ပြင်ဆင်ခြင်း အနုပညာ

ရုပ်ကိုသာ ပြင် စိတ် မပြင်
ရုပ်သွင်သာ လှ စိတ် မလှ

စိတ်ကိုလည်း ပြင် ရုပ်လည်း ပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်း လှ
သုခနိဗ္ဗာန် တိုင်လိမ့်မယ်

Three stages of life

1. Children and teenagers
Have energy
Have time
But no money

2. Adults
Have energy
Have money
But no time

3. Elderly people
Have money
Have time
But no energy

ကလေးအရွယ်နဲ့ ဆယ်ကျော်သက်တို့မှာ ခွန်အားတွေ ရှိတယ်၊ အချိန်လည်း ရှိတယ်၊ ဒါပေမယ့် ငွေတော့ မရှိဘူး။

သက်လတ်များမှာတော့ ခွန်အား ရှိတယ်၊ ငွေ ရှိတယ်၊ ဒါပေမယ့် အချိန် မရှိဘူး။ (နှစ်ဆယ်ကျော်စ လုပ်ငန်းခွင် ဝင်ချိန်ကစပြီး ပင်စင်စားချိန် ခြောက်ဆယ့်ငါးဝန်းကျင်လောက် အရွယ်များလို့ အကြမ်းစား သတ်မှတ်နိုင်မယ် ထင်ပါတယ်။)

သက်ကြီးရွယ်အိုများမှာတော့ ငွေ ရှိတယ်၊ အချိန် ရှိတယ်၊ ဒါပေမယ့် အားအင်တော့ မရှိကြတော့ဘူး - တဲ့။

အီးမေးလ်ကနေ ရောက်လာတဲ့ ဒီစာလေးက အများစုသောသူတွေရဲ့ဘဝနဲ့ ထပ်တူဖြစ်မယ့်စာလေးပဲဆိုပြီး နှစ်သက် သဘောကျမိတယ်။ နောက်ပြီး ဘဝဆိုတာ ပြည့်စုံတယ်ရယ်လို့ မရှိဘူး။ လိုအပ်ချက်တခုတော့ အမြဲ ရှိနေတာပဲလို့ ပြောလိုတာများ ဖြစ်လေမလားလို့လည်း တွေးမိတယ်။

ခွန်အားတွေ အချိန်တွေ ရှိပေမယ့်လည်း ငွေ မရှိလျှင်ဖြင့် ဘာမှလုပ်လို့ မဖြစ်နိုင်ဘူးဆိုတဲ့ ကလေးငယ်ဘဝကို ညွှန်းပြီး ငွေရဲ့တန်ဖိုးကြီးမှုကို မီးမောင်းထိုးပြလိုတာလား။ ခွန်အားတွေ ငွေကြေးတွေ ရှိပေမယ့်လည်း များပြား လွန်းလှတဲ့ အလုပ်တာဝန်တွေကြားမှာ ရှားပါးလွန်းလှတဲ့ အချိန်ပြဿနာကြောင့် ရှိတဲ့ခွန်အားနဲ့ ငွေကြေးကိုတောင် စနစ်တကျ မသုံးနိုင်လောက်အောင် ဖြစ်နေတဲ့ ခေတ်ကာလရဲ့ လူမှုဘဝ သရုပ်သဏ္ဌာန်ကို ညွန်ပြ လိုတာလား။ အချိန်တွေ ငွေတွေ ရှိပေမယ့်လည်း ကိုယ့်ခြေကိုယ့်လက်ကိုမှ မသယ်နိုင်လောက်အောင် အားအင် ချည့်နဲ့နေတဲ့ သက်ကြီးရွယ်အိုဘဝကို မီးမောင်ထိုးပြပြီး သတိ သံဝေ ယူစေချင်လို့များ ဒီစာလေးကို ရေးပြလိုက်တာလေလား။ တကယ့် အဖြေမှန်ကိုတော့ ဒီစာလေးကို ရေးလိုက်တဲ့သူကိုယ်တိုင်မှသာလျှင်ပဲ သိပေလိမ့်မယ်။

စာလေးကို ဖတ်မိပြီး ဒီစာလေးက ပြောပြတဲ့အကြောင်းနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်ကြည့်မိတယ်။ လက်ရှိ ပျမ်းမျှ လူ့သက်တမ်းအရဆိုလျှင် ကိုယ့်အသက်က နံပတ် ၂ အဆင့်မှာပါတယ်လို့ ပြောရမယ့် အရွယ်။ ခွန်အား ရှိတယ်၊ ငွေ ရှိတယ်၊ အချိန် မရှိဘူးဆိုတဲ့ အရွယ်ထဲမှာ ပေါ့။ သို့ပေမယ့် ကိုယ့်ဘဝရဲ့ပုံစံကိုက သာမန်လူသားတွေလို လောကီဘဝထဲမှာ နေထိုင်ပြီး လောကလူမှုတာဝန်တွေနဲ့ လုံးထွေးနေတဲ့ ပုံစံမဟုတ်လို့ အထက်က စာထဲကလို အရွယ်သုံးပါးရဲ့ ဒုတိယအဆင့်းမျိုးနဲ့ ထပ်တူအကျကြီးတော့လည်း မဟုတ်ပါဘူး။ တကယ်တမ်း ထပ်တူကျလို့လည်း သင့်တော်မယ် မဟုတ်ပါဘူး။

ကိုယ်က စာထဲကလို Have energy - အင်အားအပြည့်အဝ ရှိတဲ့ အားကောင်းမောင်းသန်တဦးလို့ မဆိုနိုင်လျှင်တောင် လုပ်နိုင်ကိုင်နိုင်တဲ့ ခွန်အားတော့ အတော်အတန် ရှိတယ်။ ဒီတော့ ဒီအချက် ရာနှုန်းပြည့် မဟုတ်တောင် ရာခိုင်နှုန်း ရှစ်ဆယ်ကျော် ကိုးဆယ်လောက် မှန်တယ်လို့ ပြောနိုင်တယ်။ ဒုတိယအရွယ်မှာ Have money - တဲ့။ သီးသန့်ဝင်ငွေရအောင် ရှာဖွေနေသူတဦး မဟုတ်လို့ ငွေကြေးချမ်းသာတဲ့သူတဦးတော့ မဟုတ်ဘူး။ သို့ပေမယ့် အားပေးထောက်ပံ့သူများရဲ့ စေတနာစွမ်းအားကြောင့် ကိုယ် လုပ်ချင်တဲ့အရာ၊ ဝါသနာပါတဲ့အရာ နည်းနည်းပါးပါးကို လုပ်နိုင်လောက်အောင်တော့ ပြေလည်သူတဦးလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ဒီအချက်လည်း ခုနစ်ဆယ့်ငါးရာနှုန်းလောက် မှန်တယ်လို့ ပြောနိုင်မယ် ထင်တယ်။

But no time – အချိန်မရှိဘူးလို့ ဆိုရအောင်တော့ busy - နေသူ၊ အလုပ်ရှုပ်နေသူတဦးတော့ မဟုတ်ပါဘူး။ တခါတလေ ကြုံတောင့်ကြုံခဲ တချိန်တည်းမှာ လုပ်ကိုင်ရမည့် အလုပ်နှစ်မျိုး၊ သုံးမျိုးရှိတတ်တာကလွဲလို့ အလုပ်ရှုပ်နေတယ် ဆိုတာမျိုး မရှိတတ်ပါဘူး။ အလုပ် မရှုပ်သလို အရှုပ် မလုပ်ဖြစ်အောင်လည်း ဆင်ဆင်ခြင်ခြင် ကြိုး စားနေတတ်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် But no time -ဆိုတဲ့ ဒီအချက်ကတော့ ကိုယ်နဲ့ကိုက်တယ်လို့ ဆိုနိုင်မယ် မထင်ပါဘူး။ ပြောရလျင် တခုခုကို လုပ်လိုလျှင်ဖြင့် လုပ်ခွင့်သာလောက်အောင် အချိန် လုံလုံလောက်လောက်ရှိတယ်လို့ ပြောနိုင်ပါတယ်။

Have energy - ခွန်အားရှိတဲ့ အရွယ် ။ ကျန်းမာရေးကလည်း စင်းလုံးချော အကောင်းချည်း မဆိုသာတောင် နာမကျန်းဖြစ်နေသူ တဦးတော့ မဟုတ်ပါဘူး။ ဒီတော့ ရှိနေတဲ့ ကာယခွန်အား၊ ဉာဏခွန်အား၊ ဒီခွန်အားတွေကို ကိုယ့်အတွက် အများအတွက် အကျိုးဖြစ်မည့်အရာတွေမှာ အသုံးချတတ်ဖို့ လိုပေလိမ့်မယ်။ ခွန်အားတွေ ရှိပါလျက်ကယ်နဲ့ ရှိနေတဲ့ခွန်အားကို အသုံးမချပါပဲ ဘဝရဲ့တတိယအရွယ်လို့ပြောရမယ့် ခွန်အားမဲ့အရွယ် ရောက်သွားမယ်ဆိုလျင် အတော်ပင် ဝမ်းနည်းဖွယ် ကောင်းပေလိမ့်မယ်။ ရှိနေတဲ့ ကိုယ်ပိုင်ခွန်အားတွေ ဆိုတာက ကိုယ် အသုံးချသည်ဖြစ်စေ၊ အသုံးမချပဲ နေသည်ပဲဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်တဲ့ တတိယအရွယ်အထိ ပါလာနိုင်မှာမျိုးမှ မဟုတ်တာ။ ပါလာနိုင်တယ် ဆိုစေဦး။ တတိယအရွယ်အထိ ကိုယ့်သက်တမ်းက ရှည်ချင်မှလည်း ရှည်နိုင်မှာ။ ကိုယ့် ပတ်ဝန်းကျင်မှာ၊ ကိုယ့်အသိထဲမှာ ကိုယ့်အောက် ငယ်ရွယ်သူတွေ၊ ကိုယ်နဲ့ တန်းတူရွယ်တူတွေ၊ ကိုယ့်ထက် အနည်းငယ်မျှလောက်သာပဲ ကြီးရင့်သူတွေ သေဆုံးသွားခဲ့ကြတာ နည်းတာမှ မဟုတ်တော့တာ။ ကိုယ့်အလှည့် ဘယ်တော့ ရောက်လာမယ်ဆိုတာ ကိုယ်ကိုယ်တိုင် ကြိုတင် သိနိုင်တာမျိုးမှလည်း မဟုတ်တာ။

ခွန်အားဆိုတာမျိုးက ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကောင်းမွန်မှုကို အခြေခံပြီးမှ ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်မျိုး မဟုတ်လား။ ကိုယ် ကျန်းမာရေး ဖောက်ပြန်လို့ပဲဖြစ်ဖြစ်၊ စိတ်ကျန်းမာရေး မဟန်လို့ပဲဖြစ်ဖြစ်၊ တစ်ခုခုက ပုံမှန်မဟုတ်တော့ဘူးဆိုလျင်ဖြင့် ဘယ်မှာလာလို့ ခွန်အားပြည့်သူ၊ ခွန်အားရှိသူတဦးလို့ ဆိုနိုင်ပါတော့မလဲ။ ဒါကြောင့် ကိုယ်ခွန်အား စိတ်ဓာတ်ခွန်အား ပြည့်ဝကောင်းမွန်သူတဦး ဖြစ်စေဖို့ ခွန်အားပြည့်မည့်အရာတွေကို လုပ်ဖို့ လိုပေလိမ့်မယ်။ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကောင်းမွန်ဖို့ ပြုပြင်ရမည့်အရာတွေ ပြုပြင်ဖို့ လိုပေလိမ့်မယ်။ အကျိုးရလဒ်တွေ ကောင်းစေဖို့ အကြောင်းတရားတွေကို ကောင်းအောင်လုပ်ပေးဖို့ လိုပေလိမ့်မယ်။

ကိုယ်စိတ်နှစ်ပါးဆိုတာ ကံရယ်၊ စိတ်ရယ်၊ ရာသီဥတုရယ်၊ အစာအဟာရရယ်ကို အကြောင်းခံပြီး ဖြစ်ပေါ်လေ့ရှိတယ်။ အကျိုးရလဒ် ဖြစ်တဲ့တရားတွေ ကောင်းလာစေဖို့၊ ရုပ်ကောင်း နာမ်ကောင်းတွေ ဖြစ်စေဖို့၊ ကိုယ်လည်း ကျန်းမာ၊ စိတ်လည်း ချမ်းသာဖြစ်နိုင်စေဖို့ ကံတွေ ကောင်းအောင်၊ စိတ်ဓာတ်တွေ ကောင်းအောင် လုပ်ဆောင်ဖို့ ရာသီဥတုအညီ သင့်တင့် မျှတအောင် နေထိုင်ဖို့၊ ကျန်းမာရေးအတွက် အထောက်အပံ့ကောင်းကောင်း ဖြစ်စေမယ့် အစာအဟာရတွေကို ရွေးချယ်ကာ စားသောက်ဖို့ လိုပေလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ပါ။ အရွယ်သုံးပါးထဲမှာ ဒုတိယအရွယ်မှာက အချိန်မရှိဘူး ဆိုပေမယ့် ရွေးချယ်နိုင်ခွင့်များတဲ့ အရွယ်၊ လုပ်နိုင်စွမ်းအားတွေ အကောင်းဆုံးအရွယ်ပဲ မဟုတ်လား။ ကလေးနဲ့ဆယ်ကျော်သက်တွေမှာက သူ တို့မှာ မရှိတဲ့ငွေကြေးကို ရှိလာအောင် ဖန်တီးဖို့ အခွင့်အလမ်းက အလွန်နည်းပါးပါတယ်။ သက်ကြီးရွယ်အိုတွေ မှာလည်း သူတို့မှာ မရှိနိုင်တော့တဲ့ ခွန်အားကို ခွန်အားပြည့်ဝသူတစ်ဦးဖြစ်လာနိုင်စေဖို့ ဖန်တီးလို့ မရနိုင်တော့ ပါဘူး။ သက်လတ်တွေမှာက အချိန်မရှိဘူးဆိုပေမယ့် အဲဒီအချိန်ကို စနစ်တကျ စီမံဖန်တီးကာ အရယူမယ်ဆို လျင် ရနိုင်တဲ့အခွင့်အလမ်း ရှိပါတယ်။

ပထမအရွယ်ဖြစ်တဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ ငွေကြေး မရှိလို့၊ ချို့တဲ့နွမ်းပါးလို့ သူတို့ဘဝ တက်လမ်း ပိတ်ဆို့နေတယ်ဆိုလျှင် အဲဒီ အပိတ်အဆို့ အတားအဆီးကို ဖယ်ရှားနိုင်အောင်၊ သူတို့တွေ လျှောက်လှမ်းကြတဲ့ လမ်းကြမ်းကြမ်းတွေ ချောမွေ့သာယာ ဖြစ်လာစေအောင် အားပေး ထောက်ပံ့ လုပ်ကြရမယ် မဟုတ်လား။ အလားတူပါ ပဲ၊ ခွန်အားမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ့်ခြေကိုမှ ကိုယ် မ,မနိုင်၊ ကိုယ့်လက်ကိုယ်မှ ကိုယ် မချီနိုင်ကြတဲ့ အနေမျိုးမှာ ကိုယ့်မှာရှိနေတဲ့ ခွန်အားအချို့ကို သူတို့တွေအတွက် မျှတ ခွဲဝေပြီး ဇရာအိုများရဲ့ နေညိုချိန်ကို ထိန်လင်း ဝင်းပ သာယာအောင်၊ ငြိမ်းအေး ချမ်းမြေ့ လှပအောင် လုပ်ဆောင်ပေးဖို့ လိုတယ် မဟုတ်လား။

မရောက်တာကြာတဲ့ မွေးရပ်မြေကို အလည်ပြန်တော့ ငယ်ဆရာတော်က ရွာပြန်လာတဲ့ သူ့တပည့်ကို မြိုင်မြိုင်ဆိုင်ဆိုင် ကြိုဆိုပွဲ လုပ်ပါတယ်။ ဆိုင်ကယ်နဲ့ ရွာသားလေးငါးဆယ်လောက်က ငါးမိုင်ခန့် ဝေးကွာတဲ့ မြို့ငယ်လေးအထိ အရောက်လာပြီး ကြိုဆိုကြတယ်။ လမ်းလျှောက်နိုင်တဲ့ ကလေးငယ်များနဲ့ သက်လတ်အရွယ် တရာကျော်ခန့်ကတော့ တမိုင်လောက်ဝေးတဲ့ လမ်းဆုံတခုအထိ အရောက်လာပြီး ရွာပြန်ကိုယ်တော်ကြီးကို လာကြိုကြတယ်။

ကိုယ်တော်ကြီးလို့ ကိုယ့်ကိုယ်ကိုယ် ညွန်းရတာက လာရောက် ကြိုဆိုကြတဲ့ ဒီ ရာကျော်မျှလောက်သူတွေထဲမှာ ကိုယ့်ကိုယ်တခါမှ မတွေ့မမြင်ဘူးတဲ့ လူငယ်တွေက ပိုများမှာမို့ နာမည်လောက်သာ သူတို့တွေ ကြားဖူးနေတဲ့ အမေရိကန်ပြန် ကိုယ်တော်ကြီးဆိုတာ ဘယ်လိုများ နေလေမလဲလို့ ဦးဦးဖျားဖျား စူးစမ်းလိုလို့ အကြိုရောက် လာကြတာဖြစ်မယ်လို့ ခန့်မှန်းမိလို့ ပါ။

ရွာဦးထိပ်မှာတော့ တရွာလုံးမှာရှိတဲ့ လူစုံတက်စုံထွက်လို့ ပြည်တော်ပြန်ရွာသားကို ဒိုးပတ်ဝိုင်းတွေ ဆင်အက တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြိုဆိုကြတယ်။ ဒီအထဲမှာ အသက်ကိုးဆယ်ပြည့်ပြီဖြစ်တဲ့ ကိုယ့်အမေရဲ့ အမေ၊ ကိုယ့်အဖွား (ကိုယ့်အရပ်အခေါ် အမေကြီး) လည်း ပါ ပါတယ်။ ကိုယ့်အဖွားက သာမန်အချိန်များမှာဆို သူ့အိမ်ထဲကနေ ဘယ်ကိုမှ မထွက်တော့ဘူး တဲ့။ သို့ပေမယ့် အဝေးကနေ သူ့မြေးပြန်လာတယ်ဆိုတော့ ရွာဦးထိပ်အထိ မမောပန်းနိုင်စွာ ကြိုးစားပြီး လာရောက် ကြိုဆိုရှာတယ်။

သူတို့မသေမီမှာ ကိုယ့်ကိုယ် တခါလောက်တော့ တွေ့ချင်ပါသေးတယ်လို့ ပြောခဲ့ကြတဲ့ ကိုယ့်ရဲ့ ငယ်ဆရာ ဘုန်းတော်ကြီးနဲ့ ကိုယ့်ရဲ့အဘိုးဖြစ်သူ ဦးဇင်းကြီးတို့လည်း သက်တော်ကိုးဆယ်အရွယ်များမှာ ပျံလွန်တော်မူခဲ့ကြတယ်။ သူတို့ဆန္ဒ ပြည့်ဝသွားအောင်တော့ ကိုယ်က မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။

သူတို့လိုပဲ မသေမီ ကိုယ့်ကိုယ် တခါလောက်တော့ တွေ့လိုပါသေးတယ်ဆိုတဲ့ ကိုယ့်အမေကြီးရဲ့ဆန္ဒကိုတော့ ကိုယ်က ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အမေကြီး ခုပုံဆို ဇာတာထဲကလိုပဲ အသက်တရာ့နှစ်ဆယ်ရှည်ဦးမှာလို့ ကိုယ်က ပြောတော့ မြေး သိကြားမင်းရှိနေမှတော့ ရှည်ဦးမှာပေါ့လို့ အဖွားက ပြန် ပြောတယ်။ အဖွား ရည်ရွယ်တဲ့စကားကို ကိုယ်က ကောင်းကောင်း နားလည်ခဲ့တော့ သူ့အတွက် ခွန်အားဖြစ်စေမည့်အရာအချို့ကို ပြုလုပ် ပေးနိုင်ခဲ့တဲ့ ကိုယ့်လုပ်ရပ်အတွက် ကျေနပ်မိကာ ကြည်နူးဝမ်းသာဖြစ်မိပါတယ်။ အဖွားရဲ့နားနဲ့မျက်စိက သူ့သမီးဖြစ်တဲ့ ကိုယ့်အမေထက်တောင် ပို ကောင်းနေပါသေးတယ်။ လူတစ်ဦးချင်းစီရဲ့ ကုသိုလ်ကံတရားက မတူကွဲပြား တတ်ကြတာ သဘာဝပဲ လေ။

ဒီစာလေးကို အသက်ကိုးဆယ်အရွယ် ရွာက အမေကြီးအတွက် အမှတ်တရ ရည်ရွယ်ကာ ရေးလိုက်တာပါ။ ကိုယ့်အမေကြီးလိုပဲ အသက်အရွယ် ကြီးရင့်တဲ့ သင့်မိဘနဲ့ သင့် အဖိုးအဖွားတွေ၊ သင့် ဆွေမျိုး သက်ကြီးရွယ်အိုတွေ၊ ဆွေမျိုး မဟုတ်သော်လည်း သင့် အကူအညီကို လိုနေမယ့်သူတွေ သင့် ပတ်ဝန်းကျင်မှာလည်း ရှိကောင်း ရှိနိုင်မှာပါ။ သင့်ရဲ့ ခွန်အား၊ သင့်ရဲ့ ငွေကြေး၊ သင့်ရဲ့ ရှားရှားပါးပါး အချိန်ထဲက အနည်းငယ်မျှလောက်ပင် ဖြစ်စေဦး၊ သူတို့အတွက် မျှတ ခွဲဝေပေးခဲ့မယ်ဆိုလျှင် သူတို့ လိုနေတဲ့ခွန်အားကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားနိုင်မှာပါ။ ဒါဟာ သင့်ကံကို ကောင်းအောင် ပြုပြင်ခြင်း၊ သင့်စိတ်ကို ကောင်းအောင် ပြုပြင်ခြင်းရဲ့ အစိတ်အပိုင်းတခုလည်းပဲ ဖြစ်သွားမှာပါ။ ။

အရှင် ဉာဏိကာဘိဝံသ

အတွေးအမြင် - ပြင်ဆင်ခြင်း အနုပညာ အရှင် ဉာဏိကာဘိဝံသ - May 28 2012 10:47 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
အရှင် ဉာဏိကာဘိဝံသ ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005