အတိတ်မှ အရိပ်များ (၂၃)

တိုက်ထဲမှာ နေနေရတဲ့သူတွေက မလွယ်ကူလှပါဘူး။ တိုက်ကပုပုလေးမှာ မျက်နှာချင်းဆိုင် ငါးခန်းတွဲ ဖြစ်ပြီး သစ်သားသုံးထပ်သားလောက်ပဲ ကာရံထားတာကြောင့် တခန်းနဲ့တခန်း အသံက ကြားနေရတာဖြစ်တော့ အိမ်သာကိစ္စပဲ စဉ်းစားကြည့် လေ။ ခန္ဓာကိုယ်တာဝန်ဆိုတာက သူဘာသာသူ အချိန်အကန့်အသတ်မရှိ ဖြစ်တာ ဆိုတော့ တဦးက အလေးသွားချင်တဲ့အချိန်နဲ့ တခန်းက ထမင်း ဒါမှမဟုတ် တခြား အစားတခုခုစားနေတဲ့အချိန် တိုက်ဆိုင်ရင် အလွန်ကို ဒုက္ခရောက်ပြီး အနံ့အသက်ကလဲ ဆယ်ခန်းလုံး ပြန့ှ်နှံ့တာဆိုတော့ တော်တော်ကို အခက်အခဲ ဖြစ်ရပါတယ်။ လူတွေဟာ လူပီသစွာ နေခွင့် မရကြတာပါ။

ဒီကြားထဲ ရေချိုးရင်လဲ လမ်းလျှောက်ခွင့် ၁၅ မိနစ်ကို ပိတ်လိုက် ဖွင့်လိုက်နဲ့ အမျိုးစုံ ပညာပြ နှိပ်စက်နေတာ ပါ။ အပြင်မှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာရင် ထောင်ထဲမှာ ချုပ်ချယ်မှုတွေ လျော့နည်းလာပြီး အပြင်မှာ အခြေအနေ မကောင်းရင် ထောင်ထဲမှာ ဖိနှိပ်ချုပ်ချယ်မှု မျုားလာပါတယ်။ ဒါဟာ ထောင်ထဲက နိုင်ငံရေးသမားတွေကို အပြင်က တိုက်ရိုက် ကိုင်တွယ်နေတာ သိသာ ထင်ရှားတဲ့အချက် ပါ။ တခါတရံ အလွန်ပူတဲ့ နွေရာသီမှာ ထောင်ထဲမှာ ရေအလာနည်းတာကြောင့် ကျမတို့ကို ဆပ်ပြာခွက်အခွံနဲ့ ၅ ခွက်ပဲ ပေးတာကြောင့် ရေမချိုးပဲ ရေပတ်တိုက်ရပါတယ်။ အဲဒီလို ရေပတ်တိုက်ရတာကလဲ ရက်ပေါင်း မနည်းပါဘူး။ အမျိုးသမီးတွေဆိုတော့ အနံ့အသက်က မကောင်းတဲ့ဒဏ်တွေ ခံရပါတယ်။ တိုးချဲ့အဆောင်တို့ ၈ ဆောင် အောက်ထပ်တို့ ဆိုရင် အဆောင်ထဲဝင်တာနဲ့ ထောင်ပိုင်၊ ညွှန်ချုပ်တွေ ရှေ့မတိုးပဲ နောက်ဆုတ်သွားကြတဲ့အထိ အနံ့အသက်တွေက ဆိုးဝါးလှပါတယ်။ ရန်ကုန်မြို့ အင်းစိန်မြို့နယ်ဟာ ရေ အလွန်ပေါတဲ့မြို့နယ် ဖြစ်ပါတယ်။ ထောင်ထဲမှာတော့ ရေရှားအောင် တမင်တကာ လုပ်ထားတာပါ။

အင်းစိန်ထောင်မှာက ထောင်ဆေးခန်းဆိုပေမယ့် ပီပီပြင်ပြင် မဟုတ်ပါဘူး။ သူနာပြုဆရာမ ဒေါ်စိန်မှီ နဲ့ ကိုယ်ဝန်ဖျက်ချမှုနဲ့ ထောင်ကျလာတဲ့ သူနာပြုဆရာမ အပါအ၀င် အခြားသူနာပြုဆရာမတွေက လုပ်ကိုင်ပေးနေတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ တပါတ်တခါ ဆရာဝန်လာပါတယ်။ နေမကောင်းတဲ့ သူကို ကြည့်ပေးတာထက် အဲဒီအချိန်မှာ ဆရာဝန်က သူ့ကို လိုင်းဝင်ထားတဲ့သူတွေကို လာကြည့်ပေးပြီး ဆေးရုံဟင်း စားဖို့ ရေးတာပါ။ ဆေးရုံဟင်းစားဆိုတာ နေ့စဉ် ညနေ ထမင်း ဝေချိန်မှာ နေမကောင်းသူတွေကို ငါးကြော်၊ ကြက်ဥဆံပြုတ်ရပါတယ်။ နေကောင်းရဲ့သားနဲ့ တမင် ရဲဘက် မထွက်ရအောင်လုပ်ထားတဲ့သူတွေကို လုပ်ပေးတာပါ။

အဲဒီဆေးခန်းမှာ ဘီပီအိုင်ဆေးကို ပေးဖို့က မလောက်ငှတော့ အဲဒီဆေးတွေကို သူနာပြုဆရာမက ပြန် ရောင်းပြီး ပေါပေါများများရတဲ့ တရုတ်ဆေးဝယ်ပြီး ပြန်ပေးတာပါ။ အများဆုံး ပေးတာကတော့ ပါရာစီိတမော၊ ဘာမီတွန်၊ မက်ထရိုနဲ့ ဆိုရာမစ်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ရောဂါဖြစ်ရင် ဆေးစာ ရေးခိုင်းပြီး ကိုယ့်အိမ်ကို ဆေးစာရွက်ပေး ၀ယ်ခိုင်း၊ ဒါပဲ လုပ်ရပါတော့တယ်။ အိမ်က ထောင်ဝင်စာ မလာရင်တော့ သေစရာရှိ သေတော့ ပေါ့။ အဲဒီလိုနဲ့ သေဆုံးသွားသူတွေ မနည်းလှပါဘူး။ ဆေးရုံထုတ်ဖို့ကလဲ မလွယ်ဘူး။ သေကောင်ပေါင်းလဲဖြစ်မှ နို့မို့ဆိုရင်တော့ မလွယ်ဘူး။

ဒီကြားထဲ ကျမက နားမလည်တော့ အပြင်ထွက်ပြီး မွေးဖွားခွင့်လဲ မတောင်းခဲ့ရပါဘူး။ မနီတာ (ဒေါ်ရင်ရင်မေ (ဘီဘီစီ)) ကတော့ အပြင်မှာ မွေးဖွားခွင့် ရထားပါတယ်။ သူ့ကို ကျမစဉ်းစားရင် ထောင်အုတ်ကန်မှာ ၀ါဝါက ရေချိုးပေးနေတာကိုပဲ မျက်စိထဲ မြင်နေတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဦးကျော်မြရဲ့ဇနီး မခင်မာလည်း အပြင်မှာ မွေးဖွားခွင့် ရထားပါတယ်။

အဲဒီမှာ တခုပြောချင်တာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ အကြောင်း ပါ။ သူတို့က ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှ ထောင်ကို ရောက်လာကြတာဆိုတော့ ၁၉၉၀ မေလ ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနိုင်ရရင် လွတ်မယ်လို့ဆုံးဖြတ်ထားကြပြီး ပျော်ရွှင်နေကြပါတယ်။

ဒီမှာ ကျမက ရှင်းပြတယ်။ မဆလ တဖြစ်လဲ န၀တကို ယုံသလား၊ လွတ်ချင်တာလား၊ နိုင်ချင်တာ လား၊ သေချာ စဉ်းစား ပါ၊ လွတ်ချင်တာဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အနိုင်ရအောင် ဆုတောင်း၊ နိုင်ချင်တာဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နိုင်အောင် ဆုတောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နိုင်ရင် ကျမတို့ နှစ်ပြည့်နေရမယ်လို့ ပြောတော့ သူတို့အားလုံးက ကျမကို စိတ်ဆိုးကြပါတယ်။ ကျမက ထပ် ရှင်းပြတယ်။ န၀တက တကယ် အာဏာ လွှဲပေးမှာ မဟုတ်ဘူး၊ မယုံကြည်နဲ့လို့ ပြောတော့ ကျမကို ပိုပြီး စိတ်ဆိုကြပြန်တယ်။ ကျမစကားကို ထောက်ခံတာ အဖွားဒေါ်ခင်ရီနဲ့ ခင်မာကြည် (၁) ရယ်၊ အကြည်လေးရယ်ပဲ ရှိတယ်။

မကြာခင်မှာပဲ ထောင်ပိုင်ကြီး ဦးအုန်းဖေ ဆိုသူ ပင်စင်သွားတာလား၊ ပြောင်းတာလား မသိဘူး။ ဦးဘိုကြည်ဆိုသူက ထောင်ပိုင်ကြီးအဖြစ် ရောက်လာပါတယ်။ အဲဒီအချိန်မှာ အမျိုးသားဆောင်ဘက်က သတင်း ကြားရတာက ဦးဘိုကြည် ကိုင်တွယ်တာ အရမ်းဆိုးတယ် ဆိုပေမယ့် ကျမတို့ အမျိုးသမီးဆောင်မှာတော့ တော်သင့်ရုံပဲ စည်းကမ်းကိုင်ပါတယ်။ အထူးသဖြင့် ၅ ည နိုင်ငံရေးသမားတွေ တင်ပြတာဆိုရင် အများအားဖြင့် အသေးအမွှားလေးတွေကို လိုက်လျောတတ်ပါတယ်။ ဥပမာ မြင်းခွါရွက် သွင်းချင်တာတို့၊ တခါတရံဆိုင်က အစားအသောက်တွေ ထောင်ဝင်စာမှာ ပါလာရင် ခွင်ပြုဖို့ စသည်ဖြင့်ပေါ့ လေ။

ဒီကြားထဲမှာ ဆိတ်သားဟင်းဆိုပြီး အိမ်တအိမ်က ချက်ပေးလိုက်တာ ထောင်ထဲမှာ ၀ယ်စားကြပြီး ၀မ်းတွေ လျောကြပါတယ်။ ခွေးသားတွေလို့ ပြောကြတာပါ ဘဲ၊ အံတဲ့သူတွေက အံ ပေါ့ လေ။ ဒီကြားထဲ မကျည်းတန်ဆိုတဲ့ အမျိုးသမီးတယောက်ကလဲ ဆေးမှုနဲ့ ၁၃ နှစ် ကျလာပါတယ်။ ကျမ ထောင်ထဲမှာ တွေ့ရတာ ဆေးမှုတွေ အမိန့်ချတာ များလွန်းပေမယ့် ပျောက်ကွယ်မသွားနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုရင် ကျမ ထောင်ထဲမှာ လေ့လာမိသလောက် ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဖင်ဆီဒိုင်း အဲဒီအချိန်က ရာဘ လို့ခေါ်တဲ့ စိုတ်ကြွဆေးတွေ မပေါ်သေးပါဘူး၊ မိသမျှလူတွေကို ကြည့်လိုက်ရင် ဆေးခြောက် ဆိုရင် တပိဿာ မကျော်တဲ့သူတွေ၊ ဘိန်းဖြူဆိုလဲ ငါးပုလင်း (ပင်နင်စလင်ပုလင်း) မကျော်တဲ့သူတွေပါ ဘဲ၊ မူးယစ်ရာဇာတွေ တကယ့် ဒိုင်၊ လက်ကားသမားတွေ မတွေ့ခဲ့ရပါဘူး။

ရှားရှားပါးပါး ဒေါ်သန်းနွဲ့တယောက်သာ တွေ့ရပါတယ်။ အမှတ်တမဲ့ကြည့်ရင် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ခင်အုန်းမြင့် ပုံစံမျိုး ပါ၊ သူ့ကိုမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ မဟုတ်ပဲ မူးယစ်ဆေးဝါး ကျော်ဇောမှု (စီမံချက်) နဲ့ ဖမ်းဆီးထားပြီး ထောင် လေးနှစ် ချထားပါတယ်။ သူက အယူခံဝင်ရင်း နောက်အမှု ရုံးထွက်နေပါတယ်၊ ဘာကြောင့်လဲဆိုရင် ထောင်ထဲမှာ ရဲဘက် မသွားချင်တဲ့သူတွေ (နိုင်ငံရေးအမှု မပါ) က ထောင်ထဲက ဆရာဝန်ကို ကျန်းမာရေးမကောင်းကြောင်း ထောက်ခံချက်နဲ့ ရရင် ရ၊ မရရင် ထောင်ပိုင်၊ ထောင်မှူးမတွေကို လိုင်းဝင် (ငွေ ငါးသောင်းကနေ တသိန်းခွဲ၊ အဲဒီအချိန်နော်) ပေး၊ ရဲစခန်းက စခန်းမှူးကို ငွေပေးပြီး လိမ်လည်မှုတခု တတ်ပြီး ရုံးထွက်တယ်ဆိုပြီး အမှုစွဲထားရင် ရဲဘက် သွားစရာ မလိုတော့ပါဘူး။ အချိန်မှန် ရုံးထွက်နေရုံပါပဲ။

အဲဒီ ဒေါ်သန်းနွဲ့ဟာ ရုပ်ရည်က လူကြီးလူကောင်းပုံ ထွက်ပေမယ့် တကယ့် မူးယစ်ရာဇာ ပါ။ သူက ဘိန်းဖြူ အရောင်းအ၀ယ် လုပ်တာပါ။ အမျိုးသားဆောင်ဘက်မှာလည်း သူ့ယောက်ျား ပါလာပါတယ်။ သူ့သား တယောက်လဲ ထောင်ထဲမှာလို့ ပြောပါတယ်။ သူက ရုံးထွက်သွားတဲ့နေ့မှာ ဘိန်းဖြူ ပို့ရမယ့်နေရာတွေ၊ ဆက်သွယ်ရမည့်သူတွေ စသည်ဖြင့် အပြင်မှာရှိတဲ့ သူ့လူတွေကို မှာကြား စီမံ ခန့်ခွဲတဲ့အပြင် အကျင့်ပျက် ထောင် ၀န်ထမ်းတွေနဲ့ပေါင်းပြီး ထောင်ထဲကိုလဲ ဘိန်းဖြူသွင်းလာပြီး ထောင်ထဲမှာရှိတဲ့ ဘိန်းစွဲနေသူတွေကိုလည်း ရောင်းပါတယ်။ ကျမတို့ အမျိုးသမီးဆောင်မှာ မူးယစ်ဆေးဝါးနဲ့ ကျလာတဲ့ ကလေးမလေးတွေက သူ့ရဲ့ဖောက်သည်တွေထဲမှာ ပါတာပေါ့၊။ သူက ဘိန်းဖြူပေးပြီး ငွေကိုတော့ ကလေးမလေးတွေက သူတို့အိမ်က ထောင်ဝင်စာလာရင် ဘယ် ၀ါဒါ၊ ဘယ် ထောင်မှူးဆီ သွားပေးဖို့ မှာထားပါတယ်။

အရင်ကတော့ ရုံးထုတ်တဲ့အခါ ကြံဖန်သယ်လာကြတာကို သတင်းရလို့ ရှာဖွေ ဖမ်းဆီးတာတွေများလာတော့ နောက်ဆုံး မတော်ရာမှာ ထည့်ယူခဲ့ပေမယ့် ဖမ်းမိတာကြောင့် ဒေါ်သန်းနွဲ့ရဲ့ဖောက်သည်တွေ ဖြစ်သွားကြတာ များပါတယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - May 31 2012 02:54 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005