မူဝါဒ၊ ရပ်တည်ချက်နဲ့ ဂတိသစ္စာ

ကြာတော့ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ် ငါးဆယ်ကျော်က ဖြစ်ရပ်တခု ပါ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးတော့ အမြတ်ကြီးစားတွေ တိုက်ထုတ်ပြီး အရင်းရှင်တွေကို တွန်းလှန်မယ်လို့ ပြောကာ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းလိုက်တယ်။ အဲဒီလို ပြည်သူပိုင် သိမ်းလိုက်တော့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေရဲ့ စီးပွားဥစ္စာတွေနဲ့အတူ မြန်မာတိုင်းရင်းသားစစ်စစ်ဖြစ်တဲ့ ကျွန်တော်တို့ အဖိုးအဖွားရဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်၊ အဖေ့မုန့်ဘိုး၊ အမေ့ ချွေးနည်းစာ၊ သူတို့မိတ်ဆွေတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စုပေါင်း တည်ထောင်ထားတဲ့ ကျောက်ပြားစက်ရုံလည်း ပြည်သူပိုင် သိမ်းတဲ့အထဲ ပါသွားတယ်။

အဖိုး၊ အဖွားတွေက ကြွယ်ဝ ချမ်းသာသူတွေဖြစ်လို့ မန္တလေးဈေးချိုထဲက ဆိုင်ခန်းလေး နှစ်ခန်းနဲ့ လက်ထဲက စာချုပ်စာတမ်းတွေ ကျန်ခဲ့ပေမယ့် အမေကတော့ သူ မစားရက် မသောက်ရက် စုဆောင်းထားတဲ့ ချွေးနည်းစာတွေအကုန်လုံး အကြောင်းမဲ့ ဆုံးရှုံးသွားတယ်။ အဲဒီအကြောင်းတွေ စကားစပ်မိလို့ ပြောတိုင်း နောက်ဖေးမီးဖိုချောင်မှာ မီးဖိုတင်ထားတဲ့ ကျောက်ပြားစားပွဲက တလက်မထုလောက်ရှိတဲ့ ကျောက်ပြားကိုပြပြီး “အမေရတဲ့လခလေးကို ခြစ်ခြစ်ချုပ်ချုပ် စုဆောင်းခဲ့သမျှ ဒီ ကျောက်ပြားလေးပဲ အဖတ်တင်ကျန်ခဲ့တာပေါ့၊ သားရယ်“ ဆိုပြီး ပြောပြတယ်။

အဲဒီလိုမျိုး တတိုင်းပြည်လုံးရှိ ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်ပြီး ရတဲ့ပစ္စည်းတွေကို စစ်ဗိုလ်တွေ အချင်းချင်း သူတို့ ဘိုးဘွားပိုင်ပစ္စည်းတွေအလား စိတ်ကြိုက် အမွေခွဲယူကြပြီး နေ့ချင်းညချင်း တိုက်တွေ ခြံတွေ ကားတွေနဲ့ ဖြစ်လာတဲ့အချိန်မှာ ပြည်သူပိုင် အသိမ်းခံလိုက်ရသူတွေကတော့ မျက်ရည်နဲ့ မျက်ခွက်၊ အကုန် ဘ၀ပျက်ကုန်ကြတာပဲ။

မြန်မာတွေဟာ ခန္တီစ၊ သည်းခံခြင်းတရား သိတ် ပြည့်ဝတဲ့ လူမျိုးဖြစ်တယ်။ ကိုယ်က အမှားတစုံတရာ မကျူးလွန်ဘဲ ကိုယ့်ပိုင်ဆိုင်မှုကို အသားလွတ် အသိမ်းခံလိုက်ရတာတောင် ရန်သူမျိုးငါးပါးထဲက ဘေးတခုဖြစ်တဲ့ မင်းဘေးလို့ သုံးသပ်ကြပြီး ကိုယ့်ရဲ့ ငတ်ပြတ်မှုကို ကိုယ့်ဖာသာ ဖြေရှင်းကြတယ်။ ကျွန်တော့် မိဘ၊ ဘိုးဘွားတွေရော၊ သူတို့ရဲ့ မိတ်ဆွေတွေ ရော အဲဒီအတိုင်း ကျင့်သုံးခဲ့တယ်။ အဖေ့ဘက်က ဘိုးဘွားတွေက (အဲဒီအချိန်မှာ အဖေ့ဘက်က အဖိုးကတော့ ဆုံးပါးသွားခဲ့ပါပြီ။) စီးပွားရေးသမားတွေဖြစ်ပြီး အမေ့ဘက်က ဘိုးဘွားတွေက အစိုးရ၀န်ထမ်းဖြစ်နေတော့ သူတို့ဆီက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး၊ အဲဒီအချိန်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထူးထူးထွေထွေ ပြောတာ မကြားမိခဲ့ပါဘူး။

အဖေနဲ့ သူ့သူငယ်ချင်းတွေထဲမှာတော့ စားဝတ်နေရေးအရ ဗိုလ်နေ၀င်းတို့နဲ့ ပေါင်းလိုက်ရသူတွေ ရှိသလို၊ အကြောင်းကြောင်းကြောင့် ဗိုလ်နေ၀င်းနဲ့ မိတ်ဘက်နေကြရသူတွေလည်း ရှိပါတယ်။ အဖေ့ဆရာ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာသာလှကတော့ အမျိုးသမီးငယ်တဦးကို အိမ်ထောင်ပြုတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ရာထူးက အထုတ်ခံလိုက်ရတယ်။ (ဗိုလ်နေ၀င်းအကြောင်း သိသူတွေကတော့ အဲဒီလို ဒေါက်တာသာလှကို စွတ်စွဲတာဟာ ရယ်စရာကိစ္စတခုဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။) အဲဒီအချိန်မှာ ကျွန်တော်ဟာ ကလေးငယ်လေးတဦး ဖြစ်နေပေမယ့် ဘ၀ပေးတဲ့အသိနဲ့ ပထမဆုံးစပြီး သိကျွမ်း နားလည်လာတာကတော့ မူဝါဒ၊ ရပ်တည်ချက်နဲ့ ဂတိသစ္စာရဲ့ အကြောင်း ပဲ။

စစ်တပ်ပဲ ကောင်းစားပြီး ကျန်တဲ့သူတွေ ဒုက္ခရောက်နေတဲ့ ခေတ်၊ စီးပွားရေးအားလုံးကို ပြည်သူပိုင် သိမ်းလိုက်ပြီး စီးပွားရေးသမားတွေကို မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ခေတ်မှာ ဘယ်သူမှ ကိုယ့်လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းတွေကို ပြန် ထူထောင်ဖို့ မစဉ်းစားနိုင်ခဲ့ကြပါဘူး။ စစ်တပ်နဲ့ပေါင်းတဲ့ ခေတ်ပျက်သူဋ္ဌေးတွေတော့ ရှိခဲ့တာပေါ့။ မြန်မာ စီးပွားရေးသမား အများစုလက်ထဲမှာ ကျန်ခဲ့တာက စာချုပ်စာတမ်းတွေ၊ လုပ်ငန်းလုပ်ထားတဲ့ စာရင်းတွေပဲ ရှိတော့တယ်။ အိန္ဒိယနွယ်ဘွားနဲ့ တရုပ်နွယ်ဘွားတွေကတော့ အကုန် ပြည်ပကို ထွက်ပြေးကုန်ကြတယ်။

အဲဒီအချိန်မှာ ဘယ်သူတွေဟာ ဂတိသစ္စာတည်သလဲ၊ ဘယ်သူတွေက ဂတိသစ္စာမဲ့သလဲ ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်လာရတယ်။ စီးပွားရေးလုပ်တဲ့ စာချုပ်စာတမ်းတွေ၊ စာရင်းတွေဟာ တော်လှန်ရေးကောင်စီရဲ့ အမိန့်တွေအရ စက္ကူစုတ်လို အသုံးမကျတော့ဘူး။ (အာဏာဆိုတာ သိတ် ကြောက်စရာကောင်းတယ်ဆိုတာ အဲဒီမှာ နားလည်သွားတယ်။) ဒီတော့ စာချုပ်စာတမ်းအရ ပေးရန် ရှိသူတွေက မပေးဘဲ နေလို့ရတော့သလို အိမ်၊ ခြံ၊ မြေတွေကို လက်ရှိနေထိုင်နေပြီး စာချုပ်စာတမ်းနဲ့ ပေါင်နှံထားသူတွေကလည်း အတိုးတွေ အရင်းတွေ ပေးစရာ မလိုတော့ဘဲ အလိုအလျောက် အကြွေးတွေ ကျေကုန်ပြီ။ အဖွားတို့ဆီတော့ ဘာမှ လုပ်လို့မရတော့တဲ့ လေး၊ ငါး၊ ခြောက်လက်မ ထူတဲ့ စာချုပ်စာတမ်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေကို ရောင်းဖို့ ယူထားသူတွေကလည်း ပြည်သူပိုင် သိမ်းခံရတဲ့အတွက် ပစ္စည်း ပြန် မပေးနိုင်၊ ပစ္စည်းလက်ကျန်ရှိသူကလည်း လာ ပြန်ပေးကာမှ အစိုးရက ထပ်သိမ်းမှာ စိုးရိမ်ရနဲ့ ပြန်ပေးလို့မဖြစ်နဲ့ အတော့်ကို ဒုက္ခရောက်ခဲ့ကြပါတယ်။

ဒီလို ဒုက္ခတွေ ပင်လယ်ဝေနေချိန်မှာ ဂတိသစ္စာတည်သူတွေကတော့ ဘယ်လို အခြေအနေ ရောက်နေပါစေ။ ပေးစရာရှိတာကို ပေးတယ်၊ ယူစရာ ရှိတာကို ယူတယ်၊ လုပ်စရာ ရှိတဲ့အလုပ်တွေကို ဆက်လုပ်ကြတယ်။ သို့သော်လည်း ကြီးပွားချမ်းသာတာကို အကြောင်းပြုပြီး အဖွားတို့ကို လာရောက် တွယ်ကပ် ပေါင်းသင်းသူများကတော့ အဲဒီအချိန်ကတည်းကစပြီး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြတာ ဒီနေ့အထိ ပဲ။ သူတို့ ပြန်မပေးတော့တဲ့ ပိုင်ဆိုင်မှု၊ ပြန်မတောင်းဘဲထားတဲ့ ငွေကြေးတွေကို အရင်းတည်၊ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ခေတ်ပျက်သူဋ္ဌေး ဖြစ်သွားတဲ့အခါ ကိုယ့်အဖွားနဲ့အရီးကို လာပြီး ထီမထင် လုပ်သူတွေလည်း ကြုံခဲ့ရပါတယ်။

အဖေ့မိတ်ဆွေ၊ သူငယ်ချင်းတွေအထဲမှာလည်း ဒီလိုပါပဲ။ တော်လှန်ရေးကောင်စီလက်ထက်မှာ ရာထူးကြီးတွေ ရသွားသူတွေ အများကြီး ရှိခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်တွေထဲက တချို့ကတော့ ကိုယ့်ရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့ကြသလို တချို့ကတော့ မူဝါဒ ပြောင်းသွားခဲ့ပါတယ်။ အဖေကတော့ (တော်လှန်ရေးကောင်စီရဲ့ လုပ်ရပ်ကြောင့် ဖြစ်မယ် ထင်ပါတယ်။) စစ်တပ်ကို လုံးဝ မုန်းတီးသွားတယ်။ ၁၉၆၂ ဆဲဗဲန်းဂျူလိုင်ကိစ္စကို သူ မပြောပေမယ့် သူ ကျေနပ်ပုံ မရဘူး။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လုံးဝ ဆန့်ကျင်တယ်။ အဲဒါ သူ့ မူဝါဒနဲ့ ရပ်တည်ချက်ပဲ။ တသက်လုံး အဲဒီအတိုင်း ရပ်တည်သွားတယ်။

ဒီလို အတွေ့အကြုံတွေနဲ့ ကြီးပြင်းလာတဲ့အခါ ဘယ်နေရာ၊ ဘယ်အခြေအနေကို ရောက်နေနေ၊ ကိုယ့်မူဝါဒ၊ ရပ်တည်ချက်နဲ့ ဂတိသစ္စာအပေါ်မှာ ရပ်တည်သူတွေဟာ ဘယ်တော့မှ အဲဒီအချက်အပေါ်မှာ သစ္စာမဖောက်ဘဲ ခိုင်ခိုင်မာမာ ရပ်တည်တတ်တယ် ဆိုတာကို ဘ၀နဲ့ ရင်းပြီး သိလာခဲ့ရတယ်။ အထူးသဖြင့် လုပ်ငန်းကြီးတွေ လုပ်ကိုင်တဲ့အခါ လူပုဂ္ဂိုလ် တယောက် ပြောတဲ့စကားတခွန်း၊ လုပ်တဲ့ လုပ်ရပ်တခုက သိတ် အရေးပါတယ်ဆိုတာကို လေးလေးနက်နက် နားလည်လိုက်တယ်။

ဒီတော့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဇယား ၄ က ဂတိသစ္စာ ပြုချက် (သို့မဟုတ်) ကျမ်းသစ္စာဆိုချက်ထဲမှာ ပါဝင်တဲ့ ကာကွယ် စောင့်ရှောက် ဆိုတဲ့ စကားရပ်ကို လေးစား လိုက်နာဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့ ပြောတယ်ဆိုတာကလည်း သူတို့ရဲ့ မူဝါဒ၊ ရပ်တည်ချက်နဲ့ ဂတိသစ္စာတွေနဲ့ တိုက်ရိုက် ဆက်စပ်လိမ့်မယ်လို့ ထင်မိပါတယ်။ ရွေးကောက်ပွဲ မ၀င်ခင်တုန်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူတို့ ပြောင်းစေချင်တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အသိပေးခဲ့ပါတယ်။ မြန်မာအစိုးရပိုင်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြင်စေချင်တာကို မသိလိုက် မသိဖာသာနဲ့ လူမသိ၊ သူမသိ ပြင်ပေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဇယား ၄ က ဂတိသစ္စာ ပြုချက် (သို့မဟုတ်) ကျမ်းသစ္စာဆိုချက်ကို ပြောင်းလဲပေးဖို့ တောင်းဆိုမှုဟာ အရေးပါတယ်လို့ ယုံကြည်သက်ဝင်သူတွေ ရှိနေနိုင်သလို အရေးမပါ ပါဘူးလို့ ပြောချင်သူတွေကလည်း ပြောမှာပဲ။ ဒါကတော့ သက်ဆိုင်သူတွေရဲ့ ရပ်တည်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ နိုင်ငံတိုင်းက နိုင်ငံသားတွေနဲ့ အစိုးရတွေဟာ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ကိစ္စဟာ အငြင်းပွားစရာ မရှိဘူး။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဘယ်သူတွေက ဘယ်လို ရေးဆွဲထားတယ်ဆိုတာကတော့ ထည့်သွင်း စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ ဗိုလ်သန်းရွှေ စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲခဲ့တာ ဖြစ်တယ်။ ပြည်သူတွေ သန်းနဲ့ချီ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေချိန်မှာ အတည်ပြုထားတာ ဖြစ်တယ်။ ဒါအချက်ကို လူတိုင်း မသိတောင် အဲဒီလို ဖြစ်ခဲ့တယ်ဆိုတာ သက်သေ အထောက်အထားတွေ ရှိနေတာပဲ။ ဒါ့ကြောင့် အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ကာကွယ် စောင့်ရှောက်ခြင်း မပြုနိုင်ဘူးဆိုတာ သဘာဝကျတဲ့ အချက် ပဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုကို မြန်မာစစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးထားတဲ့ အစိုးရနဲ့ လွှတ်တော်က ပြောင်းမပေးဘဲနေတဲ့အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် မတက်ဘဲ နေမလား၊ ဒါမှမဟုတ် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ကြည့်ပြီး လွှတ်တော် တက်မယ်လို့ ပြောလိုက်မလား လို့ မေးစရာ ရှိတယ်။ အဲဒါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သမိုင်း ပါ။ ကျွန်တော် ကျွန်မတို့ကဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အားကိုး ယုံကြည် လေးစားပါတယ်၊ ဒ့ါကြောင့် ဝေဖန်စရာ ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ ဝေဖန်ပါတယ်ဆိုရင်လည်း ကိုယ့်သဘော ကိုယ် ဆောင်မှာပဲ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုဟာ ရွေးကောက်ပွဲ မ၀င်မီ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ တောင်းဆိုချက် ဖြစ်တယ်၊ ဒါ့ကြောင့် စစ်တပ်အာဏာကို အရင်းတည်ပြီး လက်ရှိအာဏာတွေ ဆက်လက် ရယူထားသူတွေအနေနဲ့ ဒါကို လိုက်လျောသင့်တယ်လို့ စဉ်းစားရင်လည်း ဖြစ်နိုင်ပြန်တာပဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရဲ့ နောက်ဆက်တွဲကို ပြင်ဆင်ပေးခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှူတဲ့ လုပ်ရပ်ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲမှု၊ အတည်ပြုမှုတွေနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်ခဲ့တယ်၊ ဒါကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေရဲ့ ဂုဏ်သရေ ညှိုးနွမ်းနေတယ်။ ပြင်ဆင်လိုက်တာဟာ နိုင်ငံတော် အစိုးရနဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ပိုမို တောက်ပြောင်အောင် လုပ်လိုက်ခြင်း ဖြစ်သလို မြန်မာစစ်တပ်ထွက်ပုဂ္ဂိုလ်တွေဟာ တွေးခေါ်မျှော်မြင်တတ်သူတွေ ဖြစ်တယ်လို့ ဖော်ပြလိုက်ရာလည်း ရောက်တယ်လို့ စဉ်းစားရင်ရော မဖြစ်နိုင်ဘူးလား။ ဒါလည်း ဖြစ်နိုင်တာပဲ။

ဒါမှမဟုတ် ဒို့ရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကတော့ မြန်မာစစ်တပ်လုပ်တာ အကုန်ကောင်းတယ်၊ မြန်မာစစ်ဗိုလ်အဆင့်ဆင့် ပြောသမျှကို ဆင်ခြင်တုံတရား ဘေးဖယ်ထားပြီး လိုက်လုပ်ရမယ်။ မြန်မာစစ်ဗိုလ် စစ်သားဆိုတာ ဦးဏှောက် ရှိစရာ မလိုဘူး၊ အမိန့်နာခံတတ်ဖို့ပဲ လိုတယ်။ ဒို့ရဲ့ ဂတိသစ္စာဟာ စစ်ခေါင်းဆောင်တွေ လုပ်သမျှ လိုက်လုပ်မယ်ဆိုတဲ့ ဂတိသစ္စာဖြစ်တယ်ဆိုရင်လည်း ဖြစ်တာပါ ပဲ။

လူသားအားလုံးဟာ လောကဇာတ်ခုံပေါ်မှာ ကိုယ့်ရာဇ၀င်ကို ကိုယ်တိုင်ရေးပြီး ကိုယ့်ဖာသာကိုယ် ကျင်လည် ကပြနေကြတာပဲ ဖြစ်တဲ့အတွက် လူသားတဦးချင်းရဲ့ ဂုဏ် ကြက်သရေ၊ သိက္ခာ၊ မူဝါဒ၊ ရပ်တည်ချက်နဲ့ ဂတိသစ္စာ ဆိုတာ အဲဒီ လူသားအပေါ်မှာပဲ မူတည်ပါတယ်။
ရှုဒေါင့်အမြင် - မူဝါဒ၊ ရပ်တည်ချက်နဲ့ ဂတိသစ္စာ - Apr 24 2012 09:19 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005