အတိတ်မှ အရိပ်များ (၁)
Images from the Past - Khin San Ngwe

ခင်စန်းနွယ် - အတိတ်ကအရိပ်များ

၁၉၈၈ ခှုနှစ်၊ မြန်မာပြည်ရဲ့ နွေဦးအစ သစ်ရွက်တွေ လေမှာမျောပြီး လွမ်းဆွတ်ဖွယ်မြင်ကွင်းတွေ သစ်ပုပ်ပင်ကြီးရဲ့ အလှတန်ဆောင် ရွက်ကြွေတောနဲ့ ရဲရဲနီနေတဲ့ စိန်ပန်းပွင့်ကြွေတွေနဲ့အတူ အလှအပတွေစုဝေးရာ အမိတက္ကသိုလ်မြေကို ကျမရောက်ခဲ့ပါတယ်။

ကျမ မတ်လ ၁၄ ရက်နေ့မှာ ကျမရဲ့ အစ်မ၀မ်းကွဲ ဒေါ်ခင်ခင်ဝင်း (ဇီးကုန်းမြို့ သူ၊ အဆောင်မှူး) ထံသွားပြီး စားစရာတွေ ပို့ဖြစ်ခဲ့ပါတယ်။ အမက ကျမ ရောက်ရောက်ခြင်းဘဲ “ညီမရေ အမတို့တော့ နယ်ကို ပြန်ရမလား မသိဘူး၊ ကျောင်းတွေပိတ်မယ် ထင်တယ်။” လို့ ပြောပါတယ်။ ကျမက ဘာဖြစ်လို့လဲ အမ လို့ မေးတော့၊ သူက “စက်မှုတက္ကသိုလ်မှာ ကျောင်းသားတွေ သေကုန်ပြီ။ စစ်တပ်က သေနတ်နဲ့ ပစ်သတ်လို့။” ဟု ပြန်ပြောပါတယ်။ ကျမ ရင်ထဲမှာ တုန်လှုပ်သွားပြီး တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ ငယ်စဉ် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီတက်စဉ်ကာလမှာ ကျမရဲ့ အကိုဝမ်းကွဲ ကိုစံဝင်းက တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြလို့ သေနတ်နဲ့ ပစ်တဲ့အပြင် စစ်တပ်က လိုက်ဖမ်းလို့ တခြားကျောင်းသားတွေနဲ့အတူ အဖမ်းခံရပြီး တာမွေရဲစခန်းမှာ ပုဒ်မ (၅) နဲ့ အချုပ်ခံခဲ့ရတာ သတိရမိသလို၊ ဦးသန့်အရေးအခင်းကိုလဲ မျက်စေ့ထဲ မြင်ယောင်လာခဲ့မိပါတယ်။

ကျမလည်း “အမရေ။ ဒါဆိုရင် ကျောင်းသားတွေ ဘာလုပ်ကြမလဲ” လို့ မေးတော့၊ အမက “အခု မိန်းထဲမှာ စုပြီး ဆန္ဒပြကြ၊ ဟောပြောကြမယ် ထင်တယ်။” လို့ပြောတော့ ကျမလည်း စားစရာတွေပေးပြီး အမပြန်ချင်တဲ့ရက်ကို ကျမကို ပြော၊ ကျမ ပြန် လိုက်ပို့ပေးမယ်။“ လို့ မှာပြီး မိန်းဘက်ကို ထွက်လာခဲ့တယ်။

ဒီအချိန်မှာ ကျောင်းသားတွေ စုရုံးပြီး လှုံ့ ဆော်စာတွေ ဝေနေပြီး စားပွဲခုံပေါ်တက်ပြီး အစိုးရဆန့်ကျင်ရေး တရားတွေ တယောက်ပြီး တယောက် ဟောနေကြပါပြီ။ ဒီအချိန်မှာပဲ လိပ်ခုံးခန်းမနဲ့ အာရ်စီ ၂ ဖက်မှာ ကျောင်းသားတွေ နှစ်ထောင်လောက် စုမိနေပါပြီ။ သူတို့ ပြောတာတွေ နားထောင်ပြီး ကျမရဲ့အတွေးထဲမှ တိုင်းပြည်ရဲ့ လိုအပ်တာတွေကို နားလည်လာခဲ့ရတယ်။ သူတို့ကျောင်းသားတွေနဲ့အတူ တိုက်ပွဲဝင်မယ်၊ လက်တွဲမယ်လို့ ဆုံးဖြတ်ခဲ့မိပါတယ်။ တကယ်ဆိုရင် ကျမဟာ အဲဒီအချိန်မှာ ခလေး လေးယောက် မိခင် သာမာန် စီးပွားရေးသမား အိမ်ရှင်မတယောက်သာ ဖြစ်တယ်။ အသက်ကတော့ ၃၂ နှစ် ပါ။

နောက်တနေ့မှာတော့ ကျမ အိမ်ကအလုပ်နဲ့ သားသမီးကိစ္စတွေကို လုံးဝ လှည့်မကြည့်တော့ပဲ ရန်ကုန် တက္ကသိုလ်ဘက်ကို ထွက်ခဲ့ပါတယ်။ လား - လား - ကားပေါ်ကလဲဆင်းလိုက်ရော ကျမတို့အခေါ် (ဂွင်းနီ) ဆိုတဲ့ လုံထိန်းတွေ နံပါတ်တုတ်တွေကိုင်ပြီး ရိန်းဂျားကားတွေပေါ်က ခုန်ဆင်းလိုက်လိုက်ကြတာ ဝေသာလီပြည်ကို ဘီလူးဝင်တဲ့အတိုင်းပါပဲ။ သူတို့က အင်းယားကန်ဘောင်ဆီကို အတင်းပြေးသွားနေကြတယ်။ ကန်ဘောင်ပေါ်မှာက ကျောင်းသားတွေ ၃,၀၀၀ လောက် ရှိမယ် ထင်တယ်။ လုံထိန်းတွေက ကျောင်းသားတွေကို အတင်း ၀င်ရိုက်နေတာ တွေ့နေရတယ်။ ကျမလည်း တက္ကသိုလ်ဓမ္မာရုံဘက်ကို သွားမယ်လုပ်ပြီးမှ အဲဒီမှာလည်း လုံးထိန်းတွေက သေနတ်တွေနဲ့ စောင့်နေတာတွေ့တာနဲ့ လှည်းတန်းဈေးဘက်ကို ပြေးပြီး အမောဖြေနေခိုက်မှာ ပါတ်ဝန်းကျင်က ဈေးသည်တွေလည်း ဆိုင်သိမ်းသူ သိမ်းကြပြီး ကျောင်းသားတွေကို ရိုက်နေတာတွေ့ကြလို့ ဒေါသထွက်ထွက်နဲ့ ကန်ဘောင်ဘက်ကို သွားသူသွားနေကြတာ မြင်နေရတယ်။ အဲဒီနေ့မြင်ကွင်းကတော့ အခုထိ ထင်ရှားနေတုံးပါပဲ။

နောက်နေ့မှာ ပင်မတက္ကသိုလ် (မိန်း) ကနေပြီး ကျောင်းသားတွေ မြို့ ထဲကို ချီတက်နေကြတယ်။ ကျမတို့ သူငယ်ချင်းတစုလည်း ကျောင်းသားတွေနဲ့အတူ ပါဝင် ချီတက်ခဲ့တယ်။ ဆေးတက္ကသိုလ် (၁) မှာ ကျောင်းသားတွေ စုဝေးပြီး ဟောပြောပွဲလုပ်နေတယ် ကြားလို့ အဲဒီဘက်ကို သွားခဲ့ကြတယ်။ မြို့ ထဲမှာ ကျောင်းသားတွေကို အတင်းဖမ်းပြီး ကားပေါ်တင်နေတယ်လို့ ကြားတာကြောင့် မြို့ ထဲဘက်ကို ဆက်သွားတော့ ကျောင်းသားတွေကို အတင်းဖမ်း တုတ်တွေနဲ့ရိုက်ပြီး ကားပေါ် ဆွဲတင်နေကြတယ်လေ။

ဒီလိုနဲ့ ကျမတို့တတွေ ရွှေတိဂုံဘုရား ၀ါဆိုလပြည့်နေ့ အောင်သစ္စာ သမာဓိ အင်္ဂါသန့်ရှင်းရေးအသင်းမှာ ထိုင်နေကြတုန်း ကိုတင်မောင်သော် (ဗိုလ်စက်ရောင်ရဲ့သား၊ ယခု အမေရိကန်နိုင်ငံ) နှင့် ဒေါက်တာ ဇော်ထွန်း၊ ဒေါက်တာဇော်ထွန်းဟာ တသက်တကျွန်းထောင်ဒဏ် ကျခံခဲ့ရပြီး အခုတော့ လွတ်လာပြီး စိတ်ဝေဒနာ ခံစားနေရရှာတဲ့ (ဒေါက်တာဇော်မင်း NLD) ရဲ့ညီအရင်း ဖြစ်ပါတယ်။ ဒေါက်တာဇော်ထွန်းဟာ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေတနေရာမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပြည်သူ့အာဏာဂျာနယ်ကို ထုတ်ဝေခဲ့ပြီး၊ ချေဂွေဗားရား ပုံတူကို နံရံမှာ ချိတ်ဆွဲမိလို့ အယူအဆနှစ်ခုရဲ့ ကြားက သားကောင်ဖြစ်ခဲ့ရရှာတဲ့သူ ပါ။ သူ့ရဲ့ ကြက်သရေ ရှိလှတဲ့မျက်နှာကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ သူတို့နှစ်ယောက် ကျမကို လာ မေးပါတယ်။ “ကျနော်တို့က တက္ကသိုလ်ကျောင်းသားတွေ ပါ၊ ဘယ်နေရာမှာ တရားဟောရင် အကောင်းဆုံး ဖြစ်မလဲ” တဲ့၊ ဒါနဲ့ ကျမလဲ ချက်ခြင်းဘဲ တန်ဆောင်းပေါ်ကဆင်းပြီး မြောက်ဖက်မုခ် ရေတိုင်ကီစင်တွေကို လိုက်ပြပြီး “ဒီနေရာ အကောင်းဆုံးပဲ” လို့ ပြောတော့ သူတို့ သဘောကျသွားတယ်။

သူတို့နှစ်ယောက်ထွက်သွားပြီး ဆယ်မိနစ်လောက်ကြာတော့ တာမွေ၊ ဗဟန်း၊ ရန်ကင်းက အလယ်တန်း အထက်တန်း ကျောင်းသားလေးတွေနဲ့ ကျောင်းသားကြီးတွေအပြင် သံဃာတော်တချို့လည်း ပါတယ်။အားလုံးလူပေါင်း ၈၀ ခန့်ရှိမယ် ထင်ပါတယ်။ စနေဒေါင့်က ကျောင်းသားများရဲ့သပိတ်မှောက်ကျောက်တိုင်ကို စုရုံး အလေးပြုကြပြီး ရာဟုဒေါင့်အောင်မြေမှာ ဘုရားဖူးလာတဲ့ပြည်သူတွေပါ ပူးပေါင်းလိုက်တာ နှစ်ရာခန့်ရှိမယ်။ မန္တလေးက ကြွလာတဲ့ ဦးဣသရိယ ဦးဆောင်းပြီး “မြန်မာနိုင်ငံ မင်းဆိုးမင်းညစ်ဖြုတ်ချ၊ မင်းကောင်းမင်းမြတ် တင်ပါမည်။ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ရန် ကြိုးစားပါမည်။ သစ္စာ မှန်လျှင် တော်လှန်ရေးကြီး အောင်မြင်ပါစေ” လို့ သစ္စာပြု တိုင်တည်ကြပါတယ်။ ကျမလည်း ပါဝင်သစ္စာပြုခဲ့လို့ အခုအချိန်အထိ ဒီမိုကရေစီ မရမချင်း တိုက်ပွဲဝင်နေတာပါ။

ဇွန်လ (၂၁) ရက်နေ့ ရောက်ပါပြီ။ အဲဒီနေ့ကတော့ အင်္ဂါနေ့ ပေါ့။ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကျမတို့က အင်္ဂါ သန့်ရှင်းရေး ဆောင်ရွက်နေကျမို့ မှတ်မိနေတာပါ။ သူငယ်ချင်းတွေဖြစ်ကြတဲ့ ချစ်ကိုနဲ့ ဒေ၀ရှင်တို့ လာခေါ်လို့ မြေနီကုန်းကို ရောက်ခဲ့ကြတယ်။ မြေနီကုန်းမှာ ကျောင်းသားတွေကို လုံထိန်းတွေက လိုက်ရိုက်နေတယ်။ မြေနီကုန်းရဲစခန်းထဲကလည်း သေနတ်တွေနဲ့ ပစ်နေကြတယ်။ ကျမတို့ရောက်ပြီး မကြာခင်မှာပဲ လုံထိန်းကားတွေ မြို့ ထဲဘက်ကို မောင်းသွားကြတယ်။ နောက်က လူအုပ်ကြီးက အုတ်ခဲတွေ တွေနဲ့ပစ်တဲ့အပြင် ဓာတ်ဆီတွေ၊ မက်သနောတွေ ထည့်ထားတဲ့ ပုလင်းတွေနဲ့ပါ လိုက်ပစ်နေတယ်။ ကျောင်းသားအလောင်း တလောင်းကိုတော့ မာဇဒါပစ်ကပ်ကားပေါ်တင်ပြီး ရွှေဂုံတိုင်ဘက်ကို သယ်တာ တွေ့ရတယ်။ အဲဒီနေ့က အပြန်လမ်းမှာတော့ ကျမတို့အားလုံး ဘာမှ မပြောနိုင်ကြတော့ဘဲ ရင်ထဲမှာ နင့်နေကြပါတယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Jul 18 2012 12:09 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005