်လှမ်းရေးတယောက်ကို အားပေးတဲ့ပြည်သူလူထုထဲက ရိုက်နှက်ပြီး ရွှေတိဂုံစေတီတော်အောက်ဖက်ကို ဆွဲချပြီး နှင်ထုတ်ခဲ့ပါတယ်။

နောက်ပိုင်းရက်တွေမှာ ရာဟုဒေါင့် သံတန်ဆောင်းကြီး တရားဟောတဲ့နေရာမှာ ကဗျာနဲ့ နံရံကပ်စာစောင်၊ ဆောင်းပါးတွေ စစ်တပ်ကို ဝေဖန်ထားတဲ့ ကာတွန်းတွေလည်း ပေါ်ပေါက်ခဲ့တယ်။

အဲဒီနေ့ညနေမှာ ကျမတို့ ဗဟန်းမြို့ နယ်မှာ ဘိုဘို (NLD) (လေးနှစ်တခါ၊ တနှစ်တခါ ထောင်ကျခဲ့သူ) ရယ်၊ စိုးထက်ခိုင် (ထောင်ဒဏ် ၁၇ နှစ် အကျဉ်းကျခဲ့သူ) တို့က ဦးဆောင်ပြီး ဗဟန်းမြို့နယ် ၂၈ ရပ်ကွက်၊ ငါးထပ်ကြီး ဘုန်းတော်ကြီးကျောင်းမှာ အစည်းအဝေးလုပ်ပြီး ဗဟန်းမြို့ နယ် ဒီမိုကရေစီတပ်ဦး ဖွဲ့ စည်းခဲ့ပါတယ်။ ဥက္ကဋ္ဌ ဘိုဘို၊ အတွင်းရေးမှူး စိုးထက်ခိုင်၊ တွဲဘက် အတွင်းရေးမှူး မျိုးသန့်၊ ဘဏ္ဍာရေးမှူး မခင်စန်း နွယ် (ကျမ)၊ စည်းကမ်းထိန်းသိမ်းရေးမှူး ကိုထွန်းထွန်းဦးနဲ့ ကိုကျော်ဝဏ္ဏ၊ တူးမာ၊ ကျော်လင်း၊ ဇော်မင်း (၁) ၊ ဇော်မင်း (၂) ၊ အဖွဲ့ဝင် လူငယ် အားလုံးပေါင်း ၂၂ ဦး ပါဝင်ခဲ့ပါတယ်။ တမြို့ လုံးလည်း ရှစ်လေးလုံးနေ့မှာ တနိုင်ငံလုံး ဆန္ဒပြဖို့ ဆော်သြတဲ့ စာစောင် ပြန့်နှံ့နေပါတယ်။ ကျမတို့လည်း တက်ကြွပြီး နယ်ကလာရင် ရွှေတိဂုံစေတီတော်ဆီ လာမှာပဲ၊ ကျမတို့ ဘယ်လို အကူအညီ ပေးကြမလဲဆိုတာ တိုင်ပင်ကြပါတယ်။

ဒီလိုနဲ့ ၈၈၈၈ နေ့ကို ရောက်လာပါပြီ။ ကျမရဲ့ အိမ်က ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်မှာဆိုတော့ မနက် ၆ နာရီလောက်ကစပြီး အိမ်ရှေ့ မှာ ထိုင်ကြည့်နေပါတယ်။ မနက် ၈ နာရီခွဲလောက်မှာ လူတန်းကြီးတွေ စပြီး ချီတက်လာတာ တွေ့ရတယ်။ ကျမရဲ့ မိသားစုဝင်တွေက လိုက်မသွားဖို့ တားနေတာကြောင့် ကျမ လိုက်မသွားဖြစ်ဖူး။ ညနေ၅ နာရီလည်းကျော်ရော သာယာဝတီ၊ သုံးဆယ်၊ ခရမ်းသုံးခွ၊ သံလျှင် အစရှိတဲ့ နယ်က သပိတ်စစ်ကြောင်းတွေ ရွှေတိဂုံပေါ်တက်သွားကြတော့ ကျမတို့သူငယ်ချင်းတသိုက် ထမင်းထုတ်တွေ လိုက် စုကြတယ်။ ကောက်ညှင်းပေါင်းတွေ ပေါင်းပြီး လာပေးတဲ့သူတွေဆီက ကောက်ညှင်း ပေါင်းတွေသယ်ပြီး သပိတ်စခန်းဆီ ပို့ကြတယ်။ နောက်ပြီး မုန့်ဆမ်းတွေကို သကြား၊ အုံးသီးတွေနဲ့နယ်ပြီး ကျွေးခဲ့ကြတယ်။

လူငယ်အချို့ က ကျမတို့နဲ့အတူ ဗဟန်းမြို့ နယ် ဒီမိုကရေစီတပ်ဦး ဆိုင်းဘုတ်ကို ပြင်ဆင်နေကြတယ်။ နောက်နေ့မနက် ၇ နာရီမှာ မြို့ ထဲကို လှည့်ဖို့ အားလုံး တိုင်ပင်ထားကြတယ်။ ကျမတို့ရဲ့ဆုံရပ်က ငါးထပ်ကြီးဘုရား ရေလည်ကျောင်းမှာ ပါ။ မနက်ကျမှ သတင်းတခု ကြားရတာက ညက မြို့ တော်ခန်းမမှာ ပစ်တယ်ဆိုပဲ။ ဒါပေမယ့် ကျမတို့ နည်းနည်းမှ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲ မသိပါဘူး။ အဲဒီအချိန်မှာ သေရမှာ နည်းနည်းမှ မကြောက်ပါဘူး။ မနက်ကျတော့ ကျမတို့အဖွဲ့လည်း ရွှေတိဂုံဘုရားက တသောင်းကျော်သော လူစုရဲ့ရှေ့ က ရဲရဲဝံ့ဝံ့ ချီတက်ဖို့ မြောက်ဖက်မုခ်ဘက် ကနေ ဆင်းခဲ့ကြတယ်။ ရွှေဂုံတိုင်ကို ရောက်တဲ့အချိန်မှာ ကျမတို့တပ်ဦးရှေ့ မှာ သံဃာတော်အုပ်စုနဲ့ ကျောင်းသားများ (အထက ၁၊ ဗဟန်း) ရှိနေပါတယ်။ ရွှေဂုံတိုင်လည်း ရောက်ရော ကျမတို့ရှေ့ မှာ စစ်ကားတွေ ရပ်ထားပြီး စစ်သားတွေက ဒူးထောက်ပြီး သေနတ်တွေနဲ့ ချိန်ထားပါတယ်။ ၀ါး နှစ်ရိုက်လောက် အကွာမှာ ပါ။

ဒီအချိန်မှာ အမေရိကန်သံရုံးက ကားတစီးက ကျမတို့ဘေးနားက ဖြတ်ကျော်သွားတာ တွေ့ရတယ်။ အဲဒီကားလည်း လမ်းပိတ်ထားလို့ ပြန်ကွေ့ သွားတာပါ။ ကျမတို့အားလုံး ပြန်လှည့်ကြဖို့ စစ်ဗိုလ်က အမိန့်ပေးပါတယ်။ ကျမတို့ရှေ့ ကိုဆက်တိုးသွားကြတယ်။ သုံးလှမ်းလောက် လှမ်းရသေးတယ်။ ဒိုင်း ဆိုတဲ့အသံ ကြားလိုက်ရပြီး ဆိုက်ကားပေါ်မှာ အလံကိုင်နေတဲ့ သံဃာတပါးနဲ့ ရှေ့တန်းက ကျောင်းသားကြီးတွေ ပုံလဲ ကျသွားတာ တွေ့လိုက်ရတယ်။ သံဃာတော်ရဲ့ ရင်ဘတ်တခုလုံး ပွင့်ထွက်သွားတာတွေ့ရတယ်။ ကျမတို့ ပစ်ပြီ ဟ ဆိုပြီး ခြေဦးတည့်ရာ ပြေးကြရတယ်။ တချို့က ၀င်ဒါမီယာဖက်ကို ပြေးကြတယ်။ သေသွားတဲ့ အလောင်းတွေကို ဆွဲကောက်ကြပြီး သာယာဝတီမြို့ နယ် သပိတ်အဖွဲ့တွေက မြေနီကုန်းဘက်ကို ဆက်သွားကြတယ်။ လူတွေအားလုံး ရှုပ်ရှက်ခတ်ပြီး ကျမတို့ကတော့ ဗဟန်းဈေးရှေ့ က ကြေးသွန်းဘုရားကြီးဝင်းမှာဆုံဖို့ ချိန်းထားတော့ လူမစုံမချင်း ကျမ ရင်တွေ ပူလို့ မဆုံးတော့ပါ။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Sep 25 2012 07:53 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005