အတိတ်မှ အရိပ်များ (၁၉)

အောက်ထပ်မှာက ကိုယ်ဝန်ဆောင်၊ ကလေးအမေတွေ၊ လူနာတွေကို ထားပါတယ်။ အခန်း ခပ်သေးသေးတခန်းမှာတော့ ဆေးခန်း ဖွင့်ထားပါတယ်။

၇ ဆောင်မှာတော့ အပေါ်ထပ်မှာ ဇာထိုး ပန်းထိုး ဆေးလိပ်အလုပ်ရုံ ရှိပါတယ်။ နိုင်ငံရေးသမားတွေက ဇာထိုးကြတာ များပါတယ်။ အကျဉ်းဦးစီးဌာနက ဧည့်ခန်းက ဆိုဖာတွေပေါ် တင်တဲ့ ဇာတွေ ပါ။ ပန်းကတော့ နှင်းဆီပန်းပုံနဲ့ အခြား ပန်းပုံစံမျိုး ပိတ်စနဲ့လုပ်ပြီး ပန်းအိုး အလှဆင်တာတွေလည်း ရောင်းပါတယ်။ ဆေးလိပ်ကတော့ “အကစ” တံဆိပ်နဲ့ လိပ်တာပါ။ ထောင်ထဲမှာ မကျင်လှ (နွားတံဆိပ်) ဆေးလိပ် ရောင်းလေ့ ရှိပါတယ်။ အကျဉ်းသားတွေရဲ့လုပ်အားကို ခေါင်းပုံဖြတ်တာ ပေါ့လေ။ အောက်ထပ်မှာတော့ စက်ချုပ်တဲ့လုပ်ငန်း ရှိပါတယ်။ ထောင်ဝတ်စုံ အဖြူရောင်တွေကို ချုပ်ရတာ ပါ။ နှစ်ကြီးသမားတွေ ချုပ်တာ များပါတယ်။ လျှော့ရက်ရပြီး အချိန်ကုန်တာ မသိတော့ စိတ်ပြေလက်ပျောက် ချုပ်ကြပါတယ်။

ဘေးမှာ အဆောင် ၂ ခန်း ရှိပါတယ်။ တခန်းကတော့ ဆန်တွေ ထားပါတယ်။ ထောင်မှာ ချက်ကျွေးတဲ့ ဆန်တွေ ပါ။ တခြားအခန်းမှာတော့ “သာတီး ဒီ” (၃၀ ဃ) ပုဒ်မ၊ အများအားဖြင့် ပြည့်တန်ဆာ မိန်းကလေးတွေကို ထားပါတယ်။ တချို့လည်း ၈ ဆောင် အောက်ထပ်မှာ ထားတာ တွေ့ရတယ်။

ကျမကို ထောင်ဝင်စာရင်း မှတ်တော့ ကျမ ထောင်နံပါတ်က “၄၀၁၁ စီ” ပါ။ အိမ်လိပ်စာ မေးပါတယ်။ ကျမဘေးက ကောင်မလေးသုံးယောက်ကိုလည်း လိပ်စာ မေးတော့ သူတို့အားလုံးက “ကျမနံမည် အေးသီတာ၊ အိမ်နံပါတ် မရှိ၊ လမ်း မရှိ၊ ကီလီဗောတံတား” လို့ ပြောကြပါတယ်။ ကျမက တခါမှ မကြားဘူးတော့ ထူးဆန်းနေတာ ပေါ့။ နောင်မှ သိရတာက ကလေးမလေးတွေက လမ်းပေါ်မှာပဲ နေကြရတဲ့ ကလေးတွေ ဖြစ်နေကြတာကိုး။

နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁၂၄ နဲ့ သင်္ကန်းကျွန်းက ခေါင်းဖြတ်သတ်မှုနဲ့ ခင်စန်းရီ၊ ဒလမှာနေတဲ့ မတာနဲ့ နောက်တယောက် နံမည်တောင် မမှတ်မိတော့ဘူး။ သူတို့လည်း အောက်ထပ်မှာပဲ နေကြပါတယ်။

မကြာခင်မှာပဲ ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ဒေါ်ယဉ်ယဉ်မေ (မနီတာ) အခု ဘီဘီစီ (BBC) အသံလွှင့်ဌာနမှာ ပါ။ နောက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကိုကျော်မြနဲ့ ဇနီး မခင်မာလည်း ရောက်လာပါတယ်။ သူတို့မှာလည်း ကိုယ်ဝန်တွေနဲ့ ပါ။ ကျမတို့မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မရှိပါဘူး။ ထောင်ထဲမှာ ဆေးခန်းတော့ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်လို့တော့ စောင့်ရှောက်ကုသမှု လုံးဝ မရှိပါဘူး။

ကျမလည်း မနက်ပိုင်းမှာ အလုပ်ပြီးသွားပြီး နေ့လည်ပိုင်းမှာ ဆိုရင်တော့ အဆောင် ၇ ရဲ့အနောက်ဖက်က ဆန်ရွေးတဲ့အဆောင်မှာ မခင်စန်းဆိုတဲ့ အမျိုးသမီး၊ သူက မြောက်ဥက္ကလာပက ဆေးမှုနဲ့ ထောင် ငါးနှစ်ကျနေတဲ့သူ ပါ။ သူနဲ့ ရင်းနှီး ခင်မင်ခဲ့ပါတယ်။ သူက ဘုတ်ကိုင် လေ။

နေ့လည်ဆိုရင် ယောင်္ကျားလေးဆောင်က လူ နှစ်ဆယ်လောက်က ဆန်အိတ်တွေကို လာ ထမ်းပြီး ယူလေ့ရှိပါတယ်။ လာရင် ဆန်ဘုတ်ကိုင်က မခင်စန်းရဲ့ယောက်ျား ကိုဗူးသီး ပေးလိုက်တဲ့ စားစရာဟင်းဖြစ်ဖြစ် ယူလာတတ်ပါတယ်။ နောက်ပိုင်းမှာ ကျမ မခင်စန်းနဲ့ဘဲ ထမင်း အတူစားဖြစ်ပါတယ်။ ကျမကို ၅ ည တွေက အရမ်း ချစ်ခင် သနားကြပါတယ်။ သူတို့ ထောင်ဝင်စာလာရင် ကျမကို ဟင်းတခွက်စီ ပေးလေ့ ရှိပါတယ်။ ကျမကို ကျွေးမွေး စောင့်ရှောက်ကြတဲ့ ကျေးဇူးတွေကို ကျမ ဘယ်တော့မှ မမေ့ပါဘူး။

ဒီနေရာမှာ ကျမ မှတ်မိတာလေးတွေကို ရေးပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမရဲ့ဘ၀မှာ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်နေလို့ပါ ပဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်မြင့်မြင့်ခင်ဟာ ဗဟိုတရားရုံးရှေ့နေတဦးလည်း ဖြစ်ပါတယ်။ သူ့ကို ထောက်လှမ်းရေးက အလွန် အောက်တန်းကျတဲ့နည်းတွေနဲ့ ဒုက္ခတွေ အမျိုးမျိုး ပေးခဲ့ပါတယ်။

ထောင်ထဲက တိုက်မှာ ကျမ ၁၅ ရက် နေခဲ့ရပြီး မျက်မြင် တွေ့ခဲ့ရတာကတော့ ဒေါ်မြင့်မြင့်ခင်ကို ပုဒ်မ (၁၀/က) နဲ့ချုပ်ထားချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကနေ နှုတ်ထွက်ဖို့ ထောက်လှမ်းရေးက အမြဲပဲ ဖိအားတွေ ပေးပြီး ဆွေးနွေးခဲ့ပါတယ်။ ဒေါ်မြင့်မြင့်ခင်ကလည်း ငြင်းမြဲ ငြင်းပါတယ်။

ဒီလိုနဲ့ နှစ်ပတ်လောက်ကြာတော့ ဒေါ်မြင့်မြင့်ခင်ရဲ့တိုက်ပြူတင်းဝမှာ ကြွက်တွင်းတတွင်း ရှိပါတယ်။ အဆောင် ၈/၇ မှာ တညလုံး သုံးတဲ့ ဆီးသွားတဲ့စဥ့်အိုးကြီးကို အရင်ကတော့ အပြင်ဘက်ထုတ်ပြီး စိုက်ခင်းတွေမှာ ဖျန်းပါတယ်။ အခုတော့ အဲဒီ ဆီးအိုးကြီးထဲက ဆီးတွေကို ဒေါ်မြင့်မြင့်ခင်ရဲ့တိုက်ပြူတင်းပေါက်ဝက ကြွက်တွင်းမှာ သွန်ပါတယ်။ ဒီတော့ အဲဒီအနံ့ဆိုးတွေက ဒေါ်မြင့်မြင့်ခင်ရဲ့ တိုက်ခန်းထဲကို စုပြုံဝင်ပြီး လေမ၀င်တဲ့အခန်းထဲမှာ တနေ့ထက်တနေ့ ပိုပြီး နံစော်နေလို့ အိပ်လို့လဲမရ၊ စားလို့မရဖြစ်လာပြီး တလကျော်လောက်မှာ ဒေါ်မြင့်မြင့်ခင်က လက်မှတ်ထိုးပြီးတော့ ထွက်သွားရပါတယ်။ ထောင်အပြင်ကလူတွေကတော့ ဒေါ်မြင့်မြင့်ခင် ဖောက်ပြန်သွားတယ်လို့ ထင်ကြေး ပေးကြတယ်။

နုနုဝင်းဆိုရင် မျက်နှာလေးက အရမ်းလှတယ်။ လှမှာပေါ့၊ သူက ယိုးဒယားနဲ့မြန်မာ ကပြားမလေး။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ လက်မောင်းသွေး ဖောက်သောက်ကြတာ သူတို့ရဲ့အိမ်မှာလို့ သိရပါတယ်။

သူက ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ အမှုတွဲ ပါ။ ပိစိလို့ ခေါ်တဲ့ အေးအေးစန်းအကြောင်းလည်း မပါလို့ မဖြစ်သေးဘူးပါဘူး။ သူက ဖြူဖြူလေး၊ ရုပ်ရှင်မင်းသမီး မေ၀င်းမောင်နဲ့ တပုံစံထဲ ပါ။ ကလေးတွေက ထောင်နဲ့ ဘာမှမဆိုင်တဲ့ ရုပ်ကလးတွေ ပါ။ န၀တခေတ်မှာတော့ ဘယ်သူမှ ချမ်းသာမပေးပါဘူး။ နှင်းသစ္စာနဲ့ စောစန္ဒာနွယ်ကိုလဲ မမေ့ပါဘူး။ အခုတော့ သူတို့လည်း အမေရိကား ရောက်နေပြီ ဖြစ်ပါတယ်။ ကြီးမော်နဲ့ သန်းသန်းဌေးတို့ ညီအမနှစ်ယောက်လည်း ပါတယ်။

ကဗျာဆရာမ ဒေါ်စိမ်းပင်ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်ပြီး အဖမ်းဆီးခံရတာပါ၊ သူက တကယ့်ကို အံ့သြစရာ ရတနာသုံးပါးကို အရမ်း ကြည်ညိုပါတယ်။ သူ့ကြောင့် ရေတံခွန်တောင်ဆရာတော်ဘုရားကြီးရဲ့အကြောင်းတွေ ပြည့်စုံအောင် သိရပြီး ပုတီးတွေလည်း စိပ်ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိပြီး ထောင်ထဲမှာ ဂရုစိုက် ကုသမှု မခံရတာကြောင့် လေဖြတ်ပြီး ဒုကိQတဘ၀ ရောက်နေရှာပါတယ်။ ယဉ်ယဉ်နဲ တိုးတိုးမြင့်တို့နှစ်ယောက်လဲ ချန် ထားလို့ မဖြစ်သေးဘူး။ ယဉ်ယဉ်က ဘယ်ရောက်နေမှန်း မသိပါဘူး။ တိုးတိုးကတော့ အင်္ဂလန်မှာလို့ သိရတယ်။

ကျမ ကိုယ်ဝန်လည်း ရင့်လာပါပြီ။ ဒီလိုနဲ့နေရင်း ထောင်မှူး ဒေါ်အေးအေးသန်းက သူ ကလေးအင်္ကျီလေးတွေ ချုပ်ထားတယ်၊ ကျမ မွေးရင် ပေးမယ်လို့ ပြောပါတယ်။ ကျမကို ခင်စန္ဒာမင်း (ရွှီး) လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ကောင်မလေးက အင်္ဂလန်မှာသူ့ရဲ့မိဘတွေရှိတော့ သူက ကလေးအင်္ကျီ တွေ၊ အနွေးထည်နဲ့ ဦးထုပ်တွေ မှာပေးပါတယ်။ ယောက်ျားထောင်ဖက်ကနေ ကိုကျော်ဝင်း၊ မောင်ပိုင်၊ ကိုဘိုကြည်၊ ကိုသက်အောင်၊ ကိုကြည်လွင်နဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေ စုပေးတဲ့ အနှီးလုပ်ဖို့ ပိတ်စတွေကို ကျမခင်ပွန်းက အတွင်း ထောင်ဝင်စာလာတွေ့ရင်း ပေးခဲ့ပါသေးတယ်။

အတွင်းထောင်ဝင်စာဆိုတာ မိသားစုအချင်းချင်း ထောင်ထဲမှာ တလတခါ တွေ့ခွင့်ပြုတာကို ပြောတာပါ။ ယောက်ျားလေးတွေက အတွင်းအချုပ်မှာ ထိုင်နေရပါတယ်။ ကျမတို့ မိန်းကလေးတွေက အပြင်ဘက်ကို ပတ်ထွက်ပြီး ထောင်ဝင်စာ တွေ့ရပါတယ်။ မုန့်တွေအပြင် ဟင်းတွေပါ အခြားအမှုတွဲတွေကလည်း လူကြုံပါးလေ့ ရှိပါတယ်။

ကျမတို့ကလည်း လူကြုံပါးလိုက်တာတွေကို သယ်လာပြီး သက်ဆိုင်တဲ့လူကို ပေးရပါတယ်။ အချင်းချင်း ကူညီနေကျ ပါ။ အမြဲတမ်း ပေးလေ့ရှိတာကတော့ ကိုဂျင်မီ၊ ကိုတင့်ဆန်း၊ ကိုပြုံးချို၊ ကိုဗသက်အောင်တို့အပြင် အခြားလူတွေလည်း ပါ ပါသေးတယ်။ ထောင်ထဲမှာတော့ တယောက်နဲ့တယောက် အလွန်ပဲ ချစ်ခင် စောင့်ရှောက်ကြပါတယ်။

နောက်တယောက်ကတော့ နန်းဝေရီနဲ့ စောယုနွယ်တို့ ပါ။ သူတိုက ပြည်ပက အဝေးရောက် အမျိုးသား ကျောင်းသားများ အဖွဲ့ (ONSOB) နဲ့ ဆက်သွယ်ပြီး မြေအောက်လုပ်ငန်း လုပ်လို့ ထောင် ငါးနှစ် ကျနေသူတွေ ပါ။ ရုပ်ကလေးတွေက ချောမောပြီး ပညာတတ်ကလေးတွေမို့ နှမြောမိပါတယ်။ ဒီနေရာမှာ ချန်ထားလို့ မရတာက သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်တင်ဆွေနဲ့ ခင်ခင်မြ ပါ။ သူတို့လည်း အာဇာနည်နေ့ ချီတက်ပွဲမှာ အဖမ်းခံရတဲ့သူတွေ ပါ။ ထောင် သုံးနှစ် ကျခံနေရပါတယ်။

နောက်တယောက်က မြောက်ဥကUလာပမြို့နယ်က ဘေဘီ ပါ။ မျက်လုံးအပြာရောင်လေးနဲ့ အလွန် ချစ်စရာ ကောင်းပါတယ်။ နောက် မာလာာကြည် သူက B A, B Ed ပြင်သစ် ဒီပလိုမာ ရပြီးသားပါ။ ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့မှာ တွဲဘက် အတွင်းရေးမှူးတာဝန်ယူပြီး လှုပ်ရှားခဲ့သူ ပါ။ ကုန်သွယ်ရေး လက်နက်သယ်တဲ့ အဖွဲ့မှာ ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံ ကြံဖိုင်းမြို့မှာ တောခိုဖို့သွားရင်းက စာရေးဆရာ ကောလ်ထန်မောရိယယ် (ယခင်က စာရေးဆရာ ပုပ္ပားကိုကိုဇော်) ၊ မသင်းသင်းအောင် (အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB) တို့နဲ့ တွေ့ဆုံပြီး သူ့အမျိုးသား အောင်လင်းဦး (၅၀၂ လေတပ်) နဲ့အတူ မြန်မာပြည် ပြန်လာလို့ လက်နက်မှုနဲ့ ထောင် ဆယ်နှစ် ကျနေတာ ဖြစ်ပါတယ်။ ဖြူဖြူသွယ်သွယ်လေးနဲ့ သူ အရမ်း ခံစားနေရပုံပါ ဘဲ။

ထောင်မှူး ဒေါ်အေးအေးသန်းလက်ထက်မှာ တိုက်ထဲမှာနေရတဲ့ အကျဉ်းသားတွေ နည်းနည်း ချောင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အုန်းကြည် (မြစ်သားမြို့နယ်)၊ ဒေါ်စန်းစန်း (ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်)၊ ဒေါ်ခင်စန်းလှိုင် (၀က်လက်မြို့နယ်)၊ ဒေါ်စန်းစန်းဝင်း (အလုံမြို့နယ်) တို့ရဲ့ထောင်ဝင်စာမှာ ပါလာတတ်တဲ့ ခရမ်းသီးခြောက်ဟင်းကို ကျွေးလေ့ရှိတယ်။ လုပ်ဖော်ကိုင်ဖက်အချို့က ဒေါ်စန်းစန်းကို ချစ်စနိုးနဲ့နောက်ပြောင်ပြီး ပြောကြတယ်။ မြို့နယ် မရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တဲ့။ ဘာကြောင့်လဲဆိုတော့ ဆိပ်ကမ်းမြို့နယ်က လူတွေ ရွှေပြည်သာမြို့သစ်ကို ပြောင်းရလို့ပါ။

စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) က ငြင်းကြခုန်ကြအောင် မေးခွန်းတွေ ထုတ်တတ်တယ်။ မိန်းကလေးတွေ ပျက်စီးတာဟာ ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား ဆိုတာလည်း ပါတယ်။ ငြင်းခုန်လိုက်ကြတာ ကက်ကက်လန်နေတာပဲ။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Apr 25 2012 05:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005