လွှတ်တော်ဟာ ဥပဒေအတိုင်း ဆောင်ရွက်ရဲ့လား၊ ဥရောပပါလီမန် လေ့လာသူ မြန်မာလွှတ်တော် ကိုယ်စားလှယ်တချို့ နေပြည်တော်လွှတ်တော် အခြေအနေကို ဝေဖန်

မေ ၁၇ အပျော်နေ့

လွန်ခဲ့တဲ့ မေလ (၆) ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ကြံ့ဖွံ့ပါတီ၊ အဖွဲ့ဝင် (၁၀) ဦးကျော်ဟာ ဂျာမဏီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ နော်ဝေး၊ ယူကေနိုင်ငံတွေကို ခရီးလှည့်လည်ပြီး၊ ဥရောပနိုင်ငံတွေရဲ့ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးပုံတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီ ခရီးစဉ်ဟာ ၁၉၈၈ နောက်ပိုင်း အစိုးရရဲ့ ပထမဆုံး တရားဝင် ဥရောပခရီးလည်း ဖြစ်တယ်။

အဲဒီနောက် မေလ တတိယအပတ်မှာတော့၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် (၅) ယောက် အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအသီးသီးက ကိုယ်စားလှယ် (၄) ဦးလည်း နော်ဝေးနိုင်ငံပါလီမန်ကို လာရောက် လေ့လာဖို့ ရောက်လာပါတယ်။ အဲဒီ နှစ်ဖွဲ့ဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၁၄ ရက် ဆုံတွေ့ပြီး ပါလီမန်လွှတ်တော် ကျင်းပပုံကို လေ့လာခဲ့သလို၊ ပါလီမန်လူကြီးတွေနဲ့ တွေ့ဆုံခဲ့ကာ အော်စလိုက Peace Center နဲ့ အိုင်ဒီယာဖောင်ဒေးရှင်းအဖွဲ့တွေဆီလည်း သွားရောက် လေ့လာခဲ့ပါတယ်။

ဥရောပဟာ ပါလီမန်ဒီမိုကရေစီစနစ်ကို အစောဆုံး စတင် ကျင့်သုံးခဲ့တဲ့၊ ဒေသန္တရဖြစ်ပြီး ပါလီမန် ဒီမိုကရေစီစနစ် အတွေ့အကြုံ ရင့်ကျက်မှုလည်း ရှိပါတယ်။ ပါလီမန်တွင်း အခြေအတင် ဆွေးနွေးချက်တွေ၊ ဥပဒေပြုရေးဆိုင်ရာ တင်ပြချက်နဲ့ ဆင်ခြင်တွေးတောမှုတွေဟာ မိမိတို့ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွား၊ နိုင်ငံရဲ့ အနာဂတ်မျိုးဆက် အရေးအရာကိစ္စတွေကို အာရုံထား ဆောင်ရွက်သလို၊ ပါလီမန်ရဲ့ ဥပဒေပြုဦးဆောင်မှုကို အုပ်ချုပ်သူတွေက အရေးတယူ လိုက်နာ အကောင်အထည်ဖော်တဲ့ဓလေ့ ရှိပါတယ်။ အာဏာရအစိုးရ၊ ပါတီတခုထဲရဲ့အကျိုးသက်သက် ဆောင်ရွက်တတ်တာမျိုး မဟုတ်သလို၊ မိမိနိုင်ငံ အကျိုးစီးပွားသက်သက်ကိုသာ ဗဟိုပြုလုပ်ဆောင်မှုလဲ မရှိဘဲ၊ မိမိတို့နိုင်ငံနဲ့၊ ပြည်သူတွေ အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာအရေးအရာကိုပါ လေ့လာ ဆောင်ရွက်ကြပါတယ်။

နော်ဝေးရောက် မြန်မာကိုယ်စားလှယ်တွေထဲမှာ (ဒုတိယအသုတ်က) ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဦးခိုင်မောင်ရီ၊ ရခိုင်ပါတီက ဒေါ်ခင်စောဝေ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မြင့်မြင့်သန်း၊ ဖလုံစ၀ါပါတီက ဦးစောသိန်းအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးဉာဏ်ဆွေဝင်း၊ ချင်းအမျိုးသားပါတီက ဦးငွန်မောင်တို့ ဖြစ်ပါတယ်။ ဒီ ခုနှစ်ဦးက နော်ဝေးခရီးစဉ်သက်သက် ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် နှစ်ဦးက ပြည်ပခရီးစဉ် ထွက်မယ်ဆိုတာ လေးရက်အလိုမှ ကြိုသိရလို့ တနင်္ဂနွေရုံးပိတ်ရက်မှာ သံရုံးဖွင့်ပြီး ဗီဇာရယူခဲ့သလို၊ သာမာန် နိုင်ငံကူးလက်မှတ်စာအုပ်အနီပဲ ရတယ်။ တခြားပုဂ္ဂိုလ်အားလုံးက သံတမန်နိုင်ငံကူးလက်မှတ်စာအုပ်တွေနဲ့ ပါ။

ဦးရွှေမန်း ဦးဆောင်တဲ့အဖွဲ့နဲ့ အချိန်ကိုက်ပြီး မေလ ၁၄ ရက်နေ့တါင် နော်ဝေနိုင်ငံမှာ ဆုံကြပါတယ်။ နော်ဝေး ပါလီမန်လေ့လာတဲ့ မြန်မာကိုယ်စားလှယ်တွေဟာ လွှတ်တော်ကျင်းပပုံကို လေ့လာတော့၊ နော်ဝေး ၊လွှတ်တော်တက်လာသူတွေကို ကြည့်ရတာ၊ စိတ်တင်းကြပ်မှု မရှိ၊ ပေါ့ပေါ့ပါးပါး တက်တက်ကြွကြွနဲ့ လုပ်ဆောင် ကျင်းပတာတွေ့ရတယ်လို့ ပြောပြကြပါတယ်။ မြန်မာပြည်မှာတော့ ကိုယ့်ထိုင်ခုံမှာ မတ်တပ်ရပ်ပြီး စာရွက်ဖတ်ပြီး ပြောရသလို၊ အဆို တင်သွင်းတာ၊ ထောက်ခံတာကို စာရွက်ကိုင်ဖတ်ပြပြီးမှ ဆွေးနွေးရတော့ လွတ်လွတ်လပ်လပ် မရှိဘူး။ တခုခုမှားရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ စိတ်တွေကလည်း လွှမ်းမိုးနေတယ်လို့ ရှင်းပြကြပါတယ်။

မြန်မာကိုယ်စားလှယ်ခေါင်းဆောင် ဦးရွှေမန်းက နော်ဝေးခေါင်းဆောင်တွေကို၊ မြန်မာပြည်သူတွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးလမ်းကြောင်းကို ရွေးချယ်လိုက်ပြီမို့ မိမိတို့ နောက်ကြောင်းပြန်ဖို့ အစီစဉ်မရှိဘူးလို့ အာမခံပြောခဲ့ပေမဲ့၊ အရင်က ဘာကြောင့် ဒီလမ်းကို မလျှောက်ခဲ့တာလဲဆိုတာတော့ မပြောခဲ့ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ပြန် ပြောပြလို့ သိရပါတယ်။ နော်ဝေးအာဏာပိုင်တွေဘက်က ဘာတွေ ဆက်လုပ်ဖို့ရှိလဲဆိုတာကိုလည်း ဒေါက်တာမျိုးအောင်က အခုလို ဆက် ပြောပါတယ်။

“နော်ဝေးအစိုးရက မြန်မာပြည်ကို အဆင့်မြင့်ကိုယ်စားလှယ် လွှတ်ပြီး ကူညီရေးအစီအစဉ်များ ဆောင်ရွက်မဲ့အကြောင်း ကျနော်တို့ကို ရှင်းပြတယ်။ အခု စီးပွားပိတ်ဆို့အရေးယူမှု ရုတ်သိမ်းလိုက်တာဟာ လက်ရှိ လုပ်နေတဲ့အပြောင်းအလဲကို အသိအမှတ်ပြုတဲ့သဘောဘဲ။ ဒီထက် ပြောင်းလဲလာရင်၊ ပိုပြီး ကူညီဖို့ ရှိပါတယ်။ စီးပွားရေး၊ လူမှုရေးကအစ၊ နိုင်ငံရေးကိုလည်း ဆက်ပြီး ဆောင်ရွက်ပေးမယ်“ တဲ့။

နော်ဝေးနိုင်ငံမှာ ခရစ်ယာန်ဝါဒ မကြီးစိုးခင်အစောပိုင်း အေဒီ ၈၀၀ နဲ့ ၁၀၃၀ ကြား သမိုင်းအစဟာ၊ ဗိုက်ကင်းလို့ခေါ်တဲ့ ပင်လယ်ဓားပြတွေ လွှမ်းမိုးပြီး ပင်လယ်ရေကြောင်းနဲ့ ကုန်ကူးတဲ့လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းကို လုပ်ခဲ့တာပါ။ ၁၄ ရာစုလောက်မှာ နိုင်ငံရဲ့ သုံးပုံတပုံဟာ ပလိပ်ရောဂါကပ်နဲ့ သေဆုံးခဲ့ ရပြီး၊ ဘုရင်၊ မူးမတ်မျိုးနွယ်တွေနဲ့ အထက်တန်းလွှာတွေလည်း သေဆုံးခဲ့ပါတယ်။ ပလိပ်ရောဂါ မွှေနှောက်ခံရပြီး ဘုရင့်နန်းဆက် ပြတ်သွားလို့ ဒိန်းမတ်မင်းသားတပါးကို ကမ်းလှမ်းပြီး ဘုရင့်နိုင်ငံ ပြန် ထူထောင်ရပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆုတ်ယုတ်ပြီး အမှောင်ခေတ်လို့ မှတ်တမ်းတင်ထားပါတယ်။

အဲဒီနောက် နှစ်ပေါင်း ၄၀၀ ကျော်လောက် ဒိန်းမတ်ကိုလိုနီအောက် ရောက်ခဲ့သလို ဆွီဒင် ပြည်ထောင်စုအဖြစ်နဲ့လည်း နေခဲ့ရပါတယ်။ ၁၉၀၅ ကျမှ လွတ်လပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ရောက်တော့၊ ၅ နှစ်ကြာ ဂျာမဏီ သိမ်းပိုက်တာ ခံခဲ့ရပါသေးတယ်။ အဲဒီလို အမှောင်ကြားကနေ ရုန်းကန်လာခဲ့တဲ့နိုင်ငံမို့ ကိုယ့်မင်းကိုယ့်ချင်း နေရတဲ့ဘ၀ကို သိတ် တန်ဘိုးထားပါတယ်။ အနှစ် ၄၀၀ ကျော် ဒိန်းမတ်နိုင်ငံအောက် နေခဲ့ရာက (၁၈၁၄) ကျမှ လွတ်မြောက်တာ။ (အမှန်တော့ ၁၉၀၅ ခု လောက်မှ ဆွီဒင်နိုင်ငံ အချုပ်အခြာကနေ လုံးဝ လွတ်လပ်သွားခဲ့တာပါ။)

ဒိန်းမတ်က လွတ်မြောက်တဲ့ မေလ ၁၇ ရက်နေ့ဟာ နော်ဝေးရဲ့ အခြေခံဥပဒေနေ့ ဖြစ်သွားတယ်။ နော်ဝေးနိုင်ငံ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ဘဲ ဆိုပါစို့။ တနိုင်ငံလုံး ပျော်တဲ့နေ့ ပါ။ တခြားနိုင်ငံတွေ - ဥပမာ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယား အပါအ၀င် အချို့နိုင်ငံတွေဟာ အဲဒီလို ကိုယ့်နိုင်ငံ အချုပ်အခြာ ပိုင်ဆိုင်တဲ့နေ့မျိုးတွေမှာ၊ စစ်အင်အားတွေ၊ ခေတ်မီလက်နက်ဆန်းတွေ၊ တင့်ကားတွေ၊ အမြောက်ကြီးတွေ၊ လေယာဉ်ဖျက် ဒုံးကျည်တွေ၊ ဝေဟင်က လေယာဉ်ပစ်အမြောက်တွေ စတဲ့ စတဲ့ ကြောက်စရာ့လက်နက်ဆန်းကြီးတွေကို တခမ်းတနား ပြတတ်ကြတာယ်။

နော်ဝေးနိုင်ငံက အဲဒီလို မဟုတ်ဘူး။ တနိုင်ငံလုံးက မူလတန်း၊ အလယ်တန်း ကလေးငယ်တွေ အလံကိုင်ပြီး ချီတက်ကြတာပါ။ မျိုးဆက်သစ်တွေကို အဲဒီလို ငြိမ်းချမ်းရေးလက်ဆောင်တွေ တပျော်တပါးပေးတဲ့ မင်္ဂလာကြက်သရေ လွှမ်းတဲ့နေ့ ပါ။

တကယ်တော့ နော်ဝေးနိုင်ငံဟာ၊ ၁၉၇၀ နှောင်းပိုင်းရောက်မှ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက် တွေ့ပြီး၊ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ရောက်လာခဲ့တာပါ။

မြန်မာကိုယ်စားလှယ်တယောက်ဖြစ်တဲ့၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီကတော့ ကိုယ့်နိုင်ငံက သယံဇာတကို ပြည်သူတွေအတွက် အသုံးမပြုနိုင်ဘဲ၊ သူများနိုင်ငံကို လက်ဖြန့် အကူအညီ တောင်းနေရတာ၊ တိုင်းပြည်ကိုယ်စား မျက်နှာပူတယ် လို့ ပြောပါတယ်။

“ကျနော်တို့က သူတို့အကူအညီတွေကို ထိုင် မျှော်နေဘို့လား။ သူတို့ဆီက လက်ဖြန့်တောင်းနေဖို့လား၊ သူတို့လည်း သဘာဝဓာတ်ငွေ့တွေ၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ သူတို့ လူဦးရေ (၅) သန်းကို ဖူလုံအောင် ဖန်တီးပေးနိုင်တယ်။ ကျနော်တို့မှာ သဘာဝအရင်းအမြစ်တွေ အများကြီး နော်ဝေးထက် ထွက်တော့ ကိုယ့်ပြည်သူတွေအတွက်တော့ ပံ့ပိုးစေချင်တယ်။ ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ရင်းနှီးချင်တယ်၊ ဒီမိုကရေစီဘက် သွားချင်တယ်။ ဒါပေမဲ့ (နိုင်ငံတကာ) အစိုးရအဖွဲ့တွေနဲ့ တွေ့တိုင်း ကျနော်တို့ကို ကူညီပါ၊ လမ်းပြပါ၊ ထောက်ပံ့ပါလို့ ပြောနေတာ တခါတခါ ကျနော်တို့ပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။”

ဦးရွှေမန်းအုပ်စုနဲ့အတူ လိုက်ပါလာတဲ့ ကချင်ပြည်နယ်၊ အင်ဂျိုင်းယံမြို့နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကတော့ “အနှစ်သာရအားဖြင့် ဒီမိုကရေစီစနစ် ဦးတည်လိုတဲ့စိတ်ခြင်း တူပေမဲ့၊ အသွင်သဏ္ဍန်အနေနဲ့ များစွာ နောက်ကျနေသေးတာကြောင့် မိမိတို့လွှတ်တော်အတွင်းမှာ အရည်အချင်းပြည့်မီဘို့ အတော်လေး လိုနေတဲ့အကြောင်း ရှင်းပြပါတယ်။

“ကျမတို့မှာ၊ လုပ်နည်းကိုင်နည်းနဲ့ ဆောင်ရွက်ရမဲ့လုပ်ငန်းတွေအတွက် အများကြီး လိုအပ်နေပါသေး တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ၀န်ထမ်းတွေပါ ဥရောပနိုင်ငံတွေမှာ သင်တန်းတွေပေးဖို့ အားလုံး ပြောဆိုထားပါတယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီကတော့ မြန်မာပြည်ဟာ နာမည်က ဒီမိုကရေစီလမ်း သွားနေပေမဲ့၊ အမှန်တော့ ခေါက်ရိုးကျိုးနေတဲ့ အစိုးရနဲ့ ၀န်ကြီးဌာန ခေါင်းဆောင်တွေကြောင့် ဒီမိုကရေစီလမ်းပေါ် မရောက်နိုင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ၊ စကားတွေ အများကြီး ပြောခဲ့ကြတယ်။ လွှတ်တော်မှာရော အများကြီး ပြောခဲ့တယ်။ ဒါပေမဲ့ တကယ် ဖြစ်မလာဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံကို ရောက်ကို မရောက်သေးလို့ ပါ။ ခေါက်ရိုး ကျိုးနေတာတွေကို ဖျောက်လို့ကို မရသေးဘူး။ အပေါ်က စနစ်ကို ပြောင်းလိုက်တယ်။ အောက်မှာ ခေါက်ရိုးက ကျိုးနေတုံး။ အဲဒါ ဒီမိုကရေစီကို သွားနေတာ သိလျက်နဲ့ မေ့မေ့လျော့လျော့နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသေးလို့။ အခု ဒီ နိုင်ငံ ရောက်တော့ တွေ့သမျှအားလုံး ၀မ်းနည်းစရာတွေချည်းပဲ။ ကိုယ့်နိုင်ငံအတွက် ၀မ်းနည်းစရာတွေ ပါ။”

တကယ်တော့ လက်ရှိ နေပြည်တော်လွှတ်တော်ဟာ တိုင်းပြည်ရဲ့လိုအပ်ချက်တွေ တင်ပြနေပေမဲ့ လွတ်တော်ထဲကအသံတွေ လွှတ်တော်အပြင် မရောက်ဘဲ အငွေ့ပျံသွားတဲ့ လွှတ်တော်နိုင်ငံရေးသာ ဖြစ်တယ်လို့ ဦးခိုင်မောင်ရီက ကောက်ချက်ချပါတယ်။

“လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း မဆောင်ရွက်ရင် ဥပဒေအတိုင်းဆိုရင်၊ အရည်အချင်း မရှိရင်၊ အရည်အချင်း မရှိကြောင်း စွတ်စွဲခွင့် ရှိတယ်။ အဲဒီလို စွတ်စွဲနိုင်ခွင့် ရှိလျက်နဲ့၊ တနေ့ လုပ်နိုးနိုး၊ တနေ့ လုပ်နိုးနိုးနဲ့ ကျနော်တို့ မစွတ်စွဲနိုင်သေးဘူး။ ချင်း ကိုယ်စားလှယ်တယောက်ဆိုရင်၊ ခဏခဏ တင်တယ်၊ ခဏခဏ တင်ပြကြောင်းလဲ လွှတ်တော်ကို ပြောတယ်၊ ဂရုကိုမစိုက်ပါဘူးလို့လဲ ပြောပြတယ်။ ငိုတတ်တဲ့ ကလေးဟာ နို့ ပိုစို့ရတဲ့စကားလို ကျနော်တို့က ခဏခဏ ငိုပြနေရတော့မှာလား၊ အဲလို ငိုပြမှ အခွင့်အရေး ရမှာလား။ အသိစိတ်ဓာတ်နဲ့ မဆောင်ရွက်ကြတော့ဘူးလား၊ လွှတ်တော်ဆိုတာ ဥပဒေပြုတာဖြစ်လို့ ထုတ်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ကြရဲ့လား။

အခုဟာ လုပ်ချင်တာ လုပ်နေကြတာ၊ ဥပမာတခု ပြောမယ်၊ လျှပ်စစ်မီး ကိစ္စ။ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ တင်ပြတယ်။ ပျက်ချင်တဲ့အချိန် ပျက်၊ လာချင်တဲ့အချိန် လာ၊ အကန့်အသတ်မဲ့ မီးပျက်တယ်။ ဘယ်သူ့ကိုမှ မကြေငြာဘူး၊ လုပ်ချင်ရာလုပ်နေတဲ့ မီး။ မီပျက်လို့ မီးလောင်လို့ သေပြီး တရားခံဖြစ်ရတာက ပြည်သူ၊ တကယ့်တရားခံက အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာနလို့ ပြည်ထောင်စုလွှတ်တော်မှာ ကျနော် အဲဒီလို ပြောလာခဲ့တာ။ ဒါပေမဲ့ လွှတ်တော်အပြီး အိမ်ပြန်ရောက်တော့ မီးပျက်နေတယ်။ တနေကုန် ပျက်တယ်။ လျှပ်စစ်ဌာန ဖုံးဆက်မေးတော့ ဖြေခွင့်မရှိဘူး တဲ့။ ကျနော်တို့က တနိုင်ငံလုံးကြားအောင်သာ ပြောတာ၊ ဘယ် မီဒီယာမှ မပါဘူး၊ လွှတ်တော်ထဲမှာ တင်၊ လေထဲမှာ တင်၊ အငွေ့ပျံသွားသလား။”

မြန်မာအာဏာပိုင်တွေက၊ ဒီမိုကရေစီနိုင်ငံတွေဆီကနေ စီးပွားရေး၊ ငွေကြေး၊ နည်းပညာအကူအညီယူဘို့ သက်သက် ဟန်ပြ ဆက်ဆံနေတာလား။ အနှစ်သာရှိရှိ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးကို မေ့ထားမှာလား။ တကယ်တော့ ဒီမိုကရေစီဆိုတာ စိတ်ဓာတ်ရေးရာ ကျင့်ဝတ်တခု ပါ။ နော်ဝေးမှာတော့ လူနေမှုအဆင့်အတန်းက တဦးနဲ့တဦး သိတ် ကွာခြားတာ မရှိသလို၊ ဆင်းရဲချမ်းသာ ကွဟာမှု နည်းပါးပြီး အားလုံး တန်းတူညီတူပါဘဲ။ ငွေကြေးချမ်းသာ တောင့်တင်းတာ၊ စီပွားကောင်းပြီး ကြိကြိတက် ချမ်းသာတာကို နော်ဝေးလူမျိုးတွေက ဂုဏ်လို့ မသတ်မှတ်ပါဘူး။

သူတို့သတ်မှတ်တာက လူတယောက်ဟာ (၁) အလုပ်လုပ်ရမယ်။ (ဘာအလုပ်ဘဲဖြစ်ဖြစ် ၊အလုပ်ဂုဏ်ကို တန်ဘိုးထားတယ်) (၂) ပညာတတ်ရမယ်။ (ပညာတတ်ယောင်ဝါးလုပ်ပြီး လူပေါ်လူဇော် လုပ်တာ၊ မာန်ရစ်တာ မဟုတ်) (၃) လူမှုရေး တက်ကြွသူ ဖြစ်ရမယ်။ (ဆိုရှယ် ဒီမိုကရက်တစ်နိုင်ငံဆိုတော့ ဒါကို အလေးထားတယ်) (၄) အလုပ်တာဝန် ကျေပြွန်သူ ဖြစ်ရမယ်။ ဒါတွေကို အဓိက တန်ဘိုးထားတယ်။ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုက ရိုးရိုးလေးနဲ့ မြင့်မြင့်မားမား ရှိတယ်။ (တကယ်တော့ မြန်မာတွေရဲ့ စံနှုန်းကလည်း အဲဒီလိုပါပဲ။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့စနစ်ကိုယ်က ယိုင်ရွဲ့ခဲ့လို့ပါ။

မိမိနဲ့ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးနယ်ပယ်မှာ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအဆင့်မြင့်အောင် တိုက်တွန်း၊ လုပ်ဆောင် အားထုတ်တာ မင်္ဂလာတပါးလည်း ဖြစ်ပါတယ်။ အများပြည်သူအတွက် ရည်ရွယ်ပြီး၊ ချမှတ်တဲ့စနစ်အပေါ်မှာ နိုင်ငံသားတိုင်းအားလုံး စိတ်ရောကိုယ်ပါ လိုက်ပါရတာ ဖြစ်ပါတယ်။ ၀န်းဝိုင်း ကူညီရတာ ဖြစ်ပါတယ်။ လူတိုင်းကောင်းစားဘို့အတွက် ဖော်ဆောင်တဲ့စနစ်မဟုတ်ဘဲ အတ္တသမားလူနည်းစုကို အလုပ်အကြွေးပြုမဲ့လုပ်ငန်းစဉ်ဆိုရင် ဘယ်သူမှ အားပေးကူညီချင်မှာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူနဲ့ သဟဇာတမဖြစ်တဲ့ အစိုးရကို ပြည်သူတွေက သံသယတွေနဲ့ ပူးပေါင်းလိုစိတ်လည်း မရှိတော့ပါဘူး။ မူကိုသာမက လူတွေပါ ပြောင်းလဲမှ မိမိတို့အနာဂတ် ဒီမိုကရေစီခရီး ချောမွေ့လိမ့်မယ်လို့ ဒီကနေ့ ပြည်သူတွေက ယုံကြည်နေကြတာပါ။

ကိုညို

(ဆောင်းပါးရှင် ကိုညိုရဲ့ လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းအစီအစဉ် ဗုဒ္ဒဟူးနေ့မနက်တိုင်း အသံလွှင့်ချက် အပြည့်အစုံကို ဖြည့်စွက်ချက်များနဲ့အတူ ဖော်ပြထားပါတယ်။)

အမျိုးသား ဒီမိုကရေစီ အင်အားစု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ

အော်စလိုမြို့လယ် တနေရာ

အော်စလိုဆိပ်ကမ်း တနေရာ

နိုဘယ်လ် ငြိမ်းချမ်းရေး စင်တာ

ရှုဒေါင့်အမြင် - - May 25 2012 03:22 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005