အတိတ်မှ အရိပ်များ (၂၂)

နောက်တခုကတော့ ကျမဘ၀မှာ တခါမှ မကြားဘူးတဲ့ အဖြစ်အပျက်တခုပါ ပဲ။ ပဂိုး (ပဲခူး) မြို့မှာနေတဲ့ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မလှဝေ ဆိုတဲ့ အမျိုးသမီးတဦး ပါ။ သူက ဘာလုပ်သလဲဆိုတော့ သူရဲ့ခင်ပွန်းက သေဆုံးသွားပြီး သုံးနှစ် သမီးတယောက်နဲ့ ခုနှစ် (၇) နှစ်အရွယ် သားလေးတယောက် ကျန်ခဲ့ပါတယ်။ သူ့ကို အမျိုးသားတယောက်က လက်ထပ်ဖို့ခွင့် တောင်းပါတယ် တဲ့။ ဒါပေမယ့် အဲဒီအမျိုးသားက သူ့ကိုတော့ ယူချင်တယ်။ ဒီ ကလေးနှစ်ယောက်ကိုတော့ လက်မခံဘူးလို့ ပြောပါတယ်။ ဒါနဲ့ ဒီ အမျိုးသမီးက ဘာလုပ်သလဲဆိုတော့ ကလေးနှစ်ယောက်ကို ပဂိုးမြစ်ကမ်းခေါ်သွားပြီး လှေပေါ်တင်ကာ ရေလယ်ကို ထွက်ခဲ့ပါတယ်။ ရေလယ်ခေါင်ရောက်တော့ လှေကို မှောက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် ကလေးတွေက ကံကောင်းရှာပါတယ်။ သူ လှေနဲ့ထွက်သွားတာကိုကြည့်နေတဲ့ ထင်းဆယ်တဲ့သူတွေက စိတ်ပူပြီး လှေနဲ့ လိုက်လာကြတာဆိုတော့ လှေမှောက်မှောက်ချင်းပဲ ဆယ်လိုက်နိုင်ပါတယ်။ ကလေးနှစ်ယောက် မသေတော့ပဲ သူက ထောင်ထဲကို ခုနှစ် (၇) နှစ် ထောင်ချခံရပြီး ရောက်လာတာပါ။ ကျမတော့ မိခင်မေတ္တာ ခေါင်းပါးလွန်းတဲ့ သူ့ကို အံ့သြမိပါတယ်။

ကျမတို့ထောင်ထဲမှာ နောက်တခု ရှိသေးတယ်။ ရီစရာလဲ ကောင်း၊ စိတ်ညစ်စရာလဲ ကောင်းလှပါတယ်။ ဘာလဲဆိုတော့ ထောင်ထဲကို အသစ်ရောက်လာတဲ့ ထောင်ကျ (အကျသစ်) ကို ကျမတို့အားလုံးက (New York) နယူးရောက်လို့ ခေါ်ပါတယ်။ အဲဒီနေ့က နယူးရောက်လေးတွေ ရောက်လာလို့ ညနေ ရုံးထွက်သွားတဲ့ကား ပြန်လာရင် ထောင်ကျနေပြီး အမှုရှိလို့ ရုံးထွက်သွားတဲ့သူတွေနဲ့အတူ ထောင်ကျအသစ်တွေလဲ ပါလာတတ်ပါတယ်။ အဲဒီမှာ ဆံပင်အတိုနဲ့ ရှပ်အင်္ကျီ ၀တ်ထားတဲ့ ယောက်ျားရှာမလေးများ ပါလာရင်တော့ ထောင်ထဲမှာ ဆူညံသွားပါတော့တယ်။ အဆိုးဆုံးက မိလုံး၊ ဌေးဌေးဝင်းနဲ့ ထောင်ကျမိန်းကလေး တချို့ ပါ။ သူတို့က အပြိုင်အဆိုင် သွားခေါ်ကြပါတော့တယ်။

ထောင်ကျရုံးခန်းမှာ မှတ်ပုံတင်တာ စောင့်ပြီးတာနဲ့ မိတ်ဆွေဖွဲ့ပြီး ကြိုဆိုကြတာပါ။ အဲဒီယောက်ျားရှာ ကလေးမတွေက လုံးဝ အဆင်ပြေသွားပါပြီ။ မလွတ်မချင်း စားဝတ်နေရေး အလွန် အဆင်ပြေပါတယ်။ ဒါကြောင့် တချို့ခတ်လယ်လယ် ခဏခဏလဲ ထောင်ကျဘူးမယ်ဆိုရင် တမင်လုပ်လာတဲ့သူတွေလဲ ရှိပါတယ်။ တခါတလေ အပြိုင်အဆိုင် လုယက်ခေါ်ကြရင်း ရန်ဖြစ်ကြတာတွေလဲ ရှိပါတယ်။ သူတို့ကိုလည်း အပြစ်မတင်ပါဘူးလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ထဲ ရောက်နေကြတော့ စိတ်ပြေလက်ပျောက် ပျော်စရာလေးတွေ ရှာကြတာပေါ့။

ထမင်းပုန်းထမ်းတဲ့ ယောက်ျားလေးတွေကလဲ ထမင်းပုန်းထဲမှာ ပလပ်စတစ်အိတ်နဲ့ထုတ်ပြီး ရည်းစားစာ ထဲ့ပေးကြ၊ ဒီဖက်ကလဲ ပြန်ပေးနဲ့ ဒီလိုဘဲ ပျော်စရာလေးတွေ လုပ်နေကြရရှာပါတယ်။ နှစ်ကြီးတွေ ကျနေကြတာမဟုတ်လား ရသေ့စိတ်ဖြေ ပေါ့။

မိလ္လာထမ်းတဲ့ ကလေးတွေကလဲ တမျိုး ရီစရာ ကောင်းပါတယ်။ မိလ္လာအိုးတွေက ရာဝင်စဥ့်အိုးကြီးတွေ ပါ။ ၈ ဆောင်အပေါ်ထပ်အတွက် တလုံး၊ အောက်ထပ် တလုံး၊ ၇ ဆောင် တလုံး ပါ။ ညနေဆိုရင် လာ ပို့ပါတယ်။ ထောင်ဖွင့်ချိန်ကျရင် လာပြီး အညစ်အကြေး စွန့်ဖို့ ပြန်သယ်သွားပါတယ်။ နေ့ခင်းမှာ အိုးတွေကို အနံ့အသက် ပျောက်အောင် နေပူလှမ်းပြီး ပြန် ပို့တာပါ။ အဲဒီအိုး ကျကွဲရင်၊ ကြာလို့ အက်ပြီးကွဲသွားရင် အကျဉ်းသားတွေဆီက ငွေတောင်းခံပြီး ပြန် ၀ယ်ပါတယ်။ တော်တော်ပဲ အကုန်အကျများမှာ အကျဉ်းဦးစီးဌာန စိုးရိမ်ပုံရပါတယ်။

ဒါကြောင့်ထောင်ထဲမှာ အကစ “အကုန်စား” “အကျန်စား” ဆိုပြီး နံမည်ပေးထားကြတာ ပါ။

အရူးလဲ ဖမ်းပြီး အကျဉ်းထောင်ထဲ ပို့ပါတယ်။ ဘယ်လို တရားသူကြီးက အမိန့်ချလိုက်တယ် မသိပါဘူး။ အရူးကို စိတ္တဇဆေးရုံ မပို့ဘဲနဲ့ ထောင်ထဲ ပို့လိုက်တော့ ကျမတို့မှာ မအိပ်ရတော့ပါဘူး။ မှတ်မှတ်ရရဆိုရင် တယောက်က ဖာတမာဘီလို့ခေါ်တဲ့ ကုလားမကြီး ပါ။ လူကလဲ တောင့်တောင့်နဲ့၊ ဆဲလိုက်ပြေးလိုက်နဲ့၊ တနေကုန် တိုက်ပွဲဆင် နေတော့တာပါပဲ။ တန်းစီးဘာယာတွေ ၀ါဒအမျိုးသမီးတွေ ၀ုန်းဒိုင်းကြဲ ဆွဲကြရပါတယ်။ နောက်ဆုံး မနိုင်တော့ တိုက်ထဲထဲ့ ပိတ်ထားလိုက်ပါတယ်။ သူကလဲ မအိပ်ပဲ အသံကုန် အော်ဟစ်နေတာ ပေါ့၊ ဘယ်သူမှ မအိပ်ရတော့ပါဘူး။ သူ ၁၅ ရက် ထောင်ကျရင် ၁၅ ရက် အိပ်ရေးပျက်ပြီသာ မှတ်ပါတော့။ တနှစ်ကို သုံးခါလောက်တော့ ရောက်လာတတ်ပါတယ်။

တယောက်ကတော့ မသန်းမြင့် တဲ့။ သူက ဖြူဖြူချောချောလေး ပါ။ ရုံးတခုက အရာရှိကြီးနားမှာ စာရေးမ လုပ်ရတာပါ။ အရာရှိ လာဘ်စားတာကို သူပါ ပါတယ်ဆိုပြီး ထောင် သုံးနှစ် ချလိုက်တာ အမိန့်ချပြီး ထောင်ရောက်တာနဲ့ စိတ်နောက်သွားရှာတာပါ။ သူကတော့ ငြိမ်ငြိမ်လေးထိုင်ပြီး စကားပြောတာပါ။ တနေ့လုံး၊ တခါတလေ တညလုံး၊ စကားပြောနေတာပါ။ အိပ်လို့ ပြောလဲ မရပါဘူး။ အသံကြားနေတော့ မအိပ်ရတော့ဘူး။ သူ့ကို တိုက်ထဲလဲ ထားခွင့်မရှိတော့ စိတ်ညစ်နေကြရတာ ပေါ့။ နောက်ဆုံးတော့ ၀ါဒါအမျိုးသမီးတွေက ဆေးခန်းနဲ့ပေါင်းပြီး ညညဆိုရင် အိပ်ဆေးတလုံး ချော့တိုက်တော့မှ အိပ်သွားတော့တယ်။

နောက်တဥင်္ီးကတော့ ပုဏ္ဏားမကြီး ပါ၊ အသက်က ၅၀ လောက် ရှိမယ် ထင်တယ်။ ရေကန်ကို တနေ့အခါ ၃၀ လောက် သွားပြီး မျက်နှာသစ်၊ ပလုပ်ကျင်းပါတယ်။ ရေကန်ဘာယာတွေက အော်ထုတ်၊ မရရင် ရိုက်ထုတ်၊ သူကလဲ ဇွတ်ဝင် ရေခပ်နဲ့ ငရဲပွက်သလိုပါ ပဲ။ ၁၅ ရက် မပြည့်မချင် ၀ဋ်ခံ၊ သူလဲ ခံ၊ ကျမတို့လဲ ခံ ပေါ့။

အမယ်လေး၊ အဆိုးဆုံးတခု ပြောပြအုံးမယ်။ စီမံချက် တဲ့။ ရန်ကုန်မြို့က သူတောင်းစားတွေ ဖမ်းလာတာ လေ။ ယောင်္ကျားဆောင်တော့ ဘယ်လိုနေတယ် မသိဘူး၊ ကျမတို့ဖက်တော့ အားလုံး သေချင်စိတ်တောင် ပေါက်သွားကြတယ်။

သူတောင်းစားတွေ ဖမ်းလာတာ တမြို့လုံးဆိုတော့ ၃၀၀ ကျော် ပါတယ်။ ကလေးပေါက်စလေးတွေက ၁၀၀ ကျော်လောက် ပါလာတာ၊ အဆောင်မှာ အိပ်စရာလဲ မရှိတော့ သံမံတလင်းဘဲရှိတဲ့ တိုးချဲ့ဆောင်မှာ ထားရတယ်။ ကလေးတွေက ငိုကြ၊ ဆူကြ၊ စားစရာလဲ ထောင်ဝင်စာ မရှိကြတော့ ပုံစံတွေနဲ့ စားကြရတော့ ကလေးတွေက မုန့်စားချင်လို့ အော်ငိုကြနဲ့ ထုံးစံအတိုင်း ၅ ည နိုင်ငံရေးအကျဉ်းသူတွေက မနေနိုင်ကြတော့ပဲ နောက်တပတ် ထောင်ဝင်စာ မရောက်ခင် စားဖို့ ချန်ထားတဲ့ မုန့်မှန်သမျှအားလုံး နေ့တိုင်း ကျွေးကြရတယ်။ အ၀တ်အစားလဲ မပါကြတော့ နံစော်နေတာ ပေါ့၊ ထောင်ကလဲ ၁၅ ရက် အ၀တ်အစားလဲ ထုတ်မပေးနိုင်နဲ့ ပွဲခံနေတာပဲ။

ဒီကြားထဲ သန်းခေါင်စာရင်း မတိုင်လို့ ၁၅ ရက် ထောင်ကျတဲ့သူတွေလဲ အများကြီး ပါ။ ကျမတို့နိုင်ငံရဲ့ ဥပဒေကလဲ ကမောက်ကမ နိုင်လှပါတယ်။ န၀တ၊ နအဖခေတ်မှာ ထောင်မကျတဲ့သူလို့ မရှိသလောက်ပဲ။ ဈေးရောင်းရင်လဲ ဂဠုန်သုပ်ပြီး လမ်းဘေးဈေးရောင်းမှုနဲ့ ထောင် တလ၊ ၁၅ ရက် ကျပြန် ရော။ ပြေးနိုင် ပုန်းနိုင်တဲ့သူတွေသာ ထောင် မကျတာပါ။ အဲဒီမှာ ပဂိုး (ပဲခူး) တိုင်း မြစ်ကျိုးရွာက အမေကြီးတယောက်၊ အသက် ၆၀ လောက် ရှိပါပြီ၊ ပါလာပါတယ်။ သူက ငိုနေတော့ သနားလို့ သွားချော့ပါတယ်။ သူက သမီးက ဘာမှုလဲ မေးတော့ ဘေးက ၀ိုင်းချော့နေတဲ့ ခင်ဌေးညွန့်က ၅ ည လို့ ပြောထားတော့ ကျမကိုလဲ အမေကြီးက အတူတူဘဲလား မေးတာပါ။ ကျမကလဲ ပြီးလွယ်စီးလွယ် ခေါင်းငြိမ့်ပြလိုက်တော့ “အော် သမီးတို့က တော်သေးတယ်။ ၅ ညပဲ အိပ်ရမှာ။ အမေ ကတော့ ၁၅ ရက်တောင် နေရမယ်” လို့ ပြောလို့ ကျမတို့လဲ ရီမိပြန်ရော။

ထောင်ထဲမှာ ရှိနေတုန်း ကျမကို စစ်ကြောရေး နှစ်ကြိမ် ထုတ်ပါတယ်။ ထောက်လှမ်းရေးကလား၊ ရဲသတင်းတပ်ဖွဲ့ (SB) ကလား မသိပါဘူး။ အင်းစိန်ထောင်ရဲ့အတွင်းထဲမှာ မြေလမ်းအတိုင်း ခေါ်သွားပါတယ်။ အလယ်ခေါင် ဗဟိုနေရာ တိုင်ကြီးတလုံးရှိပြီး အပေါ်နေရာမှာ ဘုရားတဆူ ရှိပါတယ်။ ကြည့်မိရင် နောက်တခေါက် ပြန်ဝင်ရတယ်လို့ ပြောသံကြားဘူးလို့ ကျမ လုံးဝ မော့မကြည့်ပါဘူး။ ဆက်သွားပြီး ညာဘက်မှာ အဆောင်အုတ်ရိုးအတွင်းဘက်ကို ၀င်ခဲ့ရပါတယ်။ အဲဒီကို ၀င်လိုက်တော့ မြေပြင်ကို ပြောင်နေအောင် ညှိထားပြီး ဘေးမှာ ဟင်းနုနွယ်အရွက်နီပင်ကြီးတွေ တန်းစီစိုက်ထားတဲ့ လမ်းလေးအတိုင်း ဆက်သွားတော့ တိုက်ဆယ်ခန်းတွဲတခု တွေ့ရပါတယ်။ နောက်မှ သိရတာကတော့ ဇာဂနာတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့တွေလိုမျိုးတွေ ထားတဲ့နေရာပါ တဲ့။ အဲဒီအချိန်မှာတော့ ကိုကိုကြီး တို့၊ ကိုမင်းကိုနိုင် တို့ မရောက်သေးပါဘူး။ အဲဒီတိုက် ကျော်တော့ သံတိုင် ကာထားပေးမယ့် လုံးချင်းအိမ်မျိုးလေးတွေ တွေ့ရပါတယ်။ အဲဒီဘက် ဆက်မသွားပဲ ၀င်းအသေးဘက် ညာဘက် ထပ်ဝင်လိုက်တော့ ဘန်ဂလိုဧည့်ခန်းထဲကို ရောက်သွားပြီး ဆိုဖာမှာ ထိုင်ခိုင်းပါတယ်။

မကြာခင်မှာပဲ အရပ်ဘက်ဝတ်စုံနဲ့ လူနှစ်ယောက်လာပြီး ကျမရှေ့က ဆိုဖာမှာထိုင်ပြီး ကျမကို စကားပြောပါတယ်။ မှန်မှန်ပြောပါလို့ အရင် စ,ပြောပါတယ်။ ခင်ဗျားမှာ စစ်ဖက်နယ်ဖက်က အမျိုးတွေ ရှိသလားလို့ မေးပါတယ်။ ကျမကလဲ မအူမလည်ဆိုတော့ ထောင်ထဲကများ လွှတ်ပေးမလားလို့ ထင်မိပြီး ရှိပါတယ်။ ဒုတိယ ဗိုလ်မှူးကြီး သီလ မြန်မာနိုင်ငံကြက်ခြေနီအတွင်းရေးမှူးလည်း ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။ နောက်ပြီး ကျမကို စိန်မောင်ရုပ်ရှင်ခြံက ဖွက်ထားတဲ့လက်နက်ကိစP သိလား၊ လှခိုင်ကို သိလား မေးပါတယ်။ ကျမက နဲနဲ ရိပ်မိသွားပြီး “မသိဘူး” ပဲ ပြောရပါတော့တယ်။

သုံးနာရီလောက် မေးမြန်းပြီးတော့ ကျမကို ပြန်ပို့ ခိုင်းပါတယ်။ ပြန်အထွက်မှာ သတိထားမိတာက ဂဠုန်ဦးစော တည်ထားတာလို့ပြောတဲ့ စေတီကြီးကို ဖူးရပါတယ်။ စေတီလုံးပတ်က ယောက်ျား ခြောက်ဖက်စာ လောက်ရှိပြီး စေတီအဆင့်ဆင့် အထပ်ပုံစံနဲ့ တည်ထားပြီး အမြင့်ဉာဏ်တော်က အတောင် နှစ်ဆယ်လောက်ရှိ မယ်ထင်ပါတယ်။ ဘေးမှာ ပဋိစ္စသမုပ္ပတ် ရေးထားပါတယ်။

နောက်ပိုင်းမှာ အိမ်နဲ့ အဆက်အသွယ်ရအောင် ထောင်ဝါဒါမလေး စန်းစန်းမြင့်က ဆက်သွယ်ပေးခဲ့ပါတယ်။ အိမ်က ထောင်ဝင်စာလာပြီး မကြာခင် သတင်းကြားရတာကတော့ ဦးလေး ဗိုလ်မှူးကြီးသီလ အဖြုတ်ခံလိုက်ရတာ သိရလို့ တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

နောက်တခုကတော့ အဖွားဒေါ်ခင်ရီကို ဒုက္ခအမျိုးမျိုး ပေးခဲ့တာလေး သိစေချင်ပါတယ်။ အဖွားကို မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်စပ် ဖမ်းဆီးထားတာဖြစ်ပြီး လိုင်းကြေးလဲ မ၀င်ထားခဲ့ပါဘူး။ ဒါကြောင့် အဖွားက ရေနွေးတောင်းရင်လဲ မရပါဘူး။ ဆေးဝါးကုသခွင့်လဲ မရှိပါဘူး။ အဖွားရဲ့ဆီးချိုရောဂါက ပိုဆိုးလာခဲ့ပါတယ်။ ကျောတပြင်လုံး အနာတွေ ပေါက်လာခဲ့တယ်။ နွေရာသီဆိုတော့ ပူပြင်းလိုက်တာကလဲ အလွန်ပါပဲ။

နိုင်ငံရေးသမားအချင်းချင်း ရန်တိုက်ပေးတာလဲဖြစ်ပြီး ၅ ည ပုဒ်မနဲ့ကျတဲ့ ဒေါ်တိုးတိုးတင်၊ ဒေါ်စောမြတ်မာတို့ အုပ်စုကိုတော့ အထူး အခွင့်အရေးပေးပြီး မနက်ဆိုရင် ဆေးခန်းမှာ ရေနွေး ကြိုက်သလောက် တည်ယူခွင့် ရရှိထားပါတယ်။ အဖွားက မကြေနပ်လို့ ခွဲခြား ဆက်ဆံတာကို ထောင်မှူးအမျိုးသမီးကိုပြောတော့ မရလို့ ထောင်ပိုင်ကို တင်ပြပါတယ်။ ဒါကို ထောင်မှူးအမျိုးသမီးက စိတ်ဆိုးပြီး နေ့လည်ခင်း ၁ နာရီကျော်ကျော်မှာ ရေချိုးထုတ်ချိန်မှာ တောင်ယာစိုက်ခင်းထဲမှာ နေပူကျဲကျဲမှာ ရေချိုးခိုင်းပါတယ်။ အဆိုးဆုံး ၀ါဒါ မသက်သက်မွန်ကိုယ်တိုင် ရေချိုးထုတ်ပါတယ်။ ရေချိုးထုတ်ရင် အမြဲတမ်း ရေဘုတ်ကိုင်ကသာ လုပ်ကိုင်ရတာပါ။

တမင်လုပ်တာ သိသာပါတယ်။ ၅ ည တွေကိုသာ နေပူထဲမှာရပ်ပြီး ထမိန်ရင်လျားနဲ့ စောင့်နေကြရပါတယ်။ ရေပိုက်နဲ့ သွယ်ရတာဆိုတော့ ရေက နဲနဲပဲ လာတာ ပေါ့။ ဒီတော့ အကြာကြီး နေပူထဲမှာ ရပ်ပြီးမှ ရေနဲနဲ ၁၀ ခွက်လောက် လောင်းချိုးရတော့ မကြာပါဘူး၊ အားလုံး အပူရှပ်ပြီး ဖျားနာလာကြတော့ ထောင်ပိုင် တိုင်ရပြန်ပါရော။ ဒီလိုနဲ့ သံသရာ လည်နေကြရပြန်ပါတယ်။ ကျမတို့ ရောက်စမှာ ဆန်ကို လုံးတီးဆန်ညိုညိုတွေနဲ့ ချက်တဲ့ ထမင်းကို စားရတာပါ။ ဒါကို ၅ ည တွေက ဦးဆောင်ပြီး ထောင်ပိုင်ကို တင်ပြတော့မှ မကြာခင်မှာ ဆန်ဖြူထမင်း ကျွေးပါတယ်။

ဒီကြားထဲမှာ သတိရတာ ပြောပြမယ်။ ဒေါ်ချိုချိုကျော်ငြိမ်း (ဦးကျော်ငြိမ်းသမီး)၊ သူက တိုက်ထဲမှာ နေရရှာတာပါ။ အုတ်ရိုးက ပေ ၅၀ ခန့် မြင့်တော့ လေ မ၀င်ပါဘူး။ အရမ်း အိုက်လှောင် ပိန်း၊ အိုက်စပ် ပူလောင်လှပါတယ်။ အဲဒီတော့ ညဘက် အိပ်မပျော်တော့ နေ့လည်ခင်းမှာ ဘောင်းဘီတို ဘရာစီယာလေးနဲ့ သောက်ရေအိုးကို ဖက်ပြီး အိပ်ပျော်နေရှာပါတယ်။ ထောင်မှာက ညွှန်ချုပ်က ကြာသပတေးနေ့ လာတတ်ပြီး ထောင်ပိုင်က အင်္ဂါနေ့ လာလေ့ ရှိပါတယ်။ ညွှန်ချုပ်ကြီးက လာတိုင်း ဒေါ်ချိုချိုကျော်ငြိမ်းကို လေးလေးစားစား အရေးတယူ နှုတ်ဆက်လေ့ ရှိပါတယ်။ အဲဒီနေ့က သူက ၀င်ပြီး နှုတ်ဆက်မှာ ဒေါ်ချိုချိုကျော်ငြိမ်းက ခုနပုံစံအတိုင်း အိပ်နေတော့ ညွှန်ချုပ်ကြီးက အားနာပြီး ရှောင်သွားပါလေရော။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - May 21 2012 01:14 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005