ပြည်တော်ပြန်၊ နိုင်ငံတော်နှင့် ငါးဖယ်ပြောင်းပြန်တို့ ကိစ္စ

တနေ့က မိတ်ဆွေတယောက်နှင့် အလ္လာပသလ္လပပြောရင်း သူက “သူများတွေတော့ ပြန်ကြတယ်။ မင်း ဘယ်လို သဘောရလဲ” ဟု ကောက်ကာငင်ကာ မေးလာ၏။ သူက ဗမာ့နိုင်ငံရေးတွင် ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး မိသားစုတစ်ဘဝလုံး ပျက်မတတ် အဖျက်ခံခဲ့ရသူ။ အခုလည်း ရောက်သည့်နေရာကနေ စွမ်းသလောက်လုပ်ရင်း အိမ်နီးချင်းနိုင်ငံတခုတွင် နိုင်ငံမဲ့တယောက်လို နေနေရသူဖြစ်၏။ ဝင်ငွေ မရှိ။ ရှာဖို့ အခွင့် မရှိ။ မိတ်ဆွေတချို့၏ မဖြစ်စလောက် အထောက်ပံ့လေးနှင့် ချို့ချို့ငဲ့ငဲ့။ အိမ်လွမ်းတိုင်း၊ ပြည်လွမ်းတိုင်း သောင်ရင်းမြစ်ကမ်းပါးမှာ ဆေးပေါ့လိပ်လေးဖွာရင်း တဘက်ကမ်းကို လှမ်း လှမ်း ငေးတတ်သူ။

သူနှင့် မရှေးမနှောင်းတွင် မိတ်ဆွေဖြစ်ဖူးသူတယောက်က “ကိုယ်တို့ သိက္ခာရှိရှိ ပြည်တော်ပြန်နိုင်ဖို့ အစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှ ဖြစ်မယ်” ဟု ဆို၏။ သူက ၈၈ မှာ ကောက်ကာငင်ကာ ရန်သူ ရှာတွေ့ပြီး ၈၉ ရောက်တော့ “တိုင်းပြည်ကို သေနတ်နဲ့ တည်ဆောက်လို့ မရ” ဟု ဆိုကာ စီးပွားရေးထဲ ဝင်သွားသူ။ ဗမာပြည် လက်တွေ့နိုင်ငံရေးနှင့် ခွာနေခဲ့သူ။ နိုင်ငံရေးကြောင့် ထောင်ကျသူတွေကိုပင် “ညံ့လို့” ဟု ဆိုတတ်သူ။ နောက်တော့ ပြည်ပနိုင်ငံတခုသို့ နိုင်ငံကူးလက်မှတ်ဖြင့် ထွက်သွားသူ။ ဟိုရောက်တော့ ဟိုပွဲဒီပွဲ ဝင် ဝင် အပါပြပြီး ခိုလှုံခွင့်လျှောက်ကာ အခြေချနေရင်း ဝင်ငွေ အသင့်အတင့်။ မိသားစုလေး ဥမကွဲ သိုက်မပျက်။ ခုတော့ ငွေထုတ်လေးပိုက်ပြီး ပြည်တော်ဝင်ရန် ခတ်ကွင်းပြင်နေသူ။

ကျနော်က တယောက်၏အမေးကို ဘာမှ ပြန်မဖြေမိသလို၊ တယောက်၏အပြောကိုလည်း ဘာမှတ်ချက်မှ မပေးခဲ့။ အခုတော့ ဖြေချင်လာသည်။ မှတ်ချက် ပေးချင်လာသည်။

ဗမာပြည်ကအစိုးရတွေမှာ ထောင်ထဲကနေ အပြင်ထုတ်ထားချင်သူတွေကို ဖွတ်မြီးနှင့်ဖွတ်ချည်သည့်နည်း ရှိ၏။ လွယ်လွယ်ပြောရလျှင် (၄ဝ၁) အပိုဒ် (၁)။ သို့တိုင်အောင် အချည်ခံချင်တိုင်း ခံလို့ မရ။ သူတို့ ချည်ချင်သည့်သူ ရွေးချည်၏။ လူတိုင်းကို မချည်။ လူတိုင်းအတွက် မဟုတ်။ အရွေးခံရသူက အချည်မခံဟုဆိုလျှင် နိုင်ငံတော်လုံခြုံရေးအရဟုဆိုကာ လွတ်ရက်စေ့သည့်တိုင် မလွှတ်ပဲ ဆက် ချုပ်ထား၏။ ဤသို့ဖြင့် နိုင်/ကျဉ်းလောကတွင် လွတ်ရက်စေ့/လွတ်ရက်ကျော်ဆိုသည့် ဝေါဟာရပေါ်လာ၏။ အချည်ခံခြင်း/မခံခြင်းနှင့် မဆိုင်ပဲ “စေ့ရ ကျော်ရ” သည့် နိုင်/ကျဉ်းတွေလည်း ရှိသေး၏။ ထို့ကြောင့် ချည်ခြင်း/မချည်ခြင်း၊ အချည်ခံခြင်း/မခံခြင်းကို ဤနေရာတွင် မပြောလို။ ပြောလိုသည်က “ဖန်တီးနိုင်သည့်အခြေအနေသည် သူ့ဘက်တွင်ရှိပြီး ရွေးချယ်နိုင်သည့်အခွင့်သည် ကိုယ့်ဘက်တွင် ရှိသည်” ဆိုသည်ပဲ ဖြစ်၏။ ထောင်ထဲတွင် ဘယ် နိုင်/ကျဉ်းကမှ “ငါတို့ကို (၄ဝ၁) နဲ့ လွှတ်ပေးပါ” ဟုလည်းကောင်း “လွတ်ငြိမ်းချမ်းသာခွင့် ပေးပါ” ဟု လည်းကောင်း မတောင်းခဲ့ကြ။ မတောင်းကြ။ (၄ဝ၁) လိုဟာမျိုးပေးလာလျှင် ယူခြင်းမယူခြင်းက တဦးခြင်းကိစ္စ ဖြစ်၏။ ပေးသူကလည်း တဦးခြင်းအပေါ် သူ့အကဲဖြတ်ချက်နှင့်သူ ပေးခြင်း ဖြစ်၏။ ယူသူဘက်မှာလည်း ထိုနည်းနှင်နှင်ပင် ဖြစ်၏။ သူ့အကြောင်းနှင့်သူမို့ ရေးကြီးခွင်ကျယ်လုပ်စရာ အကြောင်းသိတ်မရှိလှဟု အောက်မေ့၏။ ကျနော်က ထို (၄ဝ၁) ကို “ထောင်တွင်းကို ပေးသည့် (၄ဝ၁)” ဆိုချင်၏။

လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကျတော့ တမျိုး ဖြစ်၏။ (ထောင်စကားတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို “နိုင်ငံတော်” ဟု ပြော၏)။ သူ့မှာက ချည်ထားတာ မရှိ။ လူရွေးပြီး ပေးခြင်းလည်း မဟုတ်တတ်။ အပြီးအပြတ် လွှတ်ခြင်း။ ဆိုတော့ လူတိုင်းလိုလို ယူသည်ချည်း ပင်။ လိပ်ပြာမသန့် ဘယ်သူမှ မဖြစ်။ စိတ်မလုံ ဘာမှဖြစ်စရာ မရှိ။ ဘယ်သူမှ ထောင်ထဲနေချင်သည် မဟုတ်ကြ။ လွတ်ရက်မစေ့ပဲ လွတ်မည်ဆိုပါက လွတ်ခြင်းလွတ် “နိုင်ငံတော်” နှင့်သာ လွတ်ချင်၏။ ထို “နိုင်ငံတော်” ဆိုသည်ကို နှုတ်က ဖွင့်မပြောရင်သာ ရှိမည်။ အပြင်ဘက်တွင် အလှုပ်အရမ်းရှိတိုင်း အထဲကနေ မရဲတရဲတော့ ကြိတ်မျှော်တတ်ကြ၏။ သို့သော် ဘယ် နိုင်/ကျဉ်းကမှ “နိုင်ငံတော်” ပေးပါဟု မတောင်း။ အခြားသူများကလည်း “နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး” ဟုသာ တောင်းကြ၏။ “နိုင်ငံတော်” နဲ့ လွှတ်ပေးပါဟု မတောင်း။

နိုင်ငံရေးဆိုသည့်သဘောတွင် “တောင်းပွဲရော၊ တိုက်ပွဲပါ” ပါ၏။ ဤနေရာတွင် “တိုက်ပွဲ” အကြောင်း မပြော။ “တောင်းပွဲ” အကြောင်း နည်းနည်းပြောမည် တွေးမိ၏။ တောင်းယူ၍ ရနိုင်ခြေရှိသည့်ကိစ္စကို တောင်းယူသည်က ကောင်း၏။ မရနိုင်မည့်ကိစ္စကို မတောင်းခြင်းက သာ၍ကောင်းသည် ထင်၏။ ဘယ်ကိစ္စ တောင်းယူ၍ရနိုင်သလဲဆိုသည်က သူ့ဘက်ကိုယ့်ဘက် ပေးနိုင်ရနိုင်ဖြစ်မှုအပေါ် တည်ပြန်၏။ တောင်းရာတွင်လည်း တောင်းပုံတောင်းနည်း ရှိသေး၏။ မပေးပေးအောင်တောင်းနည်း မျိုးကွဲတွေလည်း ရှိမည်ထင်၏။ မပေးချင်ဦး အတောင်းကောင်းလျှင် ရရသွားတတ်တာလည်း ရှိသည်ထင်၏။ ပေးစေဦး အပေးလှ၊ အရလှ လှကြဖို့လည်း လိုသည် ထင်၏။ ပေးပေး ရရ ပေးသူရော ရသူပါကျေနပ်ကြမှ ကောင်း၏။ နှစ်ဘက်စလုံး မျက်နှာမပျက်ရပဲ “အပေးအရ” တည့်ပါက အလွန် ကောင်း၏။ သို့သော် တခါတရံတွင် “ပေးကားပေး၏ မရ” တွေလည်း မြင်ဖူး၏။ ထိုသို့ဖြစ်ခဲ့လျှင် “တောင်းပွဲ” သည် “တိုက်ပွဲ” အသွင်ပြောင်းသွားတတ်သည်လည်း ရှိသေး၏။

ခုတလော “နိုင်ငံတော်” တောင်းသံတွေ ဖြိုးဖြိုးဖျောက်ဖျောက်ကနေ ပိုးပိုးပေါက်ပေါက် ဖြစ်လာ၏။ ဦးသိန်းစိန်တို့က “လာချင်ရင် ပြန်လာ ပေါ့။ ဒါပေမယ့် ဒါလေးတော့ ရှိတယ်နော်” ဟု ခြွင်းချက်ကလေး ခံကာ နှစ်ကြိမ်ပြန်ဆင့်လိုက်တော့ အိမ်အပြန်ခြေလှမ်းပြင်သူတွေ ပြင်ကြ၏။ ပြင်ကြတာလည်း ကိစ္စ မရှိ။ ပြန်ကြတာလည်း ကိစ္စ မရှိ။ “ဧည့်သည် ဒုက္ခ၊ မှီခိုသူ ဒုက္ခ” တွေ မြင်နေရပါလျှက် ခြေလှမ်းပြင်ရကောင်းလားဟု တဘက်သတ်ပြောပါက တရား မကျ။ ပြောလည်း မပြောအပ်ဟု ထင်၏။ သူ့အကြောင်းနှင့် သူ။ ခေါ်ပုံခေါ်နည်းနှင့် ပြန်ပုံပြန်နည်းတွေမှာ လည်း ပြစရာဆင်ခြေ ခိုင်ကြမည် ထင်၏။ ခေါ်ခြင်းနှင့်ပြန်ခြင်းမှာရော ခေါ်သူနှင့်ပြန်သူမှာပါ သူတရားနှင့်သူ့စကားတို့ ရှိ၏။ တချို့လည်း ပြန်ချင်၏။ သို့သော် သူ့အချိန်အဆ ကိုယ့်အချိန်အဆတွေတွက်ကာ ပြန်ရေးအတွက် စနိုးစနောင့်တွေလည်း ရှိနေ၏။ ဦးသိန်းစိန်တို့၏ “ဒါလေးတော့” ကို ဆင်ခြင်မိပြီး “ဘယ်လောက် အာမခံချက် ရှိသလဲ” နှင့် “သိက္ခာရှိရှိ ပြန်ချင်” ဆိုသည့်တို့ ဝင်လာကာ ရင်ခံကြရ၏။ အာမခံချက်နှင့် သိက္ခာရှိရှိသည် အလွန် အရေးကြီးပါသည်။ သို့သော် လူတိုင်းအတွက် ဟုတ်ချင်မှတော့ ဟုတ်လိမ့်မည်။ ထားတော့။ ယခု ထို “သိက္ခာရှိရှိ” အကြောင်းက ပြောစရာကိစ္စ ဖြစ်လာပြီ အောက်မေ့၏။ ကိစ္စရှိလာ၏။

ခတ်ကွင်းပြင်သူတချို့က သိက္ခာရှိရှိကို ရိုးရိုးမပြော “နိုင်ငံတော်” ပေးပါ။ (အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါ) နှင့် တွဲတွဲ ပြော၏။ ယခုကိစ္စသည် ထောင်စကားနှင့် ပြောရလျှင် “ထောင်ပြင်ကို ပေးသည့်(၄ဝ၁)”။ ဖွတ်မြီးနှင့်ဖွတ်ချည်ခြင်း ဖြစ်၏။ ခြွင်းချက်ရှိ၏။ တချို့ အချည်ခံ ချင်၍ သက်ဆိုင်ရာနိုင်ငံတွေရှိ မြန်မာသံရုံးတွေဆီ သွား၏။ သံရုံးမှာ ဘာဖေါင်တွေ ဘယ်လို့ဖြည့်ကာ ဘာစကားတွေ ဘယ်လို ထားရသည် ကတော့ ကာယကံရှင်တွေသာ သိလိမ့်မည်။ သို့သော် ဦးသိန်းစိန်တို့ဘက်က ရှင်းသည်။ မချည်ချင်သူအား မချည်။ ချည်ချင်သူကိုကား အလွတ်မခံ။ ထောင်တွင်းကို ပေးသည့် (၄ဝ၁) ကမှ ထောင်ဝင်နံပတ်နှင့် လာသေး၏။ ထောင်ပြင်ကို ပေးသည့် (၄ဝ၁) တွင် နံမည်လေးပင် မပါ။ “ဘယ်သူ့ကို ချည်မယ်” လည်း မဟ။ သည်တော့ ဂွကျကုန်၏။ ဂွကျတော့ ဂွင်ရှာ၏။ ဂွင်က “နိုင်ငံတော်” ကို တွင်တွင်တောင်းရေး ဖြစ်လာ၏။ သူတို့တောင်းသည့် “နိုင်ငံတော်” သည် အကျိုးလို၍ ညောင်ရေလောင်းခြင်းဟု ယိုးမရအောင် ကာရဆီးရ ပြန်၏။ “နိုင်ငံတော်ပေးမှ နိုင်/ကျဉ်း တွေ အကုန် လွတ်မှာ” တွေ လုပ်လာ၏။ နိုင်/ကျဉ်းလွတ်စေချင်သူတွေက “နိုင်/ကျဉ်းတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး” ဟု တောင်းဆို၏။ နိုင်/ကျဉ်းတွေသည် ရာဇဝတ်မှုကြောင့် ထောင်ထဲရောက်နေခြင်း မဟုတ်ကြ။ အပြစ်သားတွေ မဟုတ်ကြ။ ရာဇဝတ်ကောင်တွေ မဟုတ် ကြ။ လူ့အခွင့်အရေး အချိုးဖေါက်ခံနေရသူများ (Victims of Human Rights Abuses)၊ ရာဇဝတ်မှု အကျူးလွန်ခံနေရသူများ (Victims of Crime) သာ ဖြစ်၏။ “နိုင်ငံတော်”သည် ရာဇဝတ်ကောင်များကိုသာ ပေးရခြင်းဖြစ်၏။ ခုတော့ ပြောင်းပြန်တောင်းနေသလို ဖြစ်နေသည် ထင်၏။ လူထုအပေါ် တိုင်းပြည်အပေါ် ရာဇဝတ်မှုအမျိုးမျိုး ထင်သလို ကျူးလွန်ခဲ့ကြ၊ ကျူးလွန်နေကြသူတွေထံတွင် ဘာ ရာဇဝတ်မှုမှ မကျူးလွန်ခဲ့ရသူတွေအတွက် “နိုင်ငံတော်” ကို တစာစာ တောင်းပေးနေကြ၏။ နိုင်/ကျဉ်းလွတ်ရေးအတွက် “နိုင်ငံတော်” ဖြင့် “နိုင်ငံရေးအညွန့် ကူ ချိုး” ပေးနေကြသလားပင် ထင်ချင်စရာ ဖြစ်နေ၏။ တောင်းခြင်းတောင်း “နိုင်/ကျဉ်းတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး” ဟုသာ ဖြစ်ရလိမ့်မည်။ နိုင်ငံရေးအရွေ့နှင့် အလှုပ်အရမ်းကြောင့်၊ နိုင်ငံရေး အမြတ်ထုတ်လိုခြင်းကြောင့် သို့မဟုတ် အခြားအခြေအနေ တရပ်ရပ်ကြောင့် သူတို့ဘက်မှ “နိုင်ငံတော်” ပေးပြီး နိုင်/ကျဉ်းတွေ လွတ်လာကြခြင်းမှာ အလွန် ကောင်း၏။ အခုတော့ ကိုယ့်အတွက် “နိုင်ငံတော်” ကို သူတစ်ပါးအတွက် ခေါင်းစဉ်ဖြင့် တောင်းနေကြသလားဟု မြင်စရာ ဖြစ်နေ၏။ စဉ်းစားစရာ ဖြစ်လာ၏။ ပြောစရာကိစ္စ ဖြစ်လာ၏။

သိက္ခာရှိရှိ ပြန်ချင်ခြင်းသည် အလွန်ကောင်း၏။ ဖြစ်လည်း ဖြစ်သင့်၏။ သို့သော် ထို သိက္ခာရှိရှိကို “နိုင်ငံတော်” နှင့် တွဲပြောခြင်းကိုမူ ဘဝင် မကျ။ ထောင်ပြင်ကိုပေးသည့် (၄ဝ၁) မှာ “လူရွေးပေးခြင်း” မဟုတ်သလို “လူမရွေး ပေးခြင်း” လည်း မဟုတ်ဟု မြင်မိ၏။ ထို့ကြောင့် ရွေးခြင်းနှင့် ပေးခြင်းသည်လည်းကောင်း ယူခြင်းနှင့်ရခြင်းသည်လည်းကောင်း တဦးချင်းကိစ္စအဖြစ်သာ တွေးရန် လိုမည် ထင်၏။ တစ်ဦးချင်းကိစ္စနှင့် “နိုင်ငံတော်” (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်) သည် သီးခြားစီ ဖြစ်ရမည် ထင်၏။

နောက်ဆုံးတချက် ပြောချင်သည်က “အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သည် ဘယ်သူက ဘယ်သူ့ကို ပေးရမည့်ကိစ္စ” ဆိုသည်ကို လေးနက်ဖို့ လိုမည် ထင်၏။ ကျနော်တို့က သူတို့ကို ပေးရမည် လော။ သူတို့က ကျနော်တို့ကို ပေးရမည် လော။ မည်သူက မည်သူ့ကို ပေးရမည်နည်း။ ခုတော့ ငါးဖယ်က ပြောင်းပြန်။

မျိုးမြင့်ချို မေ ၂၆ ရက် ၂ဝ၁၂
ရှုဒေါင့်အမြင် - ပြည်တော်ပြန်၊ နိုင်ငံတော်နှင့် ငါးဖယ်ပြောင်းပြန်တို့ ကိစ္စ - May 28 2012 10:50 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005