အတိတ်မှ အရိပ်များ (၂၀)

ကျမတို့တတွေ အပြင်ကိုရောက်တော့ အပျော်ဆုံး ပဲ။ တိုက်ထဲကနေ အဆောင်ထဲကို ပြောတာပါ။ နိုင်ငံရေး အကျဉ်းသူ ၆၈ ယောက် ရှိတယ်။ စုပြီး စကားဝိုင်းဖွဲ့ကြ၊ နောက်ပြောင်လိုက်ကြ၊ စုပြီး စားလိုက်ကြနဲ့ အသီးအရွက်တွေ မှာပြီး အသုတ်သုတ်စားကြတော့ မကြာပါဘူး၊ အသက်ကြီးပိုင်းတွေကို တိုက်ထဲ ပြန်ပို့လိုက်တယ်။ မျက်စေ့နောက်လို့ ထင်ပါတယ်။ အဲဒီအချိန်က ထောင်ပိုင်က ဦးအုန်းဖေ ဖြစ်ပါတယ်။ သဘောကောင်းပါတယ်။

ထောင်တွင်းတိုက်ပွဲတွေ မရှိတဲ့အချိန်မှာ ပျော်စရာလေးတွေ ကြံဖန်ရှာကြတယ်။ အခြေအနေပေးတဲ့အခါ ညနေဘက်ဆိုရင် အုတ်ခုံတွေပေါ် တက်ပြီး သီချင်းတွေကို တယောက်တလှည့် အပြတ် ဟဲကြတယ်။ စိုင်းထီးဆိုင်ရဲ့“ရာသီပြောင်းချိန်” ဆိုတဲ့သီချင်းလေးဟာ သိတ်လွမ်းဖို့ ကောင်းပါတယ်။ ချိုပြုံးရဲ့“ဘ၀ချင်း ဆုံတွေ့ပါရစေ” ကိုတော့ ညနေတိုင်းဆိုဖြစ် ညည်းဖြစ်ခဲ့ကြတယ်။ တိုက်ကနေထွက်ပြီး အဆောင်ရောက်ချိန်မှာ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လမ်းလျှောက်ခွင့် ရခဲ့တယ်။ အဆောင်ကို သုံးပတ်ပတ်ပြီး ရေချိုးအုတ်ကန်ဘေးမှာ ထိုင်ကြပါတယ်။အင်းလျားကန်ဘေးမှာ ထိုင်နေရသလို သဘောထားပြီး ထိုင်ကြ၊ စကားပြောကြတာပါပဲ။ ဒီလူနဲ့ ဒီလူတွေ သုံး - လေးနှစ်ကြာအောင် ဆွေမျိုးတွေအကြောင်း၊ သူငယ်ချင်းတွေ အကြောင်းပါမကျန် အားလုံးကုန်အောင် ပြောထားပြီးကြပြီဆိုတော့ စကားတွေလည်း အပ်ကြောင်းထပ်လာတယ်။ တခွန်း နှစ်ခွန်း နားထောင်လိုက်တာနဲ့ ဘာ ဆက်ပြောမယ်ဆိုတာတောင် သိလာတယ်။

မာလာကြည်က ပြင်သစ်လို သင်ပေးလို့ တခွန်း နှစ်ခွန်း သိခဲ့ရတယ်။ မက်စီဆိုတာ ကျေးဇူးတင်တယ်။ သုံးဖူးခဲ့တဲ့ မက်စီရေမွှေးရဲ့အဓိပ္ပါယ်ကို အဲဒီတော့မှပဲ သိရတော့တယ်။ တိုက်ထဲမှာ မနီတာ (ဘီဘီစီ ဒေါ်ယဉ်မေ) က ၁၇ (၁) ပုဒ်မနဲ့ ထောင်ကျနေတဲ့ ပိစိ(အေးအေးစန်း)၊ နုနု၊ စန္ဒာ၊ ကြီးမော် ညီမတွေကို ဖိုးဝသနပ်ခါးခဲသုံးပြီး အင်္ဂလိပ်စကားနဲ့ စာသင်ပေးနေပါတယ်။ ဒေါက်တာတိုးတိုးတင်၊ စောမြတ်မာ၊ ဒေါက်တာအေးအေးချိုတို့ ၅ (ည) တသိုက်ကတော့ တချောင်းထိုးဇာတွေ ထိုးရင်း ရောက်တတ်ရာရာလေးတွေ ပြောတတ်ကြတယ်။

“ရဲဘက် ဒို့ဟာ ရဲဘက်၊ မင်းဟာ ထောင်ပြောင်းလေးပေါ့ အချစ်ရယ်၊ ထောင်ပြောင်းလေးပေါ့ အချစ်ရယ်၊ ဟုတ်ရဲ့လား၊ ဟုတ်ရဲ့လား၊”

အိပ်ယာထဲမှာ လှဲနေရင်း ရေခွက်တီးသံ သီချင်းသံကြောင့် အဆောင်အပေါ်ထပ် ဘေးဝရံတာကနေ ထွက်ကြည့်မိတယ်။

“အန်တီနွယ် ဆင်းလာလေ”

မိဇာက လှမ်းပြောတယ်။ မိလ္လာချောင်အပြင်ဘက်မှာ ကောင်မလေးတွေ တွန့်လိမ်ကောက်ကွေးပြီး က နေတာကို မြင်ရတာ တဒင်္ဂ စိတ်ပျော်စရာ ပါ။ အ၀တ်အစား မရှိသလောက် ရှားလွန်းလို့ အောက်ခံဘောင်းဘီတွေပဲ ၀တ်ပြီး ကနေကြတယ်။ ထောင်ထဲမှာ နေ့စဉ် ကြုံနေရတဲ့ စိတ်ပျက်စရာတွေ ကြားထဲမှာ ကြံဖန်ပြီး စိတ်ပျော်အောင် နေကြတာပါ။ သူတို့က (၃၀ ဒီ) ပုဒ်မ၊ အချိန်မတော် လမ်းထွက်မှုနဲ့ ထောင်ထဲ ရောက်လာကြတာ လေ။ ပြည့်တန်ဆာမလေးတွေ ပေါ့။

မကြာခင်မှာပဲ ထမင်းဝေ တာဝန်ကျတဲ့ တကျွန်း ဋ္ဌေးဋ္ဌေးဝင်းကို တွေ့ရတယ်။ သူက နေ့လည်စာ အချိန်နီးတာမို့ မိတ်ကပ်အပြည့်၊ နှုတ်ခမ်းနီရဲရဲ၊ ရွှေရောင် ဘီဘဲဖုလုံခြည်နဲ့ လှလှပပ ပြင်ထားတယ်။ သူကလည်း အားကျမခံ ထမင်းကော် ယောင်းမကြီးကိုင်ပြီး သီချင်းဆိုနေတယ်။ “တန်းစီဟေ့ စီဟေ့၊ မနက်မိုးလင်းရင် တန်းကို စီလို့ ဘာယာတန်းစီးဟောက်လို့နေ၊ ဟဲ့ကောင်မတွေ ငြိမ်ငြိမ် နေ၊ ဟင်းနုနွယ်တွေ ဓါးနဲ့ ခုတ်၊ ဒယ်အိုးကြီးနဲ့ ထည့်လို့ ပြုတ်” ဆိုလည်း ဆို ဒိုးဒိုးဒန့်ဒန့်လည်း ကနေတော့ ကျမလည်း မနေနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောမိပါတော့တယ်။ ကျမဘေးမှာထိုင်နေတဲ့ ၁၄ နှစ်သမီး ကရင်မလေး မနော်စီကလည်း သူ့ပေါင်ရင်းက အနာလုံးကြီးကို လက်နဲ့ဖိပြီး ရယ်နေပါတော့တယ်။ ကာလသားရောဂါပိုးကြောင့် ပြည်တည်၊ လောက်ထွက်နေတာမို့ ကျမတို့ ၀ိုင်းဝန်း ဆေးကုပေးနေလို့ သက်သာနေချိန် ပါ။

ကျမ ထောင်ထဲ ရောက်စတုန်းက တိုက်ထဲမှာ ရှိနေတုန်း မိလ္လာသမားတွေကတဆင့် ပို့ပေးလိုက်တဲ့ ပေါင်မုန့်နဲ့ငပိကြော်ကို သတိရမိသလို ဒေါ်ခင်ရီရဲ့ ပဲပင်ပေါက်လေးတွေဖောက်ပြီး အချဉ်တည်ကြွေးတာလေးလည်း မေ့မရပါ။ သာယာဝတီ ဒေါ်စန်းစန်းနွဲ့နဲ့ ဒေါ်မြင့်မြင့်ခင်တို့ရဲ့ ပေါင်မုန့်နို့ဆီဆမ်းကို ကျမငတ်ငတ်နဲ့ တလုံး ကုန်အောင် စားခဲ့တာ အခု ပြန် တွေးကြည့်တော့ ဟုတ်မှဟုတ်ရဲ့လားလို့တောင် ထင်မိပါတယ်။

အဖွားကြည်၊ အဖွားဒေါ်ခင်ရီတို့ကတော့ သတ္တိခဲ နိုင်ငံရေးမိခင်ကြီးတွေပီပီ ဖြတ်သန်းခဲ့ကြတဲ့ အတွေ့အကြုံတွေကို ပြောပြတာ အားကျ အတုယူ လေးစားမိပါတယ်။ စိတ်ဓာတ်တွေကလည်း မာကျောလိုက်ကြတာ မိန်းမသားတွေမှ ဟုတ်ရဲ့လား ထင်မိပါတယ်။

အဖွားဒေါ်ခင်ရီရဲ့သတ္တိနဲ့ ပတ်သက်လို့ ပြောရအုံးမယ်။ သူ့အမျိုးသား ဗိုလ်စက်ရောင်၊ သမီးဖြစ်တဲ့ မခင်နှင်းရီတို့ကလည်း အဖွားနဲ့အတူ အင်းစိန်ထောင်ထဲ ရောက်နေတယ်။ ၁၉၉၀ မတ်လ ၇ ရက်နေ့မှာ ဗိုလ်စက်ရောင် ဆုံးသွားတယ်။ ၁ ရက်နေ့တုန်းက ထောင်ဝင်စာတွေ့တဲ့နေရာမှာ ကျမ ဘဘဗိုလ်စက်ရောင်နဲ့ စကားနည်းနည်း ပြောဖြစ်လိုက်သေးတယ်။ ဘဘကို ကိုယ်ရေပြားရောဂါသည်တွေထားတဲ့အဆောင်ကို ပို့လိုက်တယ်။ ထောင်ထဲမှာ ဆန္ဒပြဖို့ ကြံစည်တယ်ဆိုပြီး သတင်းရလို့ အဲဒီအရူးတွေ ပါရှိတဲ့နေရာကို ပို့လိုက်တယ်။ ဒါကြောင့် အရူးတွေက တညလုံး အော်၊ အနံ့တွေကလည်း နံနဲ့ ဘဘက နှလုံးရောဂါသည်ဆိုတော့ အဲဒီဒဏ်ကို ဘယ် ခံနိုင်မလဲ။

ဘဘ ဆုံးသွားပြီဆိုတဲ့သတင်းတွေ ဆက်တိုက်ကြားရတယ်။ ၈ ရက်နေ့မှာ အဖွားဒေါ်ခင်ရီ၊ သမီးမခင်နှင်းရီ တို့ကို ခေါ်ထုတ်သွားတယ်။ ထောင်ဗူးဝ ရောက်နေတဲ့ ဘဘအလောင်းကို ခေါ်ပြတယ်။ ဒေါ်ခင်ရီက ဘဘရဲ့အလောင်းကို စိုက်ကြည့်ပြီး ရဲဘော်တယောက် ကျဆုံးသွားပါလားလို့ ပြောတယ်။ လှည့်ပြန်လာတယ် တဲ့။ အဆောင်ရောက်တော့လည်း လုံးဝ မငိုဘူး။

အဖွားဒေါ်ခင်ရီက အစားအသောက်လည်း ဖြစ်သလို စားတာပဲ။ ဆီးချိုကြောင့် တကိုယ်လုံး အနာတွေ ပေါက်လာတယ်။ ပူလွန်းတဲ့ နွေရာသီမှာ ဘယ်လောက် ခံစားရခက်ပါစေ၊ ညည်းညူသံကို တခါမှ မကြားမိပါဘူး။ ပြန်ချင်တယ်လို့လည်း ပြောသံ မကြားဘူး။ ကျမနဲ့တော့ ဆီနဲ့ ရေ ပဲ၊ ကျမကတော့ အိမ်ပြန်ချင်လိုက်တာလို့ မပြောတဲ့နေ့ တရက်မှ မရှိပါဘူး။

ကျမတို့ နာမည်လေးတွေနဲ့ ပတ်သက်လို့ ပြောရအုံးမယ်။ ဒေါ်ခင်မြင့်မြင့် (အဖွဲ့ချုပ်) က သိပ် ပျော်တတ်တယ်။ နာမည်ပေးလည်း ကောင်းတယ်။ ကျမကို အစားရူး၊ စန္ဒာလင်းကို အကရူး၊ မိုမိုးကို အဆိုရူး စသည်ဖြင့် ပေါ့။ ကျမက ဘဲသားဟင်း သိပ် ကြိုက်တယ်။ ထောင်မကျခင်တုန်းကဆို ဗဟန်းမြို့နယ်ထဲက အဒေါ်ကြီးထမင်း ဆိုင်မှာ နေ့တိုင်း ဘဲသားဟင်း ၀ယ်စားတယ်။ တနေ့တော့ အင်းစိန်ထောင် ၇ ဆောင် အပေါ်ထပ်မှာ ပန်းအလှပြင်နေရင်းနဲ့ အပြင်ဘက်ကို ကြည့်လိုက်တော့ လယ်ကွင်းထဲက ဘဲတအုပ်ကို လှမ်းတွေ့ရတယ်။ ဒါနဲ့ ကျမလည်း “ဘဲလေးတွေရယ်၊ နင်တို့ကို စားချင်လိုက်တာဟယ်” လို့ ပြောမိပါတယ်။ မှားပါတယ်ရှင်။ အားလုံး ၀ိုင်းလှောင်ပြီး ရယ်လိုက်ကြတာ။

ကျမ စိတ်ညစ်ညစ်နဲ့ ပြူတင်းပေါက်နားမှာ ထိုင်နေတုံး ဆူညံတဲ့အသံကြားလို့ လှမ်းကြည့်လိုက်တော့ ၃၀ ဒီ (30D) ကောင်မလေးတွေအုပ်စုပါ တယောက်က “မိ မဆုံးမ ဖ မဆုံးမ၊ ဓာတ်တိုင်သေးပန်း အီးပါ ဖုံထ ကောင်မ၊ ငါ့ ဘရာစီယာ ပြန်ပေး” တဲ့။ နောက်ကောင်မလေးတယောက်က “ဟဲ့ ကောင်မ၊ ဖွတ်ထွက်မှ ဇရပ်မှန်းသိ၊ ကြေး မရတဲ့ ကောင်မကများ ငါ့ကို စော်စော်ကားကား” ဆိုပြီး နပမ်းသတ်ကြပါလေရော။ တန်းစီးဒေါ်ကျီးကန်း ပြေးသွားပြီး လူစုခွဲလိုက်ရပါတယ်။ ကျမလည်း သူတို့ပြောတဲ့ စကားမျိုးတွေကို တခါမှ မကြားဘူးတော့ အထူးအဆန်း ဖြစ်နေတာပေါ့။

မြန်မာပြည်မှာ ပြည့်တန်ဆာမိန်းခလေးတွေရဲ့ဘ၀ဟာ အလွန် သနားစရာ ကောင်းလှပါတယ်။ အိမ်နဲ့ ယာနဲ့ မိဘနဲ့ နေရတဲ့ ကလေးတွေက နည်းပါတယ်။ မိဘ စွန့်ပစ်ခံရတဲ့ မိန်းကလေးတွေ ပါ။ ဒီလိုဘ၀မျိုး ဖြစ်သွားပြီး အိမ် မပြန်ရဲကြတဲ့ မိန်းကလေးတွေ။ ပြီးတော့ ရပ်ကွက်ထဲက လူမိုက်တွေက ခိုင်းစားလို့ ထွက်ပြေးပြီး လမ်းပေါ် ရောက်ကြတာ နည်းမျိုးစုံပါ ပဲ။

သူတို့ ပြောပြတဲ့ ဘ၀တွေဟာ အလွန် ကြေကွဲစရာ ကောင်းလှပါတယ်။ လမ်းပေါ်မှာ ကြုံသလို နေကြရတော့ လမ်းပေါ်မှာ ည ပြည်သူ့ရဲတွေ၊ လူဆိုးလူမိုက်တွေ၊ သူခိုးတွေဟာ သူတို့နဲ့တွေ့ရင် ပိုက်ဆံတောင်း၊ မိုက်ကြေးခွဲကြပါတယ်။ မပေးနိုင်ရင် အလိုမတူဘဲ အအိပ်ခံကြရပါတယ်။ သူတို့မှာ ငြင်းပယ်နိုင်တဲ့ စွမ်းအားလည်း မရှိရှာကြပါဘူး။ သူတို့ ငြင်းလိုက်ရင် ဒီ နယ်မြေ၊ ဒီ ရပ်ကွက်မှာ လုပ်ကိုင်စားလို့ မရကြတော့ဘူး။ အဆိုးဆုံးနေရာကတော့ ရန်ကုန်ဘူတာကြီးပါပဲ တဲ့။ အဲဒီနေရာက နယ်က လူစုံလာကြတာဆိုတော့ ငွေရှာရတာ လွယ်ကူကြပါတယ်။ သမ္မတရုပ်ရှင်ရုံလည်း နီးတော့ အဆင်ပြေကြပါတယ် တဲ့။ ဒါပေမယ့် ဘူတာကြီးမှာ ကြီးစိုးတဲ့ လူဆိုး လူမိုက်တွေက သူတို့အလိုရှိတဲ့အချိန်မှာ အတင်း ခေါ်ကြတယ် တဲ့၊ ရထားတွဲ အလွတ်တွေနဲ့ သံလမ်း အမှောင်နေရာတွေမှာ စော်ကားကြတယ် တဲ့။ အနိုင်ကျင့်မှုမျိုးစုံကိုလည်း ခံကြရပါတယ်လို့ ပြောပြကြတယ်။ သူတို့ကို ကာကွယ်ပေးမယ့်လူလည်း မရှိကြဘူး မဟုတ်လား၊ သနားပါတယ်။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - May 3 2012 04:09 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005